Tuesday, August 18, 2009

တန်းညှိခံရတော့မည့် ကစားကွင်းများ


ရက်ပေါင်း ၉ဝ ကြာခဲ့ သည့် ဒေါ်အောင်ဆန်း စုကြည် ၏ အမှု ပြီးဆုံး သွားပြီး ဒီမိုကရေစီ ခေါင်းဆောင် လည်း နေအိမ် အကျယ် ချုပ် ၁၈ လ ကျခံ ရန် အမိန့် ထွက်လာပြီး သည့်နောက် မြန်မာ ပြည်သူများ အတွက် လာမည့် ၁၈ လ အတွင်း သူမ မပါဘဲ ဆက်လုပ် ရမည့် ပြ ဿ နာများ မြောက်မြားစွာ ရှိနေသည်ကို ကနဦး လက်ခံထားရန် လိုပေမည်။

သူမသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးအခင်းမှ ပေါ်ထွက်လာသော ငြင်းဆန်မရသည့် တဦးတည်းသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် နောင်နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေဦးမည်။ တနည်းဆိုရသော် သူမသည် အကျဉ်းစံဘဝဖြင့် သူမ ချစ်မြတ်နိုးသော ပြည်သူများအပေါ် ဆက်လက်ဦးဆောင်နေဦးမည်မှာ သံသယရှိဖွယ် မရှိပေ။

သူမ လွတ်မြောက်လာမှုသည် အနှစ် ၂ဝ ကျော်ကြာ ဖြစ်ပွားခဲ့သည့် လိပ်ခဲတည်းလည်း ပြဿနာများ တမဟုတ်ချင်း ပျောက်ကွယ်သွားလိမ့်မည်ဆိုသည့် စဉ်းစားချက်များမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်ပြီး၊ သူမ၏ အကျဉ်းစံမှုသည် သူမနောက်ကွယ်တွင်ရှိသော သန်းပေါင်းများစွာ လူများအတွက် မျှော်လင့်ချက် မဲ့စေသည်ဆိုသော ယူဆချက်များမှာလည်း လက်တွေ့မကျသည့် အမြင်များ ဖြစ်သည်။

သူမသည် သူမ၏ ဦးဆောင်မှုနောက်သို့ ပြည်သူတရပ်လုံးအား ထပ်ချပ်မကွာ လိုက်ပါစေသည့် ခေါင်းဆောင်တဦး မဟုတ်ပေ။ သူမသည် လူတိုင်းလူတိုင်း ဒီမိုကရေစီရေးအတွက် ပါဝင်လှုပ်ရှားခွင့်ရှိစေရန်၊ ပါဝင်လှုပ်ရှားနိုင်ရန် တောင်းဆိုတိုက်ပွဲဝင်နေသူ ဖြစ်သည်။ ထိုရပ်တည်ချက်ကို သူမအနေနှင့် မည်သည့်နည်းနှင့်မျှ ပြောင်းလဲသွားမည် မဟုတ်သလို၊ ပေါ်ပေါက်လာမည့် အခွင့်အလမ်းများကို မလွတ်တမ်း ဆုတ်ကိုင်စေလိုချင်သည်မှာလည်း အထင်အရှားပင် ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ရှိနေသော ပဋိပက္ခများကို တွေ့ဆုံဆွေးနွေး အဖြေရှာပါက အလွယ်တကူ ပြီးမြောက်ပြီး၊ ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချောချောမွေ့မွေ့ လျှောက်လှမ်းနိုင်မည်ဟု မြန်မာပြည်သူများနှင့်အတူ နိုင်ငံတကာ မိသားစုများက အမှန်တကယ် ယုံကြည်နေကြဆဲဖြစ်သည်။ သို့သော် တွေ့ဆုံဆွေးနွေးရေးနည်းလမ်း ပေါ်ထွက်လာရန် အခြေအနေများ တစတစ ကင်းမဲ့လာနေခြင်းကြောင့် လူအများသည် ဆောက်တည်ရာမရဘဲ ဦးတည်သည့် လမ်းကြောင်းများကို စိတ်ခံစားမှုနောက်လိုက်ပြီး ပြောင်းလဲပစ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒီမိုကရေစီအင်အားစုများနှင့် လက်ရှိ စစ်ကောင်စီတို့ကြား ပဋိပက္ခများတွင် ဒီမိုကရေစီအင်အားစုဘက်မှ ရှုံးနိမ့်သည့်အခါ နိုင်ငံတကာမှ ပိတ်ဆို့အရေးယူသည့်နည်းဖြင့် ဖိအားပေးကြပါသည်။ စစ်ကောင်စီဘက်မှ ရှုံးနိမ့်သည့်အခါ နိုင်ငံရေးလှုပ်ရှားသူများကို အကျဉ်းထောင်အတွင်း ဖမ်းဆီးချုပ်နှောင်သည့်နည်းကို ပြန်ပေးဆွဲသည့် ကစားနည်းများအဖြစ် နှစ်ပေါင်းအတန်ကြာအောင် ကစားခဲ့ကြပါသည်။

ယင်းကစားပွဲများသည် ပဋိပက္ခဖြစ်နေသော ဘက်နှစ်ဖက်စလုံးကို ညီညွတ်ဖို့ မဖြစ်နိုင်စေဘဲ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များတွင် တဖက်ဖက်မှ လုံးဝ မပါဝင်နိုင်ရေးကိုသာ ကျင့်သုံးစေခဲ့ပါသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုဖြစ်စဉ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်မြောက်ရေးသည် ပြည်သူများအတွက် အရေးပါပေသည်။ သို့သော် သူမအား ချုပ်နှောင်ထားခြင်းဖြင့် ဒီမိုကရေစီလမ်းကြောင်းကို ဆက်မလျှောက်ဖြစ်ဘဲ၊ သူမ လွတ်မြောက်ရေးသာ အန္တိမရည်မှန်းချက်အဖြစ် ကိုင်စွဲထားခြင်းသည် နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးသည့် နိုင်ငံတွင် ပြည်သူများ နိုင်ငံရေးကို ဝေးဝေးနေစေရန် ဖန်တီးနေသလိုပင် ဖြစ်တော့သည်။

အခြေကတော့ဖြင့် သူမ မပါဘဲ ၂ဝ၁ဝ တွင် ကျင်းပမည့် ရွေးကောက်ပွဲကို ကျော်ဖြတ်ရမည်မှာ ရာနှုန်းပြည့်နီးပါး သေချာလှသည်။

၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီး ဘုရင်ခံ၏ အမှုဆောင်ကောင်စီအတွင်း (ဖဆပလ) အဖွဲ့ချုပ်က အစိုးရနေရာများ ရယူပြီးမှ တဆင့်ပြီးတဆင့်တက်ကာ လုံးဝ လွတ်လပ်ရေးရသည်အထိ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များက ကြိုးစားခဲ့သည့် သာဓကသည် ယနေ့ကာလအတွက် အင်မတန်မှ အရေးကြီးပါသည်။ ထိုသို့ အစိုးရ၏ အမှုဆောင်ကောင်စီအတွင်း ဝင်ရောက် အာဏာယူခြင်းအပေါ် လုပ်ဖော်ကိုင်ဘက် အင်အားစုအတွင်း သဘောထားကွဲလွဲခဲ့ကြသည်။ လွတ်လပ်ရေးအတွက် ဗြိတိသျှတို့ကို အပြီးတိုင်တိုက်ထုတ်ရမည်ဟူသော အတွေးအခေါ်ရှိသည့် လူအများသည် အစိုးရအဖွဲ့အတွင်း ပါဝင်ခြင်းကို အပြင်းအထန် ကန့်ကွက်ပြီး ထိုမှ ရရှိလာသော လွတ်လပ်ရေးကို အတုအယောင်ဟု သဘောထားခဲ့သည်။ ညီညွတ်မှု ပြိုကွဲခဲ့ရသည်။

ထိုသမိုင်းဖြစ်ရပ်များသည် ယနေ့ကာလအတွက် ပြန်လည်စဉ်းစားသင့်သော သင်ခန်းစာများ ဖြစ်ပါသည်။ ၂ဝဝ၈ ဖွဲ့စည်းပုံဖြင့် တဖက်သတ် စိတ်ကြိုက်ရေးဆွဲအတည်ပြုခဲ့သည်။ ယင်းဖွဲ့စည်းပုံကို ပြင်ဆင်ရန်အတွက် သို့တည်းမဟုတ် ထိုဖွဲ့စည်းပုံအရ ပေါ်ပေါက်လာမည့် အစိုးရတရပ်အတွက် ဒီမိုကရေစီ နည်းလမ်းကျစေရန် ညှိနှိုင်းဆွေးနွေးလိုသော သဘောထားများ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ရှိပါသည်။

ယင်းအချက်သည် နှစ်ဖက်စလုံး ရင်ဆိုင်တွေ့ဆုံနိုင်မည့် အကြောင်းအရာမဟုတ်ကြောင်း လူတိုင်း နားလည်သဘောပေါက်ကြပါသည်။ သို့သော် ယင်းအချက်ကိုသာ ဆက်လက် ကိုင်စွဲထားခြင်းသည် မည်သူ့အတွက်မျှ အကျိုးမရှိ ဆိုသည်ကိုမူ မည်သူကမျှ ဆက်လက်ပြောဆိုလိုပုံ မရှိကြပါ။ အာဏာလက်ရှိနှင့် အာဏာလက်မဲ့ကြားမှ အဆိုပါ လိပ်ခဲတည်းလည်းဖြစ်ရပ်များသည် နိုင်ငံတိုင်းလိုလိုတွင် ရှိကြပါသည်။

လာမည့် ၁၈ လတာ ကာလသည် ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအတိုက်အခံ အင်အားစုများအတွက် အကြီးမားဆုံးသော နိုင်ငံရေးစိန်ခေါ်ချက်ကြီးတခု ဖြစ်သည်။ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်ရန်အတွက် နိုင်ငံရေး ကစားကွင်းသစ်တခုကို ဖန်တီးရမည့်အစား ကစားကွင်းဟောင်းမှ မပြေလည်ခဲ့သော တောင်းဆိုချက်များကိုသာ ဆက်လက်ကိုင်စွဲထားခြင်းသည် စစ်မှန်သော ဖြေရှင်းမှု မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေးလှုပ်ရှားမှုကို ထောက်ခံသော၊ ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်ခံသော အင်အားစုများဖြင့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည်သာ ယနေ့အထိ မမြင်ရသေးသော ပြေလည်နိုင်ရေးလမ်းစအတွက် နည်းလမ်းကောင်းတခုလည်း ဖြစ်နိုင်ပါသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များတွင် အာဏာခွဲဝေသုံးစွဲကြသည့်အခါ ဆိုးကျိုးထက် ကောင်းကျိုးများသာ ရှိလာနိုင်သည်။ ယင်းသည် နိုင်ငံတကာက လက်ခံထားသည့် လက်တွေ့ကျသော နိုင်ငံရေးဖြစ်သည်။ စိတ်ကူးယဉ်နိုင်ငံရေးသည် ဒီမိုကရေစီဖြစ်စဉ်အတွက် အခြေခံ အုတ်မြစ်မဖြစ်နိုင်ပေ။

ထို့အပြင် စစ်ကောင်စီဝင်များနှင့် ဒီမိုကရေစီအင်အားစုများ တဦးချင်းစီ ဖြေရှင်းမရနိုင်သည့် အခြားအရေးကြီးသော ပြသနာမှာ မြန်မာနိုင်ငံ လွတ်လပ်ရေးရစဉ်ကတည်းက ပူးတွဲပါလာသော တိုင်းရင်းသားအရေးပင် ဖြစ်သည်။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များအရေးသည် စစ်ရေးသက်သက်၊ နိုင်ငံရေးသက်သက်ဖြင့် ဖြေရှင်းနိုင်ရန် မဖြစ်နိုင်သည်ကို တိုင်းရင်းသားခေါင်းဆောင်များက ပိုမိုနားလည်သဘောပေါက်ကြပါသည်။

လက်ရှိ မြန်မာ့တပ်မတော်နှင့် ဒီမိုကရေစီအင်အားစုများအကြား ခိုင်မာသည့် ညီညွတ်မှုမရှိဘဲ တိုင်းရင်းသားများ တန်းတူညီမျှမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အခွင့်အရေးများ ဖော်ဆောင်နိုင်ရန် မဖြစ်နိုင်ပေ။ တိုင်းရင်းသား လူမျိုးစုများအတွက် အာမခံချက်ရှိသည့် အဆိုပါ အချက်များကို တပ်မတော်တခုတည်းက မဖြည့်ဆည်းပေးနိုင်သလို ဒီမိုကရေစီအင်အားစုများ သက်သက်ဖြင့်လည်း ဖြေရှင်းမရနိုင်သည်ကို နားလည်သဘောပေါက်ထားရန် လိုပါသည်။

ထိုအချက်မှာ ပြည်ထောင်စု မြန်မာနိုင်ငံအတွက် ပင်မအသက်သွေးကြောဖြစ်သည်။ လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများသည် လက်တွေ့ကျသော နိုင်ငံရေးနှင့် တော်လှန်ရေးကို နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ကြသူများ ဖြစ်သည်။ ထိုသူတို့သည် ပြည်ထောင်စုအရေးနှင့် တိုင်းရင်းသားအရေးကို အဓိကထားပြီး ရှုမြင်ကြသူများဖြစ်သည်။ ဒီမိုကရေစီအင်အားစုများအနက် စစ်တပ်က လက်ရှိ အာဏာစွန့်သွားပါက ရွှေပြည်တော်သစ် တည်ဆောက်နိုင်မည်ဟု စိတ်ကူးယဉ်ကြသူ များပါသည်။ လက်ရှိ စစ်တပ်သည် တိုင်းရင်းသားများအတွက် အာမခံချက်ပေးနိုင်သည့် အစိုးရတရပ် မဟုတ်ကြောင်း ၎င်းတို့ကိုယ်၎င်းတို့ နားလည်ထားပါသည်။

အာမခံချက်ပေးနိုင်မည့် အရပ်သားအစိုးရသည်လည်း စစ်တပ်၏ သဘောတူညီချက်မရှိဘဲ ပြည်တွင်းစစ်ကို ရပ်တန့်ပစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရွေးကောက်ပွဲအရ နောက်တက်လာမည့် အရပ်သားအစိုးရ မပေါ်ပေါက်ခင် လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအပေါ် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလဲရန် ကြိုတင်ကြံစည်နေခြင်း ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ မြန်မာ့တပ်မတော်အောက်သို့ တိုင်းရင်းသားတပ်များကို ပူးပေါင်းထည့်သွင်းလိုက်ခြင်းအားဖြင့် နောင်တက်လာမည့် အရပ်သားအစိုးရက တိုင်းရင်းသားအရေးနှင့်ပတ်သက်ပြီး စစ်တပ်အပေါ် အကျပ်မကိုင်နိုင်ရန်အတွက် ကြိုးစားခြင်း ဖြစ်နိုင်သည်။ သို့သော် ယင်းလုပ်ရပ်သည် အဆင်ပြေ ချောမွေ့ဖွယ်ရာ မရှိနိုင်ပေ။

လာမည့် ၁၈ လတာ ကာလသည် မြန်မာ့နိုင်ငံရေးအတွက် အင်မတန်အရေးပါသည့် ကာလများဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲ မဝင်ပါက ပါတီတခု၏ ရပ်တည်ချက်နှင့် ပတ်သက်ပြီး စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်မှာ မလွဲပေ။

မြန်မာနိုင်ငံသားတိုင်း၏ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး လှုပ်ရှားမှုတိုင်းကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သဘောတူထောက်ခံမည်ဆိုသည်မှာ သံသယရှိဖွယ် မဟုတ်ပေ။ သူမသည် ထိုလမ်းကြောင်းအတွက် အရာရာကို စွန့်လွှတ်ကာ ရုန်းကန်နေသူတဦးဖြစ်သည်။

ထို့ကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့်သူများသည် ၂ဝဝ၈ ဖွဲ့စည်းပုံကို လက်ခံရမည်ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးအရ တရားဝင်မှုကို အသိအမှတ်ပြု လက်ခံဖို့ အရေးကြီးပေသည်။ အဆိုပါ အချက် ၂ ချက်စလုံးကိုလည်းကောင်း၊ တချက်ချက်ကိုလည်းကောင်း ဆန့်ကျင်သူသည် ပြေလည်စရာ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသူများ မဖြစ်နိုင်ပေ။

ယင်းအချက် ၂ ချက်ကို လက်ခံပြီး ရွေးကောက်ပွဲဝင်ရောက်မည့် သူများသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်ပြီး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ကောင်းမွန်သော အခြေအနေများကို ဖန်တီးနိုင်မည်ဖြစ်သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲသည် လွန်ခဲ့သည့် ပဋိပက္ခဟောင်းများ တန်းညှိခံရသော ကစားကွင်းသစ်တခု ဖြစ်သည်။ ယင်းကစားကွင်းသစ်တွင် တိုင်းပြည်အတွက် အရှည်ကိုမျှော်ကိုးသော နိုင်ငံရေးသမားများ၊ ပါတီများ ပေါ်ထွက်လာရန် အားပေးသင့်သည်။ ။

No comments: