Friday, August 7, 2009

လူထုကိုမျက်နှာမူသည့် နိုင်ငံရေးလုပ်ဆောင်ရန်လိုအပ်ဟုမြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများ ပြောကြား

NEJ / ၇ သြဂုတ် ၂၀၀၉

ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားခဲ့သည်မှာ ၈-၈-၀၉ တွင် ၂၁ နှစ်ပြည့်ပြီဖြစ်သော်လည်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးများ မရရှိသေးသည့်အတွက် မြန်မာ့ဒီမိုကရေစီအင်အားစုများအနေဖြင့် လူထုကိုမျက်နှာမူသည့် နိုင်ငံရေးလုပ်ဆောင်ရန်လိုအပ်ကြောင်း လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ပြောသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးမှ ခေါင်းဆောင်ကောင်းများ၊ နိုင်ငံရေးအဖွဲ့အစည်းကြီးများကို မွေထုတ်ပေးလိုက်သော်လည်း ဒီမိုကရေစီလှုပ်ရှားမှုကြီးအတွင်း အမှန်တကယ်ညီညွတ်သည့် ခေါင်းဆောင်မှုကို မတည်ဆောက်နိုင်သေးကြောင်း ကိုအောင်မိုးဇော်က ပြောသည်။

၎င်းက “ကျနော် အဓိကအားဖြင့်တော့ နှစ်ချက်ပြောချင်တယ်။ တခုက တကယ်ညီတဲ့ ခေါင်းဆောင်မှု၊ ကောလက်တစ် စုပေါင်းခေါင်းဆောင်မှု လိုအပ်တယ်။ ဒုတိယတခုကတော့ ကျနော်တို့ နိုင်ငံရေးလုပ်နေတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီရေးကို ဆောင်ရွက်နေတဲ့ ကနေ့ကာလမှာ တကယ်ပြည်သူကို မျက်နှာမူတဲ့၊ လူထုကို တကယ်မျက်နှာမူတဲ့ လူထုအတွင်းမှာ တကယ့်နိုင်ငံရေးကို သေသေချာချာလုပ်သင့်တယ်၊ တစိုက်မတ်မတ် လုပ်သင့်တယ်” ဟု ပြောသည်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲနောက်ပိုင်းကာလများတွင် ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီး၏ အောင်သီးအောင်ပွင့်များဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ကဲ့သို့ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်အပါအ၀င် ဗကသ ခေါင်းဆောင်များ၊ ၁၉၉၀ ပြည့်ရလဒ် စသည်တို့ကို စစ်ခေါင်းဆောင်များက မြန်မာ့နိုင်ငံရေးမှ ဖယ်ထုတ်ရန် တစိုက်မတ်မတ် ဖိနှိပ်နေဆဲဖြစ်သည်ဟု ကိုအောင်မိုးဇော်က ပြောသည်။

“ဒါတွေကို ဒီနေ့ကာလမှာ အနှစ် (၂၀) ကျော်တဲ့တိုင် နအဖက ပြင်းပြင်းထန်ထန် ချေမှုန်းနေသော်လည်း မပျက်သုဉ်းသေးဘူး။ ကြံ့ကြံ့ခံနေတုန်းပဲ။ အခု နအဖက ၂၀၁၀ ရွေးကောက်ပွဲကို ပြင်ဆင်နေတယ်။ ၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို သူတို့ဖျက်သိမ်းဖို့ ကြိုးစားတဲ့ နောက်ခြေလှမ်းတခုဖြစ်တယ်။ အဲတော့ ရှေ့ဆက်ပြီးတော့ ကျနော်တို့ ဘာလုပ်မလဲလို့ မေးမယ်ဆိုရင်တော့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့ ရဲဘော်တွေအနေနဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးက ပေးအပ်ခဲ့တဲ့ ကျနော်တို့ရဲ့ အောင်သီးအောင်ပွင့်တွေကို ဆက်ပြီး ကာကွယ်ရမယ်၊ ဆက်ပြီး ထိန်းသိမ်းရမယ်။ ခိုင်မာအောင် ဆက်ပြီးတော့ လုပ်ရမယ်လို့ ပြောချင်တယ်။ ကျနော်တို့ အင်အားစုတွေအနေနဲ့ ပြည်တွင်းမှာ လူထုလှုပ်ရှားမှု ဖြစ်ပေါ်လာရေးကို အားလုံးက အာရုံစိုက်ပြီးတော့ ပြည်သူလူထုကို မျက်နှာမူတဲ့ နိုင်ငံရေးကို တက်တက်ကြွကြွ ကျနော်တို့လုပ်ဖို့လိုတယ်။ ဆက်ပြီးတော့ ကျနော်တို့ ကြံ့ကြံ့ခံ လုပ်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစု အသီးသီးကြားတွင်ဖြစ်စေ၊ အနိမ့်ဆုံးအဆင့် အပစ်အခတ်ရပ်စဲရေးအင်အားစုများတွင် ဖြစ်စေ အားလုံးတွင် တူညီသည့်အချက်တခုရှိကြောင်း၊ ယင်းမှာ ဒီမိုကရေစီကိုလိုလားခြင်း၊ ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်လိုခြင်းဖြစ်ကြောင်း ကိုအောင်မိုးဇော်က ပြောသည်။

“သို့သော် ကျနော်တို့ ရည်ရွယ်ချက်တင် တူနေလို့မရဘူး၊ အသံတင် တူနေလို့မရဘူး၊ အလုပ်တွေပါ တူဖို့လိုတယ်လို့ ကျနော်တော့ ပြောချင်တယ်။ ပြည်တွင်းက ဆရာကြီးဦးဝင်းတင်ရဲ့ စကားကို ကျနော် ကိုးကားချင်တယ်။ အသံတူဖို့လိုတယ်၊ အလုပ်တူဖို့လိုတယ်ဆိုတဲ့ကိစ္စ။ အခုလောလောဆယ်ကာလမှာ ကျနော်တို့ အသံတူတယ်လို့ ပြောလို့ရတယ်။ ကျနော်တို့ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောနေတဲ့ကိစ္စတွေကို အင်အားစုတွေအသီးသီးက ထောက်ခံကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ကိစ္စတွေကို အင်အားစုတွေ အသီးသီးက ထောက်ခံကြတယ်။ စတဲ့ အသံတူညီမှုတော့ ရှိတယ်လို့ ကျနော်တို့ ပြောချင်တယ်။ သို့သော်လည်း အလုပ်တွေတူလာအောင် ဆက်ပြီးတော့ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့ ဒီရလဒ်တွေကို ဒီထက် ခိုင်မာအားကောင်းအောင် လုပ်ဖို့ဆိုလို့ရှိရင် ကျနော်တို့အနေနဲ့ လူထုကို မျက်နှာမူတဲ့ နိုင်ငံရေးလုပ်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်ပြီး “ကျနော်တင်ပြချင်တာကတော့ လူထုအားနဲ့တားမှပဲ ကျနော်တို့တိုင်းပြည် အပြောင်းအလဲဖြစ်နိုင်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒီလိုကျနော်ပြောတာက တခြားနိုင်ငံတကာဖိအားတို့၊ ဘာတို့ကို ပစ်ပယ်တာမဟုတ်ပါဘူး။ အခြေခံအကျဆုံး ကျောရိုးက၊ အခြေခံအကျဆုံးအားက ပြည်သူတွေအတွင်းမှာပဲ ရှိတယ်ဆိုတာကို ကျနော် အဓိကပြောချင်တာဖြစ်ပါတယ်။
နအဖက ဘယ်သူ့ကိုမှဂရုမစိုက်တော့ဘူး။ သူတို့လုပ်ချင်တာလုပ်တော့မယ်ဆိုတဲ့ အခြေအနေ ရှိနေတယ်။ အဲလို အခြေအနေမျိုးကို လူထုအားနဲ့ မတားဘူးဆိုလို့ရှိရင် တခြားနည်းနဲ့တားနိုင်ဖို့ကတော့ တော်တော်ခက်တယ်လို့ ကျနော်ထင်တယ်” ဟု ကိုအောင်မိုးဇော်က ရှင်းပြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၏ ဥက္ကဋ္ဌ ကိုသံခဲကလည်း
ရှစ်လေးလုံးအရေးတော်ပုံကြီးသည် မြန်မာနိုင်ငံသမိုင်းတွင် ဒီမိုကရေစီအုတ်မြစ်ကို ချပေးခဲ့သည့် မှတ်တိုင်တခုဖြစ်ပြီး ယခုအချိန်အထိ ဆက်လက်ရှင်သန်ဆဲဖြစ်သည်ဟု ပြောသည်။

၎င်းက “ရှစ်လေးလုံး ဒီလူထုအရေးတော်ပုံဆိုတာ ဗမာပြည်ဒီမိုကရေစီရရှိရေးမှာ သမိုင်းမှတ်တိုင်း တခုဖြစ်ပါတယ်။ ဗမာနိုင်ငံရေးရဲ့ တပါတီအာဏာရှင်စနစ်ကို ချုပ်ငြိမ်းပြီးတဲ့အခါ ဗမာပြည်ဟာ ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်ကို သွားတော့မယ်ဆိုတာကို ပြည်သူလူထုက ခိုင်ခိုင်မာမာ ပြတ်ပြတ်သားသား တညီတညွတ်တည်း ပြလိုက်တဲ့ ပြယုဒ်တခုလို့ ပြောမယ်ဆိုရင် မှားမယ်မထင်ပါဘူး။ အခုလည်း ဒီနေ့အခြေအနေအထိ ၁၉၈၈ ခုနှစ်က ပေါ်ထွန်းခဲ့တဲ့ အသီးအပွင့်တွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေ၊ ဒါတွေကို နအဖစစ်အစိုးရက အခုအချိန်ထိ ရှစ်လေးလုံး အသီးအပွင့်တွေကို ဟန့်တားနေဆဲဖြစ်တယ်ဆိုတာ တွေ့နေရပါတယ်” ဟု ပြောသည်။

ယင်းသို့ ရှစ်လေးလုံးအသီးအပွင့်များ ဖြစ်ထွန်းခဲ့သော်လည်း ယင်းအချိန်၌် အရေးတော်ပုံကြီးတွင် ဦးဆောင်တိုက်ပွဲဝင် နေသူများကြား စည်းစည်းလုံးလုံးဖြင့် တောင်းဆိုထားသည့် ကြားဖြတ်အစိုးရကို မဖွဲ့စည်းနိုင်ခြင်းသည် အဓိက အားနည်းချက် ဖြစ်သည်ဟု ကိုသံခဲက ယူဆသည်။

၎င်းက “နိုင်ငံရေးဦးဆောင်မှုလို့ပြောရင်လည်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ ကျနော်တို့ တတိုင်းပြည်လုံး စည်းလုံးညီညွတ်စွာနဲ့ ကျနော်တို့ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တယ်။ နောက်ပြီးတော့ လွတ်လွတ်လပ်လပ်နဲ့ ကျနော်တို့ အားလုံးရဲ့ တောင်းဆိုချက်တွေဟာ တူညီပါတယ်။ အထူးသဖြင့်ကတော့ ကျနော်တို့ တပါတီစစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေး၊ ပါတီစုံဒီမိုကရေစီစနစ်တည်ဆောက်ရေး စသဖြင့် ဒီကြွေးကြော်သံတွေအားလုံးပဲဖြစ်ဖြစ် ဒီဦးတည်ချက်တွေအားလုံးဟာ တတိုင်းပြည်လုံး တူညီကြပါတယ်။ နိုင်ငံရေးအင်အားစုတွေ အားလုံးလည်း တူညီကြပါတယ်။ သို့သော်လည်းပဲ အဲဒီတူညီချက်ကို အပြည့်အ၀အကောင်အထည်ဖော်ဖို့နဲ့ ချုပ်ငြိမ်းနေတဲ့ အုပ်ချုပ်ရေး တိုင်းပြည်အာဏာကို ဖြည့်ဆည်းဖို့နေရာမှာ ကျနော်တို့ နိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ တညီတညွတ်တည်း ဆုံးဖြတ်နိုင်ခဲ့ခြင်းမရှိတာဟာ ကျနော်တို့အတွက် အားနည်းချက်ပဲဖြစ်ပါတယ်” ဟု ပြောသည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးသည် ဒီမိုကရေစီအုပ်မြစ်ကို ချပေးသည့်မှတ်တိုင်တခုဖြစ်ပြီး ဆက်လက်အကောင်အထည် ဖော်ရန်အတွက် ဒီမိုကရေစီအင်အားစုများအနေဖြင့် အားနည်းချက်များကို ပြင်ဆင်ရန်လိုအပ်ကြောင်း၊ ယနေ့ မြန်မာနိုင်ငံ အခြေအနေသည် နိုင်ငံရေးအကျပ်အတည်းဖြင့်ရင်ဆိုင်နေရပြီး ယင်းပြဿနာကိုဖြေရှင်းရန်မှာ နအဖစစ်အစိုးရတွင် အဓိကတာဝန်ရှိကြောင်း ကိုသံခဲက ပြောသည်။

“ဒါကြောင့်မို့ နအဖစစ်အစိုးရအနေနဲ့ ရွေးပေးရမယ့်လမ်းဟာ နှစ်လမ်းပဲရှိတယ်။ တခုက ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိလွှတ်မလား၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲလုပ်မလား၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် အခုလုပ်နေတဲ့ လမ်းပြမြေပုံကို ရပ်ပစ်မလား။ ဒီလိုမှမဟုတ်ဘဲနဲ့ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင်တော့ ကျနော်တို့အဖို့မှာ ရွေးချယ်စရာ လမ်းမရှိဘူး၊ ပြည်သူလူထုအနေနဲ့လည်း ဒီစနစ်အောက်မှာ၊ ဒီလောက်အကျပ်အတည်းတွေ ကြားထဲမှာ ရုန်းကန်ဖောက်ထွက်မှပဲဖြစ်မယ်။ ဒီလို ပြည်သူလူထုရဲ့ အုံကြွမှုတွေ၊ ပြည်သူလူထုရဲ့ တောင်းဆိုဆန္ဒပြမှုတွေကို ရင်ဆိုင်မလားဆိုတဲ့ နောက်တနည်းကိုပဲ ရွေးချယ်စရာပဲရှိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်သူလူထုအနေဖြင့် စီးပွားရေးအရသော်လည်းကောင်း၊ လူမှုရေးအရသော်လည်းကောင်း လွန်ခဲ့သည့် ရှစ်လေးလုံး အခြေအနေထက် အဆမတန် ဆိုးဝါးနေသည့်ကာလကို ရင်ဆိုင်နေရသဖြင့် ပြည်သူလူထုသည် ယင်းအခြေအနေမျိုးအောက်မှ ရုန်းကန်ထိုးဖောက်မှရမည်ဆိုသည့် အသိတရားရှိနေသဖြင့် လူထုအုံကြွမှု အချိန်မရွေးဖြစ်ပေါ်နိုင်သည်ဟု ကိုသံခဲက ပြောသည်။

“နိုင်ငံရေးအစုအစည်းတွေ အားလုံးအနေနဲ့လည်း ဒီနေ့ကာလဟာ ငါတို့အနေနဲ့မရုန်းလို့မရဘူး။ မရုန်းရင် မဖြစ်တော့ဘူးဆိုတဲ့ အသိတရားဆိုက်နေပါတယ်။ အဲဒီအသိတရားကနေတဆင့် အခု နအဖလုပ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုဆန့်ကျင်မလဲ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုတိုက်ဖျက်မလဲ စသဖြင့် ဒါတွေကို ပြည်သူလူထုရဲ့ လှုပ်ရှားမှုတွေနဲ့အတူ ချိတ်ဆက်သွားကြရလိမ့်မယ်လို့ ကျနော်ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ထိုသို့ လူထုကြားတွင်ပေါက်ကွဲမှုတခုခုဖြစ်ပေါ်လာပါက နိုင်ငံရေးဦးဆောင်မှုတွင် ပြတ်ပြတ်သားသားနှင့် ဦးဆောင်နိုင်မည့် သူများ လိုအပ်ကြောင်း၊ ယင်းအတွက်လည်း ပြည်သူလူထုနှင့်ကြားတွင် ချိတ်ဆက်ပေးမည့်လူများလိုအပ်ကြောင်း၊ ပြည်သူအားလုံးသည် စည်းစည်းလုံးလုံးဖြင့် စစ်အာဏာရှင်စနစ်ကို စနစ်တကျ ဆက်လက်တိုက်ပွဲဝင်သွားကြရန် လိုအပ်ကြောင်း ကိုသံခဲက ပြောကြားသည်။


No comments: