ABC
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း မကောက်မှီ ကျန်ရှိနေတဲ့ အချိန်ကာလအတွင်း တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးနဲ့ ဗဟို သန်းခေါင်စာရင်းကော်မရှင်တို့ တွေ့ဆုံညှိနှိုင်းမှုကို အမြန်ဆုံး ပြုလုပ်ပေးဖို့ တိုင်းရင်းသား အရပ်ဘက်လူ့အဖွဲ့အစည်းတွေက တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြုလုပ်တဲ့ တိုင်းရင်းသားပါတီတွေ၊ တိုင်းရင်းသား အရပ်ဘက်လူ့ အဖွဲ့အစည်းတွေရဲ့ တတိယအကြိမ်မြောက် တွေ့ဆုံ ညှိနှိုင်းပွဲကနေ ဗဟို သန်းခေါင်စာရင်း ကော်မရှင်ကို အခုလို တောင်းဆိုလိုက်တာဖြစ်ပြီး လာမယ့် မတ်လ ၃၀ မှာ ကောက်ခံတော့မယ့် ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ခံမှု စနစ်မှာ လွဲချော်မှုတွေ ရှိနေတဲ့အတွက် အခုလို တောင်းဆိုတာပါ။
တိုင်းရင်းသား အဖွဲ့အစည်းတွေက တောင်းဆိုလိုက်တဲ့ ကိစ္စနဲ့ ပက်သက်ပြီး ကရင်တိုင်းရင်းသား ကိုယ်စားပြု ဆွေးနွေးသူ ဦးစောကျော်စွာက အခုလို ပြောပါတယ်။
“၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာ လောလောဆယ် ဆွဲထားသော အစီအစဉ်များသည် တိုင်းရင်းသား ကိုယ်စားလှယ်များ အမှန်တကယ် တိုင်းရင်းသားကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များနဲ့ တိုင်ပင်နှီးနှောမှုမရှိဘဲနဲ့ နိုင်ငံတော် အစိုးရက လုပ်ဆောင်သွားတာကို တွေ့ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့ ဒီဟာကို ပြန်ပြီးတော့ တောင်းဆိုတင်ပြခြင်းဘဲ ဖြစ်ပါတယ်။”
လက်ရှိ သန်းခေါင်စာရင်းကောက်ယူမယ့် စနစ်မှာ မျိုးနွယ်စု မှားယွင်းတာတွေ ရှိနေသလို သန်းခေါင်စာရင်း မှာပါရှိတဲ့ ဥပဒေအချက်အလက်တွေက လူဝင်မှု ကြီးကြပ်ရေး ဥပဒေနဲ့ ဆန့်ကျင်နေတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ တွေ့ဆုံမှုမှာ တိုင်းရင်းသားတွေရဲ့ မျိုးနွယ်စု ပြဿနာတွေ၊ စိုးရိမ်ပူပန်မှုတွေကို လုံလောက်တဲ့ ဖြေရှင်းမှု ပြုလုပ်ပြီးမှ ကောက်ယူဖို့နဲ့ သန်းခေါင်စာရင်းကောက်ယူဖို့ အစိုးရက သတ်မှတ်ထားတဲ့ ဝန်ထမ်းတွေထဲမှာ ဒေသခံ တိုင်းရင်းသားလူ့အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ ထည့်သွင်းပေးဖို့အပြင် အခုကောက်ယူတော့မယ့် သန်းခေါင်စာရင်း ရလဒ် အပေါ်မူတည်ပြီး တိုင်းရင်းသား မျိုးနွယ်စု အရေအတွက်ကို မသတ်မှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
အခုလို တိုင်းရင်းသားအဖွဲ့အစည်းတွေက ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းနဲ့ စပ်လျဉ်းပြီး ကန့်ကွက် တောင်းဆိုမှု တွေရှိနေပေမယ့်လည်း ဗဟို သန်းခေါင်စာရင်း ကော်မရှင်အနေနဲ့တော့ တိုင်းရင်းသားလူမျိုးစု မှားယွင်းမှုတွေအပေါ် နောက်ထပ်မံ ကောက်ခံမယ့် ၁၀ စုနှစ်ကာလမှ ပြင်ဆင်ဖို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောဆိုခဲ့တဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် စူးရှက သတင်းပေးပို့ထားပါတယ်။

No comments:
Post a Comment