ဖြိုး
သံအမတ်များ ရန်ပုံငွေ (The Ambassadors Fund for Cultural PreservationAFCP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မန္တလေးရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းကို ဖေဖော်ဝါရီ ၁၄ရက် မွန်းလွဲ ၃ နာရီအချိန်က ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေနှင့် အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
"ကျောင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ နိုင်ငံအတွက် အရေးကြီးတဲ့ ပြယုဒ်တစ်ခုပါပဲ" ဟု အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က ဆိုသည်။
အဆိုပါ စီမံကိန်းသည် နိုင်ငံခြားပညာရှင်များ ပူးပေါင်းပါဝင်ထားသည့် အမေရိကန်၏ ပထမဆုံးသော ပြုပြင်ဆောင်ရွက်မှု ဖြစ်ပြီး အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ သံတမန်ရေးရာအရ အလွန်အရေးပါသော မှတ်တိုင်တစ်ခုပင် ဖြစ်သည်ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီးဦးသန်းဆွေက ဆိုသည်။
"ပေးထားတဲ့အချိန်နဲ့ ပေးထားတဲ့ ရန်ပုံငွေကို အင်ပြည့်အားပြည့် အသုံးပြုမယ်ဆိုရင် ဆယ်လအတွင်း ဒီစီမံကိန်းကိုအကောင်အထည်ဖော်နိုင်ပါတယ်၊ ဒါပေမဲ့ အဆောက်အဦးတစ်ခုကို ဆောက်ပြီးတာနဲ့ ပစ်ထားမှာလား။ ပုပြင်ထိန်းသိမ်းဖို့ အတွက် ဖြည်းဖြည်းချင်းပဲ အချိန်ယူချင်ပါတယ်" ဟု အဆိုပါစီမံကိန်းကို တာဝန်ယူဆောင်ရွက်မည့် ပရောဂျက်ဒါရိုက်တာ Mr. Jeff Allen က ပြောသည်။
၎င်းသည် World Monuments Fund အဖွဲ့မှ ပညာရှင်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းများကိုမန္တလေးရွှေကျောင်း စီမံကိန်းမတိုင်ခင် အခြားနိုင်ငံများတွင်လည်း ဆောင်ရွက်ခဲ့ဖူးသော တွေ့အကြုံရှိသည့် ပညာရှင်တစ်ဦးဖြစ်သည်ဟု အမေရိကန်သံအမတ်ဒဲရစ်မစ်ချယ်လ်က ပြောသည်။
ကနဦးအနေဖြင့် မန္တလေးရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းကို ရွှေကျောင်း၏ ပုံစံတူကို လေဆာစကန်နာဖြင့် ဖတ်ကာ ပြုပြင်ထိန်းသိမ်းရမည့် ဇစ်မြစ်များကို ရှာဖွေသွားမည်ဖြစ်ပြီး ၎င်းအနေဖြင့် ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းနည်းများနှင့် အတူ နည်းပညာအသစ်များဖြင့်လည်း ပြုပြင်ထိန်းသိမ်းသွားမည်ဟု Mr. Jeff Allen ကဆိုသည်။
No comments:
Post a Comment