မေကျော်
ချင်းမိုင် (မဇ္ဈိမ)။ ။ နယ်ခြား စောင့်တပ် အဖြစ် အသွင် ပြောင်းကာ တိုင်းပြည်တွင် တခုတည်းသော တပ်မတော် အဖြစ် မြန်မာ စစ် တပ်နှင့် ပူးပေါင်း ရေးအတွက် ကချင် လူထုထံ သဘော ထား ရယူရန် လိုအပ် သည်ဟု ကချင် လွတ်မြောက်ရေး အဖွဲ့ - KIO က ပြောဆို သည်။
မြန်မာစစ်အစိုးရ၏ ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ကမ်းလှမ်းချက်အပေါ် ကချင်ပြည်နယ် အသွင်ကူးပြောင်းရေး ကာလ အမှုဆောင် ဥက္ကဋ္ဌ၊ KIO ၏ ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာ တူးဂျာက ယခုလို တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
ယခုအခါ အဆိုပါ နယ်ခြားစောင့်တပ် အရေးကိစ္စအတွက် KIO အနေဖြင့် ဗဟိုကော်မတီ အစည်းအဝေး ကျင်းပကာ ဆွေးနွေးညှိနှိုင်းလျက် ရှိကြောင်းလည်း သိရသည်။
KIO ၏ သဘောထားအမြင်များကို အသေးစိတ် သိရှိနိုင်ရန်အတွက် ဒေါက်တာ တူးဂျာထံ မဇ္ဈိမသတင်းထောက် မေကျော်က ဆက်သွယ်မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
KIO က နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းဖို့ ပြင်ဆင်နေပြီလား။
သူတို့ (စစ်အစိုးရ) က ပြောတာပါ။ ကျနော်တို့ KIO အနေနဲ့ကတော့ ဆွေးနွေးရအုံးမယ်လေ။ KIO ခေါင်းဆောင်တွေ၊ ရပ်မိရပ်ဖတွေ အားလုံး အကျေအလည် ဆွေးနွေးပြီးတော့မှ ဒီကိစ္စကို ဆုံးဖြတ်ရမှာပါ။
ဘယ်အချိန်ကများ စပြီး စစ်အစိုးရက ပြောနေတာပါလဲ။
ပြီးခဲ့တဲ့ ဧပြီလ ၂၈ရက်နေ့မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးဝင်းက KIO အဖွဲ့ချုပ် ဥက္ကဋ္ဌနဲ့ အဖွဲ့ကို ဖိတ်ခေါ်ပြီတော့မှ ဆွေးနွေးတယ်။ အဲဒီဆွေးနွေးပွဲမှာ အစိုးရက စီစဉ်ထားတဲ့ဟာကို ခေါ်ပြောတယ်။ ဒီဟာကို ရှင်းပြတယ်။ အဲဒီလို ၂၈ ရက်နေ့က တိုင်းမှူးက သူတို့ဘက်က စီစဉ်ထားတဲ့ဟာကို ရှင်းပြတယ်။ KIO ဥက္ကဋ္ဌနဲ့ အဖွဲ့က ဘာသဘောထား မှတ်ချက်မှ တိုင်းမှူးကို မပြောခဲ့နိုင်ဘူးလေ။ အဲဒီနေ့ အစည်းအဝေးက အဲလိုနဲ့ ပြီးသွားတာပေါ့။ အဲဒီနောက်ပိုင်းမှာ KIO အဖွဲ့ကြီးက ဗဟိုကော်မတီ လူကြီးတွေကို အစည်းအဝေး ခေါ်ပြီးတော့မှ ဘယ်လို လုပ်ကိုင်ဆောင်ရွက်မလဲဆိုတာကို အကျေအလည် ညှိနှိုင်းဖို့ ပြင်ဆင်နေကြပါတယ်။ အခု ဗဟိုကော်မတီ စည်းဝေးပွဲ ထိုင်နေပါတယ်။
အခု ဗဟိုကော်မတီ အစည်းအဝေးက ဘာကို အဓိကထား ဆွေးနွေးနေတာပါလဲ။
အဓိက ကတော့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေး ကိစ္စကို ဆွေးနွေးနေပါတယ်။
နယ်ခြားစောင့်တပ်များ လုပ်ဖြစ်မယ်ဆိုရင် လက်ရှိ KIO တပ်အင်အားနဲ့ရော အဆင်ပြေမလား။
ဒီဟာကတော့ တပ်အင်အားကို ဘယ်လိုဘယ်လို ကန့်သတ်တယ်ဆိုတာကို ဘာမှ မပြောသေးဘူး။ တကယ် လုပ်ဖြစ်သွားရင်တောင်မှ အချင်းချင်း အကျေအလည် ညှိနှိုင်းပြီးတော့မှ ဒါ လက်တွေ့ လုပ်ဆောင်သွားရမယ့် ဟာလေ။ တပ်အသွင်ကူးပြောင်းရေး တကယ်လို့သာ သဘောတူသွားကြပြီ ဆိုရင်တော့ လက်တွေ့ လုပ်ဆောင်ဖို့ အပြန်အလှန်တော့ ညှိနှိုင်းဖို့တော့ လိုအပ်အုံးမယ်လို့တော့ KIO လူကြီးတွေက သုံးသပ်ကြပါတယ်။
နယ်ခြားစောင့် တပ်အဖြစ် အသွင်ကူးပြောင်းဖို့ ဖြေရှင်းရမယ့် အခက်အခဲတွေ ရှိပါသလား။
အခုချိန်အခါမှာတော့ အစိုးရနဲ့ အဖွဲ့အစည်းကြား ဆွေးနွေးရမယ့် အလှည့်အပြောင်း၊ အချိုးအကွေ့တခုတော့ ရောက်နေတယ်လို့တော့ ပြောလို့ရတယ်လေ။ လက်တွေ့ကျကျ လုပ်ဆောင်နိုင်ဖို့ကတော့ အများကြီး အချိန်ယူပြီးမှ ညှိနှိုင်းဆွေးနွေးပြီးတော့မှ လုပ်ကိုင်ကြရမှာ ဖြစ်တယ်။ ဆွေးနွေးချင်တဲ့ ဆန္ဒ ကျနော်တို့ဘက်မှာ ရှိပါတယ်။ KIO က ကိုယ့်အမျိုးသားအတွက်၊ ကိုယ့်ဒေသအတွက် အနစ်နာခံ လုပ်ဆောင်လာခဲ့တဲ့ အဖွဲ့ပဲလေ။ ဒီကိစ္စကို အသေးအမွှား သဘောမထားဘဲနဲ့ အရေးကြီးတဲ့ ကိစ္စဖြစ်တယ်ဆိုတာ လက်တွေ့လုပ်ဆောင်ရမယ့်ဟာ တခုဖြစ်တဲ့အတွက် ညှိနှိုင်းပြီး လုပ်ငန်းကို စရမှာပေါ့လေ။ ဒီကိစ္စက မူအားဖြင့် လက်ခံသင့်တဲ့ အနေအထားလို့တော့ KIO လူကြီးတွေက လက်ခံထားပါတယ်။ ဒါပေမယ့် လက်တွေ့လုပ်ဆောင်ရမယ့် အပိုင်းမှာတော့ အများကြီး ဆွေးနွေးညှိနှိုင်းရမယ်။
နယ်ခြားစောင့် တပ်ဖွဲ့အနေနဲ့ ထားမယ်ဆိုရင် KIO ကို ဘယ်ဒေသတွေမှာ ထားမလဲ။
အတိအကျတော့ မရှိသေးဘူး။ အစိုးရဘက်ကလည်း ပြောတာတော့ မရှိသေးဘူး။ ဒါပေမယ့် နယ်စပ်ဒေသတွေမှာတော့ ဖြစ်မယ်ထင်တယ်။ နိုင်ငံတကာရဲ့ ဥပဒေအရပေါ့။ နယ်ခြားစောင့်တပ်တွေက နယ်စပ်ကနေ ဘယ်လောက်အကွာအဝေးမှာ တပ်ချနိုင်တယ်။ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ အဲဒီအတိုင်း လုပ်ဆောင်သွားကြရန် လိုတယ်။
လက်ရှိ KIO တပ်အင်အားက ဘယ်လောက်များ ရှိပါသလဲ။
အဲဒါတော့ အတိအကျ ပြောလို့မရဘူး။ ကျနော်လည်း အတိအကျ မသိဘူးဗျ။ ကျနော်က တပ်နဲ့ နည်းနည်း ကင်းကွာနေတယ်။
တလောက ဗိုလ်ချုပ်သိန်းစိန် မြစ်ကြီးနား သွားပါတယ်။ အဲဒီကိစ္စများ ဆွေးနွေးကြပါသေးသလား။
ဝန်ကြီးချုပ် ကချင်ပြည်နယ် လာတဲ့ အချိန်မှာ မတွေ့ဖြစ်ပါဘူး။ သူက တခြားလုပ်ငန်းစဉ် အနေနဲ့ လာရောက်တာ ဖြစ်ပါတယ်။
ဒေါက်တာ တူးဂျာအနေနဲ့ ဒီနယ်ခြားစောင့် တပ်ဖွဲ့ အဖြစ်လုပ်ဖြစ်သွားမယ်လို့ ထင်ပါသလား။ ဘယ်လိုများ သုံးသပ်လို့ရပါသလဲ။
အခု အချိန်အခါမှာ တိုင်းပြည်ရဲ့လက်ရှိ အနေအထားအရ အလေးအနက်ထား စဉ်းစားရမယ့် ကိစ္စရပ်တခု ဖြစ်တယ်လို့တော့ ကျနော် မြင်ပါတယ်။ ပေါ့ပေါ့ဆဆတော့ ကျနော်တို့ ကြည့်လို့ မရဘူး။ အလေးအနက်ထား စဉ်းစားပြီးတော့မှ ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲအောင် လုပ်ရမှာပါ။ အသွင်ကူးပြောင်းရေး ကိစ္စကို စဉ်းစားတဲ့ ကိစ္စမှာလည်း အလျှော့အတင်း၊ အပေးအယူနဲ့ တကယ့် ငြိမ်းချမ်းရေးကို အခိုင်အမာ တည်ဆောက်နိုင်တဲ့ အနေအထားမျိုး ဖြစ်လာအောင် တိတိကျကျတော့ ဆောင်ရွက်ရမှာပဲ။ ဒါကြောင့်မို့ ကျနော်တို့ နိုင်ငံရဲ့ အနေအထားအရ KIO တခုထဲသာမက တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးပါ။
အစိုးရရဲ့ အစီအမံမှာကတော့ အသွင်ကူးပြောင်းရေးနဲ့ ဒီပြဿနာတွေ ရှင်းသွားဖို့ဆိုတဲ့ အနေအထားပါ။ ဒါကြောင့်မို့ ဒီလို အခန်းကဏ္ဍမှာ အလေးအနက် စဉ်းစားပြီး အကောင်းဆုံး အဖြေထုတ်သွားနိုင်ဖို့တော့ လိုအပ်ပါတယ်။ တဖက်သတ် မဟုတ်ဘဲနဲ့ နှစ်ဦးနှစ်ဖက် ပွင့်ပွင့်လင်းလင်း၊ ရှင်းရှင်းလင်းလင်း ပူးပေါင်းအဖြေထုတ်နိုင်ရင် ဒါက အကျိုးရှိလာမယ်လို့ မြင်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက နယ်ခြားစောင့်တပ်ဖွဲ့တွေ ဖြစ်လာမယ်ဆိုရင် တကယ်ကို တခုတည်းသော တပ်မတော် ဖြစ်လာမယ်လို့ရော ယုံကြည်လို့ ရမလား။
နယ်ခြားစောင့်တပ် အဖြစ်ပြောင်းလိုက်ပြီ ဆိုကတည်းက အုပ်ချုပ်မှုတခုထဲ အောက်ကို ရောက်သွားပါပြီ။ တပ်မတော် တခုထဲရဲ့ အောက်ကို ရောက်သွားပါပြီ။ တပ်မတော်ရဲ့ အကိုင်းအခက်တခု ဖြစ်သွားမယ်။ ဒါကြောင့်မို့ တိုင်းပြည်မှာ တပ်မတော် တခုထဲရှိတယ်ဆိုတဲ့ သဘောပါပဲ။
KIO အနေနဲ့ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းဖို့၊ မပြောင်းဖို့မှာ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ရော ညှိနှိုင်းမလား၊ ဒါမှမဟုတ် စစ်အစိုးရ တခုထဲနဲ့ပဲ ညှိနှိုင်းမလား။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဆိုတာက ဘဝတူချင်းလည်း ဖြစ်တယ်ဆိုတော့ ဆွေးနွေးနိုင်ရင်တော့ ကောင်းတယ်။ ဒါပေမယ့် အခြေအနေအရပဲ ဖြစ်ပါမယ်။ ဒါကတော့ အခြေအနေအရ ဆွေးနွေးမှုတွေ မလုပ်နိုင်သည့် တိုင်အောင် သဘောထားတွေတော့ ကွဲပြားလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။
ဒီဟာနဲ့ ပတ်သက်လို့ကတော့ အခြေအနေအရပဲ ကျနော်တို့ လုပ်ကြရမှာ။ အဓိက ကတော့ ကိုယ့်အဖွဲ့အစည်းထဲမှာ အကျေအလည် ဆွေးနွေးပြီးတော့ပဲ ကိုယ့်ရဲ့ အမျိုးသားထုနဲ့ လူကြီးပိုင်းကနေပြီးတော့ အကျေအလည် ညှိနှိုင်းဆွေးနွေးပြီးတော့မှ လုပ်ဆောင်ရမှာပါ။
KIO အနေနဲ့ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရေး၊ မကူးပြောင်းရေးမှာ ကချင်လူထုရဲ့ သဘောထား မှတ်ချက်ကိုများ ကောက်ယူအုံးမလား။
ဒီဟာကတော့ လိုအပ်ပါလိမ့်မယ်။ လိုအပ်မှာပါ။ ဘာကြောင့်လဲဆိုတော့ KIO ဆိုတာက ကချင်အမျိုးသားများရဲ့ ကောင်းရာကောင်းကြောင်း လုပ်ဆောင်နေတဲ့ အဖွဲ့၊ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတခု ဖြစ်တယ်။ ကချင်လူထုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းလည်း ဖြစ်တဲ့အတွက် အခုကိစ္စမှာလည်း ကချင်ပြည်သူ ပြည်သားတွေရဲ့ ဆန္ဒလည်း ပါရမှာပေါ့။ KIO ဗဟိုကပဲ ဆုံးဖြတ်ချက်ချလိုက်ရင် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ရမှာမဟုတ်ဘူး။
စစ်တပ်အပေါ်မှာရော ဆရာတို့အနေနဲ့ ယုံကြည်နိုင်ပါသလား။
ဒါကတော့ ကျနော်တို့က ဘာမဆို ညှိနှိုင်းဆွေးနွေးပြီး သွားကြရမှာပဲ။ ကျနော်ကတော့ ဘယ်ဟာမဆို အကောင်းမြင်ပါတယ်။ လုပ်ဆောင်တဲ့ နေရာမှာလည်း အပြုသဘောဆောင်ပါတယ်။ ဘယ်ကိစ္စမဆို၊ ဘယ်အရာမဆို လက်တွေ့ လုပ်ဆောင်ကြည့်မှသာ အဖြေက ထွက်လာမယ်။ ကိုယ့်အမျိုးသားတွေရဲ့ ကောင်းရာကောင်းကြောင်းကို လုပ်တာဆိုတော့ တွေ့ဆုံဆွေးနွေးတဲ့ အပေါ်မှာ အများကြီး ကြိုဆိုပါတယ်။
တွေ့ဆုံဆွေးနွေးမယ်ဆိုတော့ စစ်အစိုးရ ဘယ်သူတွေနဲ့များ တွေ့ဆုံဆွေးနွေးမလဲ။
ကျနော်တို့ဘက်က အဲလိုကန့်သတ်တာတော့ မရှိပါဘူး။ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးဖို့ ဒီလောက်ပါပဲ။ ဘယ်ပုဂ္ဂိုလ် ဘယ်ရာထူးနဲ့မှ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကန့်သတ်ထားပါဘူး။
ကချင်လူထုရဲ့ သဘောထားမှတ်ချက်ကို ဘယ်လို ကောက်ယူဖို့များ စီစဉ်ထားပါသလဲ။
ဒီဟာကတော့ ကျနော်တို့ လက်လှမ်းမီသလောက်သာ လုပ်ဆောင်နိုင်မှာပါ။
No comments:
Post a Comment