ရိုးမ ၃
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်အတွင်း လယ်ယာများတွင် ကြွက်ကြောင့် စပါးပင်များ ပျက်စီးဆုံးရှုံးမှုရှိနေသဖြင့် ကြွက်နှိမ်နင်းသည့် အာဏာပိုင်တို့၏ စီမံချက်ကြောင့် လယ်သမားများ အခက်အခဲနှင့် ကြုံတွေ့နေသည်။
မျိုးစပါးများ ကိုက်ဖြတ်စားသောက်သည့် ကြွက်များအား နှိမ်နင်းရန် လယ်သမားတဦးလျှင် နေ့စဉ် သတ်မှတ်ထားသည့် ကြွက်မြီးအရေအတွက် အပ်နှံရန် ခိုင်းစေခဲ့ခြင်းဖြစ်သည်။
အဆိုပါခိုင်းစေမှုကို (၇၂) ဒိုင်နယ်ရှိသည့် ဘိုကလေးမြို့နယ် တမြို့နယ်လုံးအတွင်း မြို့နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (မယက) မှ ဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်သည်။
“သူတို့ပြောတာကတော့ ကြွက်မြီးတထောင်စီမံချက်တဲ့၊ ပြီးခဲ့တဲ့ တပတ်လောက်ကတည်းက စလုပ်နေတာ၊ ကြွက်မြီးတချောင်းရရင် ကျပ် ၂၀၀ ပေးတယ်၊ လယ်သမားတယောက်ကို တရက် ၅ မြီးရအောင် လုပ်ရမယ်၊ ရှာမရတဲ့လူက တမြီးအတွက် ၂၀၀ ပေးရတယ်၊ တရက်အတွက်ဆိုရင် ကျပ် ၁,၀၀၀၊ လုံးဝမရှာပေးနိုင်တဲ့သူ တအိမ်ထောင်ကို ကျပ် ၅,၀၀၀ (ရယက)ကို ပေးရတယ်” ဟု ဒေသခံလယ်သမားက ပြောသည်။
ယခင် မျိုးစပါးစိုက်ပျိုးပြီးစအချိန်တွင် အဆိုပါမြို့နယ်များအတွင်း ကြွက်များဖျက်ဆီးမှု များပြားလာသဖြင့် အာဏာပိုင်များက ကြွက်နှိမ်နင်းခြင်းလုပ်ငန်းကို စတင်ခဲ့ပြီး စီမံချက်ကာလ မည်မျှကြာမည်ကို မသိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အာဏာပိုင်များ၏ စီမံချက်ကြောင့် ဒေသခံများအနေဖြင့် တနေ့အတွက် သတ်မှတ်သည့် ကြွက်မြီးအရေအတွက် ပြည့်မှီအောင် ရှာဖွေနေကြသောကြောင့် လယ်ယာမြေအချို့ ပျက်စီးဆုံးရှုံမှုများ ဖြစ်ပေါ်ခဲ့ရသည်။
လယ်မြေများ ပျက်စီးပုံနှင့်ပတ်သက်၍ “ကြွက်မြီးရှာတဲ့ တချို့က လယ်ကဇင်းရိုးတွေပါ ပေါက်ပြီး ရှာကြတော့ ကဇင်းတွေပျက်၊ ရေတွေပါ ပေါက်ကုန်ပြီး လယ်ထဲမှာ ရေတွေပါမရှိတော့ဘူး၊ ဒေသထဲက လယ်အတော်များများမှာ ဖြစ်နေကြတာ၊ ကဇင်းတွေ ပြန်ပေါက်ရ၊ ပြန်လိုက်နဲ့ အလုပ်ကိုရှုပ်နေတာပဲ၊ ပြီးတော့လည်း ကြွက်ရဖို့ကတမျိုး” ဟု ကျွန်းသာယာမှ လယ်သမားတဦးက ပြောသည်။
ယခု မျိုးစပါးပင်များမှာ စိုက်ပျိုးရသည့်အရွယ်သို့ ရောက်ရှိနေပြီး အချို့မှာ စိုက်ပျိုးလက်စဖြစ်နေသဖြင့် ယခုကဲ့သို့ စီမံချက်ချလုပ်ကိုင်နေခြင်းမှာ အချိန်အခါနှင့်မကိုက်ညီကြောင်း ဆက်လက်ပြောဆိုသည်။
အချို့ဒိုင်နယ်များမှာ မျိုးစပါးဖျက်ဆီးသည့် ကြွက်မရှိသော်လည်း စီမံချက်နယ်မြေအတွင်း ပါဝင်နေသောကြောင့် ဒေသခံလယ်သမားများမှာ ကြွက်ရရှိရေးကို အပူတပြင်း လိုက်လံရှာဖွေနေကြရသည်။
“စက်ဆန်းတိုက်နယ်ထဲက ထော်ပိုင်ဆို ကြွက်က မရှိဘူး၊ မရှိလည်း သတ်မှတ်ချက်ပြည့်မှီအောင် ရှာကြတော့ လယ်အတော်များများ ရေတွေ ပေါက်ထွက်ကုန်တယ်၊ ခုရက်ပိုင်းထဲမှာ မိုးကမရွာဘဲ နေပူတော့ လယ်တွေ ပတ်ကြားအက်ကုန်တယ်၊ ကြိမ်ချောင်းကြီး၊ ကျွန်းသာယာနဲ့ ထော်ပိုင်ဘက်မှာပေါ့” ဟု ဒေသခံလယ်သမားတဦးက ပြောသည်။
ဒေသခံ လယ်သမားအများစု၏ အတွေ့အကြုံအရ လယ်ယာမြေအတွင်း ယခုကဲ့သို့ ကြွက်များကျလာခြင်းကို နှိမ်နင်းရန်မလွယ်ကူကြောင်း ယခုကဲ့သို့ နည်းလမ်းမမှန်သည့် လုပ်ရပ်ကြောင့် လယ်ယာမြေများ ပျက်ဆီးမှုနှင့် ရင်ဆိုင်ကြုံတွေနေရသည်ဟု ဒေသခံလယ်သမားက ဆက်လက်ပြောဆိုသွားခဲ့သည်။
No comments:
Post a Comment