Friday, August 7, 2009

သား ရွှေအိုးထမ်းကိန်း


ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်စွဲထားပြီး အချုပ်အနှောင် ကာလကို လျှော့ဖို့မရှိ၊ တိုးဖို့သာ စိတ်ဝင်စားနေတဲ့ စစ်အစိုးရအဖို့ တိုင်းပြည်ကလိုချင်တဲ့ တွေ့ဆုံဆွေးနွေးရေးများ လုပ်ရင်ဖြင့် သူတို့တွေအတွက်လည်း အကျိုးမနည်းလှပါဘူး။ လုပ်သင့်တာကို ရဲရဲဝံ့ဝံ့ လုပ်စေချင်ပါတယ်။

အကျယ်ချုပ်ကျခံနေရတဲ့ နေအိမ်ကို နိုင်ငံတော်က လုံခြုံရေး ယူထားတဲ့ကြားထဲ မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့ဒေသက ယောက်ျားသားတယောက်က ရေကူးဝင်ရောက်သွားတဲ့ ဇာတ်လမ်းဟာ ကမ္ဘာအနှံ့ အံအားသင့်စရာပါပဲ။ ရက်ပိုင်းအကြာမှာ အကျယ်ချုပ်ကျခံနေရသူကို တရားစွဲလိုက်တော့ ဘယ်သူမှ ဝမ်းသာအားရ ကြည့်ရက်နိုင်တဲ့ ဖြစ်ရပ်မျိုး မဟုတ်ခဲ့ပါဘူး။

သက်ပြင်းချသံ၊ တောက်ခေါက်သံတွေဟာ ကမ္ဘာမြေတလွှား ကျော်ကြားသွားပြီး တသံတည်း စုစည်းမှုအဖြစ် ပေါင်းစပ်ပေးလိုက်တာက - 'ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး … တို့အရေး'၊ 'ချက်ချင်း လွှတ် … ချက်ချင်း လွှတ်' ပါ။

အသေအချာ စီစဉ်သတ်ဖြတ်တဲ့ ဒီပဲယင်းဇာတ်၊ အပ်တိုတချောင်း ကိုင်မထားတဲ့ ကျောင်းသား ခေါင်းဆောင်တွေကို နှစ် ၆ဝ ကျော် ထောင်ချ၊ ကိုးကွယ်ရာ သံဃာတော်တွေကို ရိုက်နှက်၊ စိတ်တွေကြေမွ မွဲတေကျနေတဲ့ နာဂစ်လေဘေး ဒုက္ခသည်တွေကို အကူအညီတွေ ဖြတ်တောက်၊ အပျက်အစီးကြားထဲမှာ စစ်တပ်က ဆက်လက်ကြီးစိုးဖို့ ဦးတည်ထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အလိမ်ဇာတ်နဲ့ အတည်ပြု။ ဒါတွေကို မဝေးလှတဲ့ အတိတ်မှာ ကမ္ဘာက မြင်တွေ့ခဲ့ရတာပါ။

ဒါ့အပြင် ကလေးစစ်သား၊ လယ်ယာမြေ အဓမ္မသိမ်းယူ၊ အဓမ္မလုပ်အားပေး အစချီပြီး တိုင်းရင်းသား ခေါင်းဆောင်တွေ နှစ်ရှည်ထောင်ချ၊ လူမျိုးစုတွေကို ထိုးစစ်ဆင်၊ မြောက်ကိုရီးယား - ရုရှားနဲ့ နျူကလီးယား။ အဲဒီလို ရတက်မအေး ရင်လေးစရာတွေက ဒုနဲ့ဒေးပါ။ သည်းခံနိုင်စွမ်းကြီးမားပြီး စိတ်နှလုံး အေးချမ်းလှတဲ့ မြန်မာပြည်သူတွေဟာ အဲဒီလို ဖိစီးမှုတွေ ခါးစည်းခံခဲ့ရတာပါ။

ဒီနှစ်တွေကြားမှာ ကမ္ဘာ့စစ်အာဏာရှင်တွေ တဖြုတ်ဖြုတ်ပြိုကျ ဇီဝိန်ချွေချခံရ၊ စစ်ရာဇဝတ်မှုနဲ့ ဝရမ်းပြေး ဖြစ်လို့ဖြစ်၊ တရားစွဲ ခံရလို့ခံရ ဖြစ်ခဲ့ပေမယ့်၊ မြန်မာစစ်ခေါင်းဆောင်တွေကတော့ သူမတူအောင် ထူးချွန်လှတဲ့ မကောင်းမှုတွေနဲ့အတူ အသက်ဆက်နေနိုင်ပြန်ပါတယ်။

မြန်မာပြည်ထဲမှာတော့ ၂ဝ၁ဝ ရွေးကောက်ပွဲကို ၂ဝဝ၈ လူထုဆန္ဒခံယူပွဲနည်းတူ အလေးမထားပေမယ့် ဒေါ်စုအမှု သတင်းကို နားစွင့်နေကြသလို၊ ဒေါ်စုကို ပြစ်ဒဏ်ပဲချချ၊ လွှတ်လို့ပဲပေးပေး အတိုက်အခံတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းအဖို့ စုစည်းမှုတွေ ဖုတ်ပူမီးတိုက် လုပ်မယ့်သဘော ရှိပါတယ်။

ပြစ်ဒဏ်ချရင် 'ဒေါ်စုလွှတ်ရေး' အသံပေးတဲ့ အင်အားစုတွေ အလျင်အမြန် ပေါင်းစပ်ဖွယ်ရှိသလို၊ လွှတ်ရင်လည်း ဒေါ်စုရဲ့ ဦးဆောင်မှုနဲ့ တိကျတဲ့ လုပ်ငန်းစဉ်တွေ ပေါ်လာမှာပါ။

လိပ်ခဲတည်းလည်းဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေး ဇာတ်မျောကြီးဟာ မကြာခင်မှာ စာမျက်နှာသစ် ဖွင့်ဖို့သာ ရှိပါတယ်။ ညီညွတ်ရေး ဖြစ်ထွန်းမှုအသစ် (ဆရာကြီး ဦးဝင်းတင်ပြောသလို နိုင်ငံရေးအသစ်) တွေကဖြင့် ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံရမှုကို အကြောင်းပြုပြီး ပေါ်ထွက်လာတော့မှာပါ။ စစ်အစိုးရရော၊ အတိုက်အခံတွေပါ ဒီဇာတ်ခုံသစ်မှာ စိန်ခေါ်ချက်တွေ ကြီးမားပါတယ်။

စစ်အစိုးရအနာဂတ်အတွက် အရေးကြီးတဲ့ လမ်းပြမြေပုံ ဇာတ်လမ်းတွဲကလည်း ရှောရှောရှူရှူ မဖြစ်သေးပါဘူး။ တရားဝင်မှုနဲ့ ပတ်သက်ပြီး ဘက်ပေါင်းစုံကနေ စောကဒတက်စရာတွေ ချည်းပါပဲ။

အများရဲ့ အသိအမှတ်ပြုမှု၊ ထောက်ခံမှုကို ထူးထူးကဲကဲ ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့သာ သတ္တိရှိရှိ ရင်ဆိုင်တွေ့ဆုံမယ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ခြေလှမ်းကို စတင်မယ်ဆိုရင် တတိုင်းပြည်လုံးမှာ ဖြစ်နေတဲ့ ဇာတ်မျောကြီးကို နိဂုံးကမ္ပတ် အဆုံးသတ်ဖွယ် ရှိပါတယ်။ တိုင်းပြည်အတွက် ကောင်းမွန်တဲ့ ဇာတ်သိမ်းခန်းမျိုး ဖြစ်မှာပါ။


No comments: