ဗထူး
ယမန်နေ့နံက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် လုံခြုံရေးများ ယခင်ရက်များနှင့်မတူ ထူထပ်စွာ ချထားသည်။
အာဏာပိုင်အဖွဲ့အစည်းပေါင်းစုံ ပါဝင်သည့် အင်အား ၂၀၀၀ ခန့်အား အင်းစိန်မြို့နယ်ရှိ ရပ်ကွက်အ၀င်အထွက်များတွင် ချထားသည်ဟု အင်းစိန်မြို့ခံများက ပြောဆိုသည်။
“အင်းစိန်မှာ (၂၂) ရပ်ကွက် ရှိတယ်လေ၊ လုံခြုံရေးတွေကို ရဲတို့၊ (မယက)တို့၊ မီးသတ်တို့ တခြား သတ်ဟဲ့ဖြတ်ဟဲ့ဆိုတဲ့ ထောင်ထဲကထွက်လာတဲ့ လူမိုက်တွေပေါင်းပြီး အင်အား ၂၀၀၀ နီးပါး ရပ်ကွက်အ၀င်အထွက်တွေမှာ အကုန်ချထားတယ်ဗျ” ဟု ကိုယ်တိုင်မြင်တွေ့သူတဦးက ပြောသည်။
လုံခြုံရေးများချထားသည့်နေရာမှာ ပေါက်ကုန်း၊ ပိန္နဲကုန်း၊ ဈေးကုန်း၊ အောင်ဆန်း၊ စဥ့်ငူတွင်တစု ဆော်ဘွားကြီးကုန်း၊ ပေါက်တော၊ မြို့သစ်(ဂ)၊ ကမ်းနား၊ ကမ်းနားအလယ်၊ ကြို့ကုန်းအနောက်ကွက်သစ် ဈေးကုန်းအနောက် အဲ့ဒီတွင်တစု ပရိယတ္တိစာသင်တိုက်၊ ကျောက်တော်ကြီးဘုရားဝန်းကျင်တွင်တစု၊ ဖော့ကန် ရွာမအရှေ့ ၊ အလယ်၊ အနောက်ဘက်တွင်တစု စသဖြင့် နေရာယူထားသည်ဟု မြို့ခံများက ပြောသည်။
“ကျနော်တို့ပြည်သူလူထုဆိုတာက ကိုယ့်ဝမ်းစာကိုယ်စားပြီး အေးချမ်းချမ်းပဲ ဈေးလေးရောင်းချပြီး ရတဲ့ငွေနဲ့ မိသားစု စားသောက်နေထိုင်ချင်တာပေါ့ဗျာ၊ ဈေးရောင်းဖို့ ဈေးဘက်ကို ထွက်လိုက်ပြီဆိုတာနဲ့ ရဲတွေလက်ထဲမှာ သေနတ်တွေ၊ မီးသတ်တွေရဲ့လက်ထဲမှာ နံပါတ်တုတ်တွေ နောက်ပြီးတော့ ကော်လံကတုံးတွေနဲ့ စွမ်းအားရှင်တွေ၊ ကြံ့ခိုင်ရေးတွေ၊ အဲ့ဒါတွေမြင်နေရတော့ သွားသာသွားနေရတယ်၊ ဘာကြောက်လို့ကြောက်ရမှန်းမသိဘဲ သွားလာမှုတွေ ကြပ်တည်းနေတာပေါ့ဗျာ” ဟု လက်ရှိအကြပ်အတည်းကို ဈေးသည်တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမည့်နေ့တွင် ယခုလောက် အင်အားမများဘဲ ယခုမှ အင်အားတိုးချဲ့ချထားခြင်းမှာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့နှင့် နီးကပ်လာသလို ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချမှတ်မည့် ရက်ချိန်းနှင့်လည်း နီးကပ်လာသည့်အတွက် ဖြစ်နိုင်သည်ဟု အဆိုပါဈေးသည်က ဆက်ပြောသည်။
စွမ်းအားရှင်တဦးအား တရက် ၃၅၀၀၊ ထောင်မှထွက်လာသည့် ရာဇ၀တ်အကျဉ်းသားတဦးအား တရက် ၅၀၀၀ ကျပ်ဖြင့် (မယက)၊ ဒုရဲမှူး၊ မြို့နယ်ဦးစီးမှူး၊ (မယက)အတွင်းရေးမှူး၊ (လ၀က)ဦးစီးမှူးနှင့် စည်ပင်အုပ်ချုပ်ရေးမှူးများမှတဆင့် ငှားရမ်းထားရန် ရန်ုကုန်တိုင်းမှ အမိန့်ထုတ်ပြန်ထားသည်။
အင်းစိန်နေပြည်သူတို့မှာ ယခုကဲ့သို့ လုံခြုံရေး ထူထပ်စွာ ချထားသဖြင့် စိတ်မချမ်းမသာဖြစ်နေရကြောင်း အင်းစိန်မြို့ခံက “တိုင်းပြည်က အေးချမ်းသာယာနေပါပြီဆိုပြီးတော့ ပြောတယ်၊ ဒါပေမဲ့ အေးချမ်းသာယာနေတဲ့ ရပ်ကွက်တွေ၊ မြို့နယ်တွေမှာ ဘာဖြစ်လို့ အဲ့ဒီလောက် လုံခြုံရေးတွေချထားတာလဲ၊ လုံခြုံရေးတွေချထားတဲ့အတွက် အေးအေးချမ်းချမ်း၊ သာသာယာယာနဲ့ မိသားစုအရေးကိုသာ တွေးပြီးတော့ လွတ်လွတ်လပ်လပ်ပေါ့၊ သွားလာပြောဆိုမှုတွေကို လွတ်လပ်စွာ ပြောဆိုလို့မရဘူးဗျာ” ဟု ဆက်လက်ပြောဆိုသွားခဲ့သည်။
No comments:
Post a Comment