Saturday, August 22, 2009

ရဲဘော်ကြီးပြောသလို ခပ်စိမ်းစိမ်းပဲ မြင်ပါရစေတော့ကွယ်

သျှမ်းသံတော်ဆင့်

အပြော နှင့်အလုပ် ကို ခွဲခြား တတ်ရမည် ။ ပါးစပ်က မစားရ ၀ကမှန်း ပြောတတ်ပြီး နောက်ဆုံး မှာ အပြော နှင့်အလုပ် တခြားစီ လုပ်တတ် သူများကို စာဖတ် သူတို့ တွေ့မြင် ဘူးကြမည် ဖြစ်သည်။

ထို့ကြောင့်သာ အဆိုအမိန့်တစ်ခုက သူဘာပြောနေသလဲဆိုတာ နားမထောင်နဲ့ ဘာလုပ်နေသလဲ ဆိုတာကို သာကြည့်ပါ ဟု ရေးသားထားသည်ကို လေ့လာမှတ်သားဘူးပါသည် ။

အပြောကောင်းဖို့လွယ်သလောက် ကောင်းမွန်သောအလုပ်တစ်ခု လုပ်ဖို့ မလွယ်ကူပုံကို ဒီစကား က သက်သေပြနေသည်။

နအဖက ဒီမိုကရေစီလမ်းကြောင်းပေါ် ဦးတည်နေပါသည်ဟု အသံကောင်းဟစ်နေသော်လည်း ဒီမိုကရေစီအရေး လှုပ်ရှားသူမှန်သမျှကို ဖမ်းဆီးထောင်ချနေသည် စီးပွားပျက်အောင် လုပ်ဆောင်ကြသည်။

ဒီမိုကရေစီအရေးလုပ်သူ မဆိုထားနှင့် လူမှု့ရေးတက်ကြွလှုပ်ရှားသူများကိုပင် ချမ်းသာပေးသည်မဟုတ်ဆွေမျိုးသားချင်း တော်စပ်သူများပင် မခေါ်ရဲမပြောရဲကြအောင် ဆွေစဉ်မျိုးဆက် ဖိနိပ်ထားကြသည်။

ကျနော်သေမှာကြောက်လို့ အဖမ်းခံရမှာကြောက်လို့ ဒီမိုကရေစီအရေးမလုပ်တာမဟုတ်ပါဘူး ဒီစစ်တပ်က သန်းရွှေ တို့က ဆွေစဉ်မျိုးဆက်လိုက်ပြီး ဒုက္ခပေးနေလို့ မလုပ်ရဲတာပါဟု ပြောသူများပင်ရှိသည်။

ကိုယ့်အိမ့်နှင့်ကိုယ် ရဲရဲတင်းတင်း ဘုန်းကြီးဆွမ်း ဖိတ်မကျွှေးရဲအောင်ပင် ဖိနိပ်တတ်သည် မဟုတ်ပါလော။

မယုံလျှင် စမ်းကြည့်ပါ အထိမ်းအမှတ်နေ့ရက်များ အခါကြီးရက်ကြီးနေ့ရက်များကို ရွေး၍ လူ (၂၀) ခန့်ကို ကြာဇံ ဟင်းခါးဖိတ်ကျွှေးကြည့်လျှင်ပင် နအဖ ပြောသည့် ဒီမိုကရေစီဆိုသည်ကို ရည်ရည်လည် လည်ကြီးသဘောပေါက် သွားမည်ဖြစ်သည်။

နအဖကအလုပ်တစ်ခုလုပ်လျှင် စီမံချက်ဆွဲပြီးလုပ်တတ်သည် ။ ဒီအထဲတွင် လူထုခေါင်းဆောင် ဟု သတ်မှတ်ခံရသူကို ပစ်မှတ်ထား တွယ်လေသည်။

ပြည်သူလူထုကို ခေါင်းဆောင်နိုင်သူ ပြည်သူလူထု လေးစားကြည်ညိုခြင်းခံရသူ ပုဂ္ဂိုလ်မှန်သမျှကို အငြိုးအတေးထားကာ နည်းမျိုးစုံသုံး ခြိမ်းခြောက်ကြသည်။ အကြည်အညိုပျက်အောင် မဟုတ်မဟတ် အောက်လမ်းနည်း များသုံး၍နံမည် ဖျက်ကြသည်။

ဒီလိုနည်းလမ်းများထဲက နောက်ဆုံးနည်းတွေကတော့ အမှုဆင်ဖမ်းဆီးခြင်း လုပ်ကြံခြင်း စတာတွေကိုအသုံးပြုခြင်းပင် ဖြစ်သည် ။ လူထုကို ဦးဆောင် သူမဲ့ဖြစ်သွားစေရန် ခေါင်းနှင့်ကိုယ်ကို ဖြတ်လိုက်သည့် တမင်လုပ်ကြံ ဖန်တီးမှုများသာ ဖြစ်ပေသည်။

ယခုကဲ့သို့သော နအဖ၏ အောက်လမ်း လုပ်ရပ်များကြောင့် ဒီမိုကရေစီလိုချင်သူ ပြည်သူလူထုကြီးနှင့် နအဖကြား သော်၎င်း ဒီမိုကရေစီနိုင်ငံကြီးများနှင့် နအဖကြားသော်၎င်း ပေါင်းစပ်၍ မရလောက်အောင် ထုထည် ကြီးမားသည့်စည်းရိုးတစ်ခု ခြားနားသွားလေသည်။

သို့သော် နအဖစစ်အုပ်စုကတော့ အပြစ်အားလုံးကို ဒီမိုကရေစီဘက်တော်သားများနှင့် ပြည်သူလူထု ကြောင့်ဟုမျက်နှာ ပြောင်တိုက် လက်ညိုးထိုး ပုံချတတ်ပြန်သည်။

ထိုသို့ဖြင့် မြန်မာ့နိုင်ငံရေးသည် အနာနဲ့ ဆေးမတည့်တတ်ပဲ နာတာရှည်ရောဂါသည် ဖြစ်နေရလေသည် နအဖ သည် ဝေ့လည်ကြောင်ပတ် နိုင်လွန်းလှသဖြင့်လည်း တိုင်းပြည်သည် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းပေါ်မှ ၄င်း ဒီမိုကရေစီ အခွင့်အရေးခံစားခွင့်များနှင့်၎င်း နီးလျှက်နှင့်ဝေးသွားရလေသည်။

ဒီကနေ့ နအဖစစ်အုပ်စုလုပ်ရပ်ကို ဥပမာပေး ပြောရလျှင် နားရွက်ကို ရှေ့တည့်တည့်က ကိုင်လျှင်ရလျှက်နှင့် မခက်ခက် အောင် နောက်ကပတ်ကိုင်သည့် အဖြစ်မျိုးဟု ဆိုရပေမည်။

ပြသနာ၏ အဖြေကိုရှာလျှင် ရလျှက်နှင့် လက်နက်အားကိုး အာဏာအားကိုး ယန္ဒရားအားကိုးနှင့် မျက်စိမှိတ် ဖိနိပ်ကာ မိုက်တွင်းနက်နေလေသည် ။

တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးက ဒီမိုကရေစီလိုချင်ကြောင်း (၁၉၈၈) ခုနှစ်ကတည်းက လှည်းနေ လှေအောင်မြင်းဇောင်းမကျန် အလွှာအသီးသီးက အရေးဆိုခဲ့ပြီးလေပြီ ။ (၁၉၉၀) ခုနှစ်က ကျင်းပခဲ့ သည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်လည်း လူထုဆန္ဒကို တစ်ခဲနက်ဖေါ်ပြခဲ့ပြီး ဖြစ်သည်။

နအဖကလည်း ဒီမိုကရေစီပေးပါမည်ဟုပြောလေသည်။ ထိုသို့ဆိုလျှင် နအဖပေးမည့် စည်းကမ်းပြည့် ၀သောဒီမိုကရေစီ ဆိုသည်ကို အဘယ်ကြောင့် ပြည်သူလူထုကြီးက လက်မခံနိုင်ဖြစ်နေသနည်း။

ရှင်းရှင်းလေးပြောရလျှင် သူခိုးဓါးပြများက လူထုထံမှ လက်ဝတ်ရတနာများကို လုယူထားကြသည်။

အလု ယက်ခံရသူများက သူခိုးဓါးပြများထံမှ မိမိတို့ လက်ဝတ်ရတနာများကို မူလပစ္စည်းများအတိုင်း ပြန်ရလိုသည် သို့သော်လည်း ပြန်ပေးမည့် လက်ဝတ်ရတနာများသည် အတုများဖြစ်နေ၍သာလျှင် ငြင်းဆိုနေရခြင်းဖြစ်ပေသည်။

အတုအယောင် ဖြစ်နေ၍သာ အစစ်အမှန်ကို ပြန်တောင်းနေခြင်းဖြစ်သည်။ သူတစ်ပါးပစ္စည်း ပြန်ပေးရမည့်အရေးကိုပင် ငါးပိသယ် အကြွေးယူသကဲ့သို့ နေ့ရွေ့ ညရွေ့လုပ်နေခြင်းက ၎င်းတို့၏ မရိုးသားမှုကိုပြသနေခြင်းလည်း ဖြစ်သည်။

ဒီနေ့ပေးမည် မနက်ဖြန်ပေးမည် ဆိုပြီး အချိန်ဆွဲလာခဲ့သည်မှာ ဆယ်စုနှစ် (၂) စုကျော် ကြာခဲ့လေပြီ။ ငါတကောကော နှင့် ကိုယ်ထင်ရာကိုယ်စိုင်းခဲ့သည့်အတွက်လည်း ယနေ့ဆိုလျှင် တိုင်းပြည်၏ အခြေအနေများသည် အဘက်ဘက် ကဆုပ်ယုတ် ယိုယွင်း ပျက်စီးသွားရသည်။

ဒီအတိုင်းသာရှေ့ဆက်တိုးမည်ဆိုလျှင် ထမ်းပိုးနှင့်တွေ့တော့မည် ။ နောက်ဆုတ်မည်ဆိုပါကလည်း နအဖအတွက် ဆူးလှည်းနှင့်ငြားတော့မည်။

အစစအရာရာ ပေါက်ဖေါ်တရုတ်ကိုချည်း အားကိုးနေ၍ရမည်ဟု မထင်ပါနှင့်။ ပြည်ပအားကိုးခြင်းသည် နှောင်ကြိုးမဲ့ မဟုတ်မှန်း စစ်ဗိုလ်ချုပ်တို့ကိုယ်တိုင် သိမည်ဖြစ်သည်။ ဒါ့ကြောင့် ဆူးရှိမှန်းသိလျှက်နှင့် မစားသင့်သည့် အသီးကိုစားမိလျှင် တနေ့ မုချဒုက္ခရောက်မည်မှာ မြေကြီးလက်ခတ်မလွဲဖြစ်သည်။

တိုင်းရင်းသားပြည်သူများအား ဒီမိုကရေစီလမ်းကြောင်းပေါ် အမှန်တကယ် လျောက်လှမ်းခွင့်ပြုမှသာ သာလျှင် တိုင်းပြည်၏ ပြသနာများကို ဖြေရှင်းသည့် လမ်းစအဖြစ် ပုံပေါ်လာမည်ဖြစ်ပြီး နအဖဘက်က စိတ်ရင်းစေသနာမှန်ဖြင့် တိုင်းပြည်အကျိုး ထမ်းဆောင်ရာလည်း ရောက်မည်ဖြစ်သည်။

စစ်ဗိုလ်ချုပ်တို့ စစ်ရေးအခြေခံစဉ်းစားနည်းဖြင့် သေနင်္ဂဗျူဟာမြောက် လူထုကိုဖိနိပ်နိုင်ရုံဖြင့် အောင်မြင်မှုများတိုးတက် ဖြစ်ထွန်းမှုများ ရရှိနေသည် ဟု ထင်မှတ်နေလို့ကတော့ တက်တက်စင် လွဲမှား သွားပြီဟု မှတ်ချက်ပြုရတော့ပေမည်။

အဆိုပါ နိပ်ကွပ်မှု့များကြောင့် တဒင်္ဂငြိမ်ဝပ်သွားသည်ကို မာနကြီးတစ်ခွဲသားဖြင့် ငါတို့လုပ်ဘာခံနိုင်မှာတုန်းဆိုပြီး ထင်မှတ်နေသည့်အထဲတွင် နအဖကို ဆန့်ကျင်နေသူတချို့ပင် သံယောင် လိုက်ပြော ဆို တတ်သည် ကိုစိတ်မကောင်း စွာကြားရသည်။

စည်းရုံးရေးစွမ်းရည် နှင့် ယုတ်မာ ကြမ်းတမ်း ရက်စက်မှုအကြား ကွဲပြားစွာ မခွဲခြားနိုင်သ၍ နအဖ လုပ်တာ အောင်မြင်တာပဲ ဟု အထင်ရောက်နေခြင်းသည် အဆန်းတကြယ်တော့ မဟုတ်တော့ပါ။

တနည်းပြောရလျှင် နအဖစစ်ဗိုလ်ချုပ်ကြီးများ သတ္တိမရှိ၍သာဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်သူသတ္တိရှိသူသာ ဆိုလျှင် ပြည်သူလူထုထံ အခွင့်အရေးများအပ်နှံရဲရမည်သာ ဖြစ်သည် ။ နေရာပေးရမည်သာဖြစ်သည်။ ထိုသို့ သဘောထားပြည့်ဝစွာ ဖြေရှင်းလျှင် အဘယ်မျှသော ပြဿနာများ မပြေလည်ပဲရှိအံ့မည်နည်း။

ယခုတော့ထိုသို့မဟုတ် .........။

အားလုံးကို သေနတ်ဖြင့် ချိန်ထားလိုသည် နေရာကောင်းမှန်သမျှ မဖယ်ပေးချင်ကြ။ ငါကောင်းစားရေး ဗဟိုပြုဝါဒဖြင့် ငါနှင့်ငါ့ဆွေမျိုးကောင်းစားရေး ငါ့ အဖွဲ့သားများ ကောင်းစားရေးအလံကို လွင့်ထူလိုက်သည်။

စစ်တပ်ကြီးစိုးရေး အတွေးအခေါ်ကို စိုက်ထူထားလိုက်ကြသည် .........။

ပြည်သူလူထုက ဘောင်းဘီရှည်ဝတ်လာတာမြင်လျှင် တရုတ်မတောင်ကြောက်ရသည့် အဖြစ်မျိုး ရောက်အောင်ဖန်တီး ထားသည် ။

ယနေ့လက်ရှိ ဗမာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မှူး တပ်သားများသည်ပင်လျှင် စစ်ကျွန်စနစ်ကြီး၏ သားကောင်များဖြစ်နေရပြီဆိုလျှင် မှားမည်မဟုတ်ပေ။

တပ်မတော်အတွင်းရှိ စစ်သားတိုင်းလိုလိုက မိမိတပ်မတော်သည် တိုင်းပြည်ကို ကာကွယ်သည့် အဖွဲ့အစည်း အဖြစ်သာ ခံယူလိုကြသော်လည်း စစ်တပ်ကို ခုတုံးလုပ်၍ လူအုပ်စုတစ်စုက တိုင်းပြည်ကိုထင်သလိုချယ်လှယ် နေကြသည် ကိုတော့ ကြိုက်ကြမည်မထင်ပါ။

နအဖစစ်အုပ်စုပြောတဲ့ စစ်မှန်ပြီးစည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုတာ ပြည်သူလူထုလိုချင်နေသည့် ဒီမိုကရေစီနှင့် တော့ ရထားတလမ်း သံတလမ်းဟု သာ ဆိုရတော့မည် ဖြစ်သည် ။

အုပ်ချုပ်သူလူမျိုးစုံက ဒီမိုကရေစီ၏ အမည်ကို အာဏာအတွက် အမျိုးမျိုးဆွဲယူ အသုံးချတတ်ကြသည်။ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီဆိုလျှင် အဘယ်ကြောင့် ငြိမ်းချမ်းစွာ လမ်းပေါ်ထွက် ဆန္ဒပြသူများကိုနှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့သနည်း အသင်းအဖွဲ့ဖွဲ့စည်းခွင့်များ လွပ်လပ်စွာထုတ်ဖေါ်ရေးသားခွင့် စည်းရုံးလှုပ်ရှားခွင့်များ ကို ဘာကြောင့်ခွင့်မပြုနိုင်ဖြစ်နေ သနည်း?

စသည့် .. စသည် ဒီမိုကရေစီ တန်ဘိုးများနှင့်ချိန်ထိုးကြည့်လျှင်ပင် နအဖ၏ ဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ် ဆီသို့ ဆိုသည့် စကားမှန်မမှန်ကို ယထာဘူတ ကျကျ ပိုင်းခြားသိမြင် နိုင်မည်ဖြစ်သည်။

ဒါကြောင့်မို့တာလျှင် အမြင်ခြင်းထပ်တူမကျနိုင်တာကို ဆန့်ကျင်ဘက်လို့ သမုတ်လိုက်သည်လို့ ထင်သည်။

(၁၉၈၈) ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီး အတွင်း စစ်ထောက်လှမ်းရေး စစ်ကြောရေးစခန်းမှပြန်လည်လွတ်မြောက်လာ တဲ့ ရဲဘော်ကြီးပြောတဲ့ စကားအတိုင်းပြောရရင်တော့ ခပ်စိမ်းစိမ်းလေးပဲမြင် ပါရစေတော့လို့ ပြောလိုက်ချင်ပါတယ်။

No comments: