Saturday, August 22, 2009

အမေရိကန် ဆီးနိတ်အမတ် သက်ညှာခွင့်လွှတ်ရေး ခရီးစဉ်အဖြစ် မြန်မာပြည် လာသလော

လာရီဂျေဂင် (Larry Jagan)

ဘန်ကောက် (မဇ္ဈိမ)။ ။ ထင်ရှားသော အမေရိကန် နိုင်ငံရေးသမားတဦးဖြစ်သူ အထက် လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) သည် မြန်မာနိုင်ငံမြို့တော်သစ် နေပြည်တော်သို့ ရောက်ရှိနေပြီဖြစ်ပြီး၊ တိုင်းပြည်၏ တကိုယ်တော် ဧကစာရီကျင့်နေသူ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ထားကြသည်။

ဤခရီးစဉ်နှင့်စပ်လျဉ်း၍ အမေရိကန်သံတမန်များက ရေငုံနှုတ်ပိတ်လုပ်နေကြသည်။ ခရီးစဉ်တခုလုံးကို လျှို့ဝှက်ထားပြီး သူသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် စည်းကမ်းများကို ချိုးဖောက်ခဲ့သည်ဆိုသော အမှုတွင် သူပါဝင်ခဲ့မှုအတွက် အင်္ဂါနေ့က အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသော အသက် ၅၄ နှစ်အရွယ်ရှိ အမေရိကန်လူမျိုး ဂျွန်ဝီလျံယက်တော လွတ်မြောက်ရေးအတွက် အသနားခံရန် လာရောက်ခြင်း ဖြစ်နိုင်သည်ဟု မှန်းဆပြောဆိုမှုများလည်း ပေါ်ပေါက်နေသည်။

သူ့ရည်ရွယ်ချက်များနှင့်ပတ်သက်၍ အများက သံသယဖြစ်နေကြသည်။ သူသည် အမေရိကန်အစိုးရ၏ တမန်တော်အဖြစ် လာသည်လော၊ သို့တည်းမဟုတ် အခြားကြေးစား စစ်သည်တဦး၏ ရည်ရွယ်ချက်မျိုးနှင့် လာသည်လောဟူ၍ အမျိုးမျိုးယူဆနေကြသည်။ ပြည်ပရောက် ဒီမိုကရေစီလိုလားသော အဖွဲ့အစည်းများကမူ ဤခရီးစဉ်ကို မြန်မာအာဏာပိုင်များက လူသိများရန် စတန့်ထွင်ခြင်းမျှသာ ဖြစ်သည်ဟု ဆိုပြီး ကန့်ကွက်ရှုတ်ချနေကြသည်။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုအတွက် မည်သို့မျှ အကျိုးပြုမည်မဟုတ်မည်ကိုလည်း သူတို့က စိုးရိမ်နေကြသည်။ ရန်ကုန်ရှိ သံတမန်များကလည်း ဤခရီးစဉ်မှ အကျိုးရလဒ်တစုံတရာ ထွက်ပေါ်လာရေးနှင့်ပတ်သက်၍ သံသယရှိနေကြသည်။ သို့သော် အချို့ကမူ သူ့အနေနှင့် ဗိုလ်ချုပ်မှူးကြီးနှင့်သာ အကျိုးရှိသည့် တွေ့ဆုံဆွေးနွေးမှု တစုံတရာ ရှိခဲ့ပါက ရလဒ်တစုံတရာ ထွက်ပေါ်လာနိုင်သည်ဟု ယုံကြည်နေကြသည်။

သူသည် သမ္မတ ဘားရက်အိုဘားမား၏ သံတမန်သော်၎င်း၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ သံတမန်သော်၎င်း မဖြစ်နိုင်သော်လည်း အိမ်ဖြူတော်က သူ့ခရီးစဉ်ကို ထောက်ခံကြောင်းမှာမူ ထင်ရှားသည်။ ဤခရီးစဉ်သည် စစ်မှန်သော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုပ်ရန်လိုအပ်ကြောင်း အမေရိကန်၏ `ပြင်းထန်သော´ အမြင်ကို မြန်မာခေါင်းဆောင်များထံ ပြောကြားရန် အခွင့်ကောင်းတရပ်အဖြစ်လည်း အိမ်ဖြူတော်က ယုံကြည်ကြသည်။

`အထက်လွှတ်တော်အမတ် မစ္စတာ ဝက်ဘ် မြန်မာနိုင်ငံကို ဝင်ရောက်လည်ပတ် ရပ်နားခြင်းအပါအဝင် ဒေသတွင်း သွားရောက်လည်ပတ်မှုကို ကျနော်တို့ ကြိုဆိုပါတယ်´ ဟု အမျိုးသား လုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် မိုက်ဟင်းမား (Mike Hammer) က ဝါရှင်တန်တွင် သောကြာနေ့က သတင်းထောက်များကို ပြောကြားလိုက်ပါသည်။ `ဒီမိုကရေစီရေး၊ ကောင်းမွန်သော အုပ်ချုပ်မှု၊ စစ်မှန်သော အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေအတွက် သူတို့ ဘယ်လမ်းကို လျှောက်လှမ်းဘို့ လိုတယ်ဆိုတဲ့ အမေရိကန် နိုင်ငံရေးခေါင်းဆောင်များ၏ ခိုင်မာပြင်းထန်သည့် အမြင်ကို မြန်မာခေါင်းဆောင်များ ကြားသိရန် အရေးကြီးသည်´ ဟု သူက ပြောသည်။

မစ္စတာ ဝက်ဘ်သည် ၁ဝ နှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့သည့် ပထမဆုံးသော အမေရိကန် လွှတ်တော်အမတ်တဦး ဖြစ်သည်။ `အမေရိကန်က အရှေ့တောင်အာရှ နိုင်ငံများနဲ့ အဆင့်အသီးသီးမှာ ပြန်လည်ဆက်ဆံမှုတွေ ပြုလုပ်ဘို့ကိစ္စဟာ သိပ်ကို အရေးကြီးပါတယ်´ ဟု လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းသို့ ကြာသပတေးနေ့က ရောက်ရှိစဉ် သတင်းထောက်များသို့ ထုတ်ပြန်ပေးခဲ့သော ကြေညာချက်တွင် သူက ပြောဆိုခဲ့သည်။ ယင်းသည် သူ၏ ဒေသတွင်း ၅ နိုင်ငံခရီးစဉ်အတွက် ပထမဆုံးရပ်နားခဲ့သော နေရာဖြစ်သည်။

မစ္စတာဝက်ဘ်သည် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆီးနိတ်နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အခြားအရှေ့တောင်အာရှ ၄ နိုင်ငံသို့ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ အနေနှင့် `မြန်မာနိုင်ငံနှင့် ဒေသတွင်း အမေရိကန်အကျိုးစီးပွားများ ရှေ့လှမ်းတက်နိုင်ရေးအတွက် အခွင့်အလမ်းများ ရှာဖွေရန်´ လာရောက်ခြင်းဖြစ်သည်ဟု ခရီးစဉ်အစတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ ဖော်ပြထားသည်။ မည်သို့ပင်ဖြစ်စေ မစ္စတာ ဝက်ဘ်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒများ ပြောင်းလဲရေးအတွက် အင်တိုက်အားတိုက် ထောက်ခံသူတဦး ဖြစ်နေသည်။ အမေရိကန်၏ ပိတ်ဆို့အရေးယူရေး မူဝါဒအပေါ် ပြင်းထန်စွာ ဆန့်ကျင်ဝေဖန်သူတဦးအဖြစ်လည်း သူ့ကို သိရှိကြသည်။

လူပေါင်း ၁၄ဝဝဝဝ (တသိန်း လေးသောင်း) မျှ သေဆုံးခဲ့ရပြီး မခန့်မှန်းနိုင်လောက်အောင် ဆုံးရှုံးပျက်စီးခဲ့ရသည့် အဖျက်စွမ်းအား ကြီးမားလှသည့် နာဂစ်ဆိုင်ကလုံးမုန်တိုင်းကြီး ပြီးခဲ့သည့်နှစ် မေလဆန်းက တိုက်ခတ်စဉ်က သူက ဆီးနိတ်တွင် `ကမ္ဘာနဲ့ နှစ်ပေါင်းများစွာ အဆက်ပြတ်နေခဲ့သည့် မြန်မာနိုင်ငံကို ကူညီရန်နှင့် မြန်မာပြည်သူများအပေါ် စိတ်ကောင်းစေတနာကောင်း ရှိကြောင်းပြသရန် အမေရိကန်နိုင်ငံသည် အခြား နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်အတူ ဤအခွင့်အလမ်းကို အသုံးချသင့်သည်´ ဟု ပြောကြားခဲ့သည်။

`ဒီအချိန်ဟာ အထီးကျန် အဆက်ပြတ်အောင် ပစ်ထားခြင်းနဲ့ ပိတ်ဆို့အရေးယူမှုတွေက ကျော်လွန်ပြီး မြန်မာနိုင်ငံကို လမ်းဖွင့်ပေးနိုင်ရေးအတွက် ရင့်မှည့်တဲ့အချိန်ကို ရောက်ရှိနေပါပြီ။ အစိုးရအနေနဲ့ ဒီစိတ်ဓာတ်နဲ့အညီ ရှေ့တိုးလျှောက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာအစိုးရကလည်း နိုင်ငံတကာ အကူအညီတွေ လှိမ့်ဝင်လာတာကို လက်ခံပြီး နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့အစည်းတွေကိုလည်း တိုင်းပြည်အနှံ့အပြား သွားရောက်ခွင့် ပြုပါလိမ့်မယ်´ ဟု သူက ပြောကြားခဲ့သည်။

သို့သော် ထိုအချိန်ကတည်းကစ၍ မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရန် အသင့်ပြင်ဆင်ထားပြီး ဖြစ်သည်ဟူသော သက်သေအနည်းငယ်မျှကိုသာ မြင်တွေ့ခဲ့ကြရပါသေးသည်။ အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခြင်း၊ ရုံးတင်တရားစွဲဆိုခြင်း၊ ပြစ်ဒဏ်ချမှတ်ခြင်းတို့ကို ကြည့်လျှင် စစ်အစိုးရသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးဖြစ်စဉ်၏ တစိတ်တပိုင်းအနေဖြင့် မြန်မာအတိုက်အခံတို့နှင့် အပေးအယူ၊ အလျှော့အတင်း လုပ်ရန်၊ နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုကို ထည့်သွင်းစဉ်းစားရန် စသဖြင့် မည်သည့် ပြင်ဆင်မှုမျှမရှိ၊ အဆင်သင့် မဖြစ်သေးကြောင်း ထင်ရှားပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို မကြာသေးခင်က ရုံးတင်တရားစွဲဆိုခဲ့ခြင်းကြောင့် ဝါရှင်တန်အတွက် မြန်မာနိုင်ငံနှင့် `အဓိပ္ပာယ်ပြည့်ဝသော ဆက်ဆံရေး´ ကို လုပ်ဆောင်ရန် ခဲယဉ်းသွားစေခဲ့သည်ဟု အထက်လွှတ်တော်အမတ် ဝက်ဘ်က လွန်ခဲ့သောလက ဝန်ခံပြောကြားခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ ရေကန်ဘေးနေအိမ်သို့ ရေကူးဝင်ရောက်လာခဲ့သည့် အမေရိကန်လူမျိုး ကျူးကျော်ဝင်ရောက်လာခဲ့သူကို လက်ခံခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် နောက်ထပ် နေအိမ်အကျယ်ချုပ် ၁၈ လ ချမှတ်ခြင်း ခံရသည်။ သူမ၏ ရှေ့နေများက စီရင်ချက်ကို အယူခံဝင်ရောက်မည်။ `တရားရုံး၏ စီရင်ဆုံးဖြတ်ချက်သည် လုံးဝတရားမျှတမှု မရှိကြောင်းနဲ့ တရားရုံးရဲ့ အမှုအပေါ် အကဲဖြတ် သုံးသပ်ခြင်းသည်လည်း မျှတမှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်´ ဟု သူမ၏ ရှေ့နေကြီး ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော နှစ်ပေါင်း ၂ဝ အတွင်း ၁၄ နှစ်ကျော် ထိန်းသိမ်းခံခဲ့ရပြီး ဖြစ်သည်။

သို့သော် ပြည်ပရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူများကမူ အထက်လွှတ်တော်အမတ်က အန္တရာယ်ရှိသော စေ့ဆော်ဆောင်ရွက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်ပူပန်နေကြသည်။ အနည်းဆုံးအားဖြင့် သူ့ကို စစ်အစိုးရခေါင်းဆောင် အဘိုးကြီး၏ လှည့်ဖြားခံရမည်ကို စိုးရိမ်ကြသည်။ `သင်၏ ခရီးစဉ်အပေါ် စစ်အစိုးရက အသုံးချ အမြတ်ထုတ်ချယ်လှယ်မည်ကို ကျနော်တို့ စိုးရိမ်ပူပန်ပါသည်။ သင်က ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်တရားစွဲဆိုထောင်ချခဲ့ခြင်း၊ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ကျော်ကို ထောင်သွင်းအကျဉ်ချထားခြင်း၊ တိုင်းရင်းသား လူနည်းစုများအပေါ် စနစ်တကျ ကျယ်ပြန့်စွာ ညှဉ်းပမ်းနှိပ်စက်မှုများ ဆက်လက်ကျူးလွန်နေခြင်းတို့အား ထောက်ခံသည်ဟု ဝါဒဖြန့်ခံရမည်ကိုလည်း စိုးရိမ်ပါသည်´ ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့ ပူးတွဲထုတ်ပြန်သော ကြေညာချက်ကို ရန်ကုန်ရှိ အမေရိကန်သံရုံးမှတဆင့် အထက်လွှတ်တော်အမတ်ထံသို့ ပေးပို့ခဲ့သည်။

သူ့ကို စစ်အစိုးရ၏ ရုပ်သေးရုပ်၊ နယ်ရုပ်အဖြစ် မြင်ကြမည်ကို မစ္စတာဝက်ဘ် စိုးရိမ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် အဓိကပုဂ္ဂိုလ်တို့သည် အထက်လွှတ်တော်အမတ်နှင့်တွေ့ရန် နေပြည်တော်သို့ ရောက်ရှိလာကြပြီဖြစ်သည်။ တနင်္ဂနွေနေ့တွင် နိုင်ငံတွင်းမှ ပြန်လည်မထွက်ခွာမီ အထိန်းသိမ်းခံ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းမည်၊ မတောင်းမည်လည်း မသေချာသေးပါ။ တွေ့ဆုံခွင့်တောင်းသည့်တိုင် ခွင့်ပြုမည်၊ ခွင့်မပြုမည် မသိရသေးပါ။ ကုလ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းသည် မကြာသေးခင်က တပ်မတော်အကြီးအကဲနှင့် တွေ့ဆုံစဉ်က အလားတူ ခွင့်တောင်းခဲ့သေးသော်လည်း ငြင်းပယ်ခံခဲ့ရသည်။ သို့သော် အထက် လွှတ်တော်အမတ် မစ္စတာ ဝက်ဘ်ကိုမူ သူတို့ ပိုးပန်းချဉ်းကပ်သင့်သည့် အလားအလာရှိသော မဟာမိတ်တဦးအဖြစ် ရှုမြင်နိုင်သည်။

လက်ရှိ အတိုက်အခံခေါင်းဆောင်အပေါ် ချမှတ်ထားသော နေအိမ်အကျယ်ချုပ် စည်းကမ်းချက်အသစ်များတွင် စစ်အစိုးရ၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ဧည့်သည်များ လက်ခံတွေ့ဆုံနိုင်သည်ဟု ပါသည်။ ဤအချက်သည် အဆိုပါ စည်းကမ်းချက်အသစ်များကို စမ်းသပ်ကြည့်ရန် ဆီနိတ်တာအတွက် အလွန်ကောင်းမွန်သော အခွင့်အလမ်းတရပ်ဖြစ်သည်ဟု အန်အယ်ဒီ သတင်းရပ်ကွက်များက မဇ္ဈိမကို ပြောသည်။ ဤအခြေအနေများသည် နောက်ဆုံး အကျယ်ချုပ်ချမှတ်စဉ်ကနှင့် မတူဘဲ ၂ဝဝဝ ခုနှစ်က နေအိမ်အကျယ်ချုပ် ကျခံရစဉ်က အခြေအနေများနှင့်မူ တူသည်။ ကုလ အထူးကိုယ်စားလှယ် ရာဇာလီ လာရောက်စေ့စပ်ပေးခဲ့သောကြေင့် စစ်အစိုးရနှင့် သူမတို့အကြား ဆွေးနွေးပြောဆိုမှုများ ပေါ်ထွက်လာပြီး နောက်ဆုံးတွင် ၂ဝဝ၂ ခုနှစ် မေလ၌ သူမကို လွှတ်ပေးခဲ့သည်။

ဤသို့ဖြစ်လာလျှင်လည်း အမေရိကန် နိုင်ငံရေးသမားတဦးက မြန်မာ့နိုင်ငံရေးတွင် ပထမဆုံးအကြိမ် ထူးခြားစွာ ဝင်ရောက်စွမ်းဆောင်နိုင်ခြင်းတော့ ဖြစ်မည်မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ် ကျခံရစဉ် ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလကလည်း ထိုအချိန်က သမ္မတ ဘီလ်ကလင်တန်၏ အနီးကပ်မဟာမိတ် တဦးဖြစ်သူ ကွန်ဂရက်လွှတ်တော်အမတ် ဘီလ်ရစ်ချတ်ဆန်ကို သူမ၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခွင့် ပြုခဲ့သည်။ ထို့နောက် သူသည် ထိုအချိန်က စစ်ထောက်လှမ်းရေး အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် တွေ့ဆုံဆွေးနွေးကာ သူမကို လွှတ်ပေး၍ နှစ်ဖက်အကြား တွေ့ဆုံဆွေးနွေးမှုများ ပေါ်ထွက်လာရေး မျှော်လင့်ချက်များ ပေါ်ထွက်လာစေခဲ့သည်။ သို့သော် သူ၏ ကြိုးပမ်းမှုများမှာ ဒီမိုကရေစီ လှုပ်ရှားမှုနှင့် စစ်အစိုးရအကြား ပါဝင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ကြသော အခြားသော သူများကဲ့သို့ပင် စိတ်မကောင်းစွာ အောင်မြင်မှု မရခဲ့ပါ။

အမှန်စင်စစ် ဘီလ်ရစ်ချတ်ဆန်သည် စစ်အစိုးရ၏ မေတ္တာရပ်ခံချက်အရ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်မှ ထွက်ခွာသွားနိုင်ရေး ကူညီဆောင်ရွက်ပေးရန် မြန်မာနိုင်ငံသို့ ၁၉၉၃ ခုနှစ် နှောင်းပိုင်းတွင် လာရောက်ရန် စီစဉ်ထားခဲ့သည်။ ထိုအစီအစဉ်ကို အန်အယ်ဒီခေါင်းဆောင် ကာယကံရှင်ကိုယ်တိုင်ပင် သိရှိခြင်း မရှိပါ။ သို့သော် ဤသတင်း ပေါက်ကြားသွားပြီးနောက် သူ စီစဉ်ထားသော ခရီးစဉ်ကိုလည်း အလျင်အမြန်ပင် ပယ်ဖျက်ခဲ့ရသည်။
သူ၏ ခရီးစဉ်မှ အကျိုးရလဒ် ရနိုင်ဖွယ်ရှိသည်ဟု အထက်လွှတ်တော်အမတ် မစ္စတာဝက်ဘ်က ထင်ယောင်ထင်မှားဖြစ်ခြင်း မရှိပါ။ သူက ဂျွန်ယက်တောအကြောင်းကိုလည်း မပြောပါ။ သို့သော် ဤကိစ္စသည် သူတို့နှစ်ဦး တွေ့ဆုံကြချိန်တွင် ပေါ်ထွက်လာမည်မှာ သေချာသည်။ အချို့သော လေ့လာသုံးသပ်သူများကမူ ဂျွန်ယက်တောသည် နောင် နေပြည်တော်နှင့် ဝါရှင်တန်အကြား ဆက်ဆံရေးတွင် အမြဲတမ်း နယ်ရုပ်ကလေးတရုပ် ဖြစ်နေလိမ့်မည်ဟု ပြောဆိုကြသည်။ နိုင်ငံတော်ပိုင် မီဒီယာကလည်း သူ့ကို အမေရိကန်သူလျှိုအဖြစ် ရိပ်ဖမ်းသံဖမ်း ဖော်ပြထားသည်။ `ဂျွန်ယက်တောအပေါ် ချမှတ်လိုက်တဲ့ စီရင်ချက်ကိုကြည့်ရင် စစ်အစိုးရဘက်က အကြံအစည်ကို အထင်အရှား တွေ့နိုင်တယ်။ ပြုံယမ်းက အဖြစ်အပျက်လိုပဲ သူ့ကို လာကယ်ထုတ်ဖို့ ဘီလ်ကလင်တန်ကို ဗြောင်နီးပါး ပန်ကြားပြောဆိုလိုက်တာပဲ´ ဟု ရန်ကုန်ရှိ ယခင် ဗြိတိသျှ သံအမတ်ဟောင်း မာတင်မိုးလင်း (Martin Moreland) က မဇ္ဈိမကို ပြောသည်။

နေပြည်တော်ရှိ သတင်းရပ်ကွက်များ အဆိုအရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ဝါရှင်တန်နှင့် ပြန်လည် သင့်မြတ်ပေါင်းထုပ်ရန် အာသီသပြင်းပြနေသည်ဆိုသည်မှာ သံသယဖြစ်စရာ မရှိပါ။ အာရှနိုင်ငံများ အထူးသဖြင့် တရုတ်နှင့် စင်္ကာပူတို့ကလည်း ယခုနှစ်ဆန်းပိုင်းက မြန်မာပြည်ဆိုင်ရာ မူဝါဒကို အမေရိကန်က ပြန်လည်သုံးသပ်မှုများ ပြုလုပ်နေသည်ဟူသော ဖြစ်နိုင်ခြေရှိသည့် အခွင့်အရေးကို အမိအရဖမ်းဆုပ်ပါရန် စစ်အစိုးရကို တိုက်တွန်းပြောဆိုခဲ့ကြသည်။ ပိတ်ဆို့အရေးယူမှုများနှင့် စပ်လျဉ်း၍ နိုင်ငံတကာအကြား ကွဲပြားခြားနားနေမှုများကို ဖြေရှင်းနိုင်ရန် အမေရိကန်၏ ရပ်တည်ချက်သည် အရေးပါကြောင်း အာရှနိုင်ငံများက ရှုမြင်ကြသည်။ ဤသို့ မစ္စတာယက်တောအပေါ် ပြင်းထန်သည့်ပြစ်ဒဏ် ချမှတ်လိုက်ခြင်းသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သွေးတိုးစမ်းခြင်းလည်း ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ဤကိစ္စကို နှစ်ဖက် တွေ့ဆုံဆွေးနွေးရာတွင် ရှာဖွေဖော်ထုတ်ကြည့်ကြမည်မှာ သေချာပါသည်။

သို့သော် ယက်တော၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဦးကမူ သူ့ကိုလွှတ်ပေးရန်မှာ မဖြစ်နိုင်ကြောင်း ယုံကြည်နေသည်။ `အခု အလည်အပတ်လာရောက်တဲ့ အထက်လွှတ်တော်အမတ်နဲ့ မစ္စတာယက်တောကို ပြန်ထည့်လွှတ်လိုက်မယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျနော်ထင်တယ်၊ ကျနော့်အမှုသည်ကို နောက်ဆုံးမှာတော့ သူ့နိုင်ငံရင်းကို ပြန်ပို့မှာပဲ။ ဒါပေမဲ့ ချက်ချင်းတော့ မဟုတ်ဘူး´ ဟု ဦးခင်မောင်ဦးက ပြောသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံး၏ တရားဝင်တုံ့ပြန်ချက်အရမူ ဤကိစ္စကို `တရားဝင်ဆွေးနွေးခြင်း မရှိသေးကြောင်း´ ဟုသာ ဖြေဆိုသည်။ သို့သော် ရန်ကုန်ရှိ သံတမန်များနှင့် လေ့လာသုံးသပ်သူ အများစုကမူ ယခုခရီးစဉ်အတွင်း ဘာမှမဖြစ်နိုင်သည်မှာ သေချာကြောင်းနှင့် သို့သော် ယင်းသည် နောင်ဆွေးနွေးပွဲများ၏အစ ဖြစ်သွားနိုင်ပြီး တဖြည်းဖြည်း သူ့ကို လွှတ်ပေးလိုက်နိုင်ကြောင်း ပြောဆိုကြသည်။

အမေရိကန် ဆီးနိတ် အထက်လွှတ်တော်အမတ် မစ္စတာဝက်ဘ်၏ ခရီးစဉ်မှ အကြီးအကျယ် မျှော်လင့်ထားခြင်းသည် အမြော်အမြင်မဲ့ရာ ရောက်ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသည်ဆိုလျှင်ပင် သူ့ခရီးစဉ်မှာ သူ့အတွက် အလွန်ထူးခြားလှပါသည်။ ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီဆိုလျှင် အစောပိုင်းက တွေ့ဆုံခွင့် ရခဲ့သေးသော်လည်း နောက်ပိုင်းတွင် တွေ့ဆုံခွင့် မရတော့ပါ။ ဘာဖြစ်မည်လဲဆိုသည့် ကိစ္စတွင် အဓိကကျသော အချက်မှာ မစ္စတာဝက်ဘ်ကိုယ်တိုင်က စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တဦး ဖြစ်နေခြင်းပင် ဖြစ်သည်။ သူသည် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတဦး ဖြစ်သည်။ ဤအချက်က အရပ်သားများကို ရွံရှာမုန်းတီးလေ့ရှိသူ ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံခွင့်ရရေးအတွက် အထောက်အကူပြုနိုင်ဖွယ် ရှိပါသည်။

No comments: