ကေအက်စ်
စင်ကာပူနိုင်ငံ စာပေ မြတ်နိုးသူများက ဦးဆောင် ကျင်းပသည့် ဒုတိယအကြိမ် စာပေ ဟောပြောပွဲ အတွက် လက်မှတ် စောင်ရေ ၁၂၀၀ က ပွဲမကျင်းပမီ ရက်အတန်ကြာ ကတည်းက ရောင်းကုန်သွားပြီ ဆိုသည့် သတင်းကြားရသည်။ စောစောစီးစီး တင်ကြို လက်မှတ် ဝယ်ထားမိ သောကြောင့် တက်ရောက်ခွင့် ရခဲ့ခြင်း ဖြစ်သည်။
၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက် တနင်္ဂနွေနေ့ မွန်းလွဲ ၂ နာရီခန့်တွင် China Town ရှိ Kreta Ayer ခန်းမအနီး တ၀ိုက်ဝယ် ဟောပြောပွဲလာ မြန်မာ ပရိသတ်များဖြင့် စည်ကားလျက် ရှိသည်။ ဟောပြောမည့် ဆရာများဖြစ်သည့် လယ်တွင်းသား စောချစ်၊ မောင်စိန်ဝင်း (ပုတီးကုန်း) နှင့် ကာတွန်း အော်ပီကျယ်တို့က ရေးသား ထုတ်ဝေခဲ့သော စာအုပ်များကို လက်မှတ်ထိုး ရောင်းချပေးပါသည်။
ပထမအကြိမ် စာပေ ဟောပြောပွဲ ကျင်းပခဲ့သည့် ခန်းမထက် နှစ်ဆခန့် ကျယ်ဝန်းသော Kreta Ayer ခန်းမတွင် ပရိသတ်များက အပြည့်အလျှံ နေရာယူ ကြပြီးသော အခါ မြန်မာ ၀တ်စုံများကို သပ်ရပ် တင့်တယ်စွာ ၀တ်ဆင် ထားကြသည့် နီအန်းပိုလီ ကျောင်းမှ ကျောင်းသား ကျောင်းသူ ကလေးများက အခမ်းအနား အစီအစဉ်ကို ဖတ်ကြားကြသည်။
အခမ်းအနား တလျှောက်လုံးတွင် ကျောင်းသားကျောင်းသူကလေးများက ဆရာတို့၏ လက်ရာများအကြောင်း ဆွေးနွေးလေဟန် အပြန်အလှန်ပြောစကားများဖြင့် သွက်လက်ပေါ့ပါးစွာ တင်ဆက်သွားကြပုံမှာ တမူထူးခြားလှသည်။
စာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် အတက်ကြွဆုံး စီစဉ်သူတဦးဖြစ်သည့် စင်ကာပူ သဇင် Success မဂ္ဂဇင်း အယ်ဒီတာ ဆရာကောင်းမြတ်နွယ်က ဆရာများ၏ အတ္ထုပ္ပတ္တိကို တဦးချင်းစီ၏ ဟောပြောမှုမတိုင်မီ ဖတ်ကြားပေးသည်။ အတ္ထုပ္ပတ္တိများကို မိတ်ဆက်တင်ပြနေစဉ် စင်မြင့်ပေါ်မှ ပရိုဂျက်တာပိတ်ကားဝယ် ဆရာတို့၏ဓာတ်ပုံများ၊ ထုတ်ဝေခဲ့သော စာအုပ်မျက်နှာဖုံးများ၊ ဆရာအော်ပီကျယ်၏ ကာတွန်းလက်ရာများ ကို ဗီဒီယိုဖြင့် ပြသပုံမှာလည်း မနှစ်ကထက် တိုးတက်ထူးခြားလာခြင်း ဖြစ်လေရာ အထူးစိတ်ဝင်စားဖွယ် ကောင်းလှသည်။
ပထမဆုံး အလှည့်ကျသူမှာ “ဘ၀မှစာ၊ စာမှဘ၀” ဟူသည့်ခေါင်းစဉ်ဖြင့် ဟောပြောမည့် ဆရာလယ်တွင်းသား စောချစ်ဖြစ်သည်။ ကျန်းမာရေး မကောင်းသည့်ကြားမှ လာရောက်ဟောပြောသည့် ဆရာလယ်တွင်းသားစောချစ်သည် ဖိတ်ကြားခံရသည့်အတွက်ရော၊ ဤမျှများပြားသည့် ပရိသတ်ကို တွေ့မြင်ရသည့်အတွက်ပါ ကြည်နူးဝမ်းမြောက်မိကြောင်း ပြောသည်။ သူ၏ စာပေဟောပြောပွဲ အတွေ့အကြုံတခု အကြောင်းကို အသောဖောက်ကာ ပြောကြားခြင်းဖြင့် ဟောပြောမှုကို စတင်မိတ်ဆက်သည်။
စာရေးဆရာများသည် ဘ၀ထဲက အတွေ့အကြုံများကို ကုန်ကြမ်းအဖြစ် အခြေပြုကာ မိမိကိုယ်တိုင် သိမြင်ခံစား နားလည်ခဲ့သည့် သိမှတ်စရာများကို အနုပညာ အတတ်ပညာဖြင့် ဖန်တီးပြီး စာဖတ်သူသို့ ဝေမျှပေးသည့် အကြောင်းကို ဆရာကိုယ်တိုင် လှတောရွာသားများထံမှ တွေ့ကြုံမှတ်သားခဲ့ရသော စကားများဖြင့် ဥပမာပေး၍ ပြောသွားသည်။
ဘ၀ထဲမှ စာများကို နာယူမှတ်သားရာတွင် မိမိထက် ငယ်ရွယ်သူများကိုလည်း အထင်သေး၍ မရကြောင်း “ချိုဆိမ့် အီပျစ်ခွေလဲ” ဟူသည့် ဆရာအီကြာကွေး၏ လက်ဖက်ရည်မှာဟန်အတိုင်း ဆရာလယ်တွင်းသားစောချစ်က မှာလိုက်သည်ကို လက်ဖက်ရည်ဆိုင်ဝန်ထမ်း ကလေးများက “ကျောက်ပန်းတောင်း ဂိတ်ဆုံး၊ တိုင်ဖက် ပက်လက်လန်၊ မြောင်းကြားထဲ ခေါင်းစိုက်” ဟူ၍ ဉာဏ်ရွှင်စွာဖြင့် ချဲ့ကား ဖြည့်စွက်ပြောပုံဖြင့် ရယ်ရွှင်ဖွယ် သာဓကအဖြစ် ပြောပြသည်။
ဆက်လက်ပြီး လူတဦး၏ အောင်မြင်တိုးတက်ရာ တိုးတက်ကြောင်းအတွက် “အောင်စိတ်” မွေးပြီး ညံ့စိတ်၊ ရှုံးစိတ်၊ ကျစိတ်တို့၏ မြစ်ဖျားခံရာ “သိမ်ငယ်စိတ်” ကို ပယ်ဖျောက်သင့်ကြောင်း၊ ဆရာ့ဘ၀ဇာတ်ကြောင်းမှတဆင့် သင်ခန်းစာ ယူနိုင်ရန် ပြောပြသည်။
“စာမှ ဘ၀” ဟူသော အခန်းကဏ္ဍ အနေဖြင့် စာပေများ ဖတ်ရှုသောအခါတွင် စာပါ အကြောင်းအရာ အတွေးအခေါ်များက ဘ၀တက်လမ်းကို လွှမ်းမိုးနိုင်ပုံကိုလည်း လူငယ်များ သင်ခန်းစာယူနိုင်ရန် ဆက်လက်ပြောပြခဲ့သည်။ ဆန္ဒကို ဓိပတိတင်၊ ၀ီရိယဖြင့် ရည်မှန်းချက်ကို ပြည့်အောင်ဖြည့်ကာ အစွန်းမရောက်ဘဲ ပျော်ရွှင်စွာနေထိုင်ကာ ဘ၀ပန်းတိုင်တံခါးများကို တချပ်ပြီး တချပ်ခေါက်ကာ အားထုတ်သင့်ကြောင်းကို ပြောပြသည်။
အောင်မြင်ခြင်းအပြင် ကျက်သရေတည်ရန် နောက်ထပ်အရေးကြီးသည်မှာ “စိတ်ကောင်းရှိပါ” ဟူသည့်အချက်ဖြစ်ကြောင်း၊ မိမိကိုယ်ကို နှိမ့်ချခြင်းသည် ပညာရှိဖြစ်ရုံမက ပညာရှိသူတော်ကောင်းအဖြစ်ကိုပါ ရောက်ရှိစေကြောင်း အသိပညာ ဝေမျှပေးသွားခဲ့သည်။
ဒုတိယမြောက် အလှည့်ကျသူမှာ “သုတရသစာပေ” ဟူသော ခေါင်းစဉ်ကို ဟောပြောမည့် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) ဖြစ်သည်။ ဆရာက အဖွင့်နှုတ်ဆက်ကဗျာအဖြစ် လူငယ်များနှင့် ပတ်သက်သည့် “အရုဏ်ကြို” ဟူသည့် ကဗျာကလေးကို ရွတ်ပြသည်။
ဆက်လက်၍ ဆရာက သုတဆိုသည်မှာ ခေါင်းထဲသို့ ၀င်လာသော အရာဖြစ်ပြီး ရသဆိုသည်မှာ ရင်ထဲသို့ ၀င်လာသော အရာဖြစ်သည်ဟု ရိုးရှင်းစွာ အဓိပ္ပာယ်ဖွင့်လိုက်သည်။ အချုပ်တန်းဆရာဖေ စပ်ဆိုခဲ့သော “ဖိုးတောင်သူ့တဲ” ဆိုသည့် ကဗျာကလေးမှာ ရသစာပေကောင်းတခုအဖြစ် ရင်ထဲစွဲငြိစေသကဲ့သို့ ချမ်းစီးသော ဆောင်းမနက်တွင် မီးလှုံရအောင် ကိုယ့်တဲကို ကိုယ်ဖျက်နေရသည့် အဖြစ်အပျက်မှာ လူတဦးတယောက်အဖြစ်မက တမြို့၊ တရွာ၊ တနိုင်ငံ၏ အဖြစ်တခုအဖြစ် ပိုမိုနက်ရှိုင်းစွာ ဆက်လက်တွေးတောနိုင်ကြောင်းနှင့် ရသစာပေကောင်းများသည် ကာလ၊ အချိန်၊ နေရာကို ဖြတ်ကျော်ကာ ဆီလျော်နေနိုင်ကြောင်းကို ဥပမာပြသွားခဲ့သည်။
စာရေးဆရာတို့သည် မိမိတို့ ဖြတ်သန်းနေရသော ခေတ်ကို ထင်ဟပ်သည့် ရသစာပေများကို ဝေဒနာခံစားချက်၊ စေတနာနှင့် အတတ်ပညာတို့ ပေါင်းစုကာ ဖန်တီးလေ့ရှိကြသည်ဟု ဆိုသည်။
ဆက်လက်၍ ရသကောင်းများပေးသည့် ၀တ္ထုများ အကြောင်းကို ပြောပြပြီး သုတဇာတ်လမ်းများကိုလည်း ဆရာက ဝေမျှပေးသည်။ လူ တဦးအတွက် အရေးအကြီးဆုံးမှာ ကိုယ်ကျင့်တရားနှင့် အမှန်တရားကိုမြတ်နိုးမှု ဖြစ်သည်ဟု ဗိုလ်ချုပ် အောင်ဆန်းက ပြောခဲ့ကြောင်း ဆရာကဆိုသည်။ ထိုအတွေးအခေါ်ကို ဘုရားဟော ဇာတ်တော်တခုတွင်လည်း မှတ်သားခဲ့ရပုံကို ဆက်လက်ပြောပြသည်။
ထို့နောက် ဆရာက အမှန်တရား၊ သူရဲကောင်းဆိုသည့် အဓိပ္ပာယ်၊ လူမသိသူမသိ ပေးဆပ်ခဲ့သော သူရဲကောင်းများ အကြောင်းကို ရှင်းလင်းပြောပြကာ “Two by Two” ဟုအမည်ရသော တရုတ်ဝတ္ထုတပုဒ်ကို ပြောပြသည်။ ဆက်လက်ပြီး “ပန်းတိုင်ရှိရာ” ကဗျာနှင့် “ငှက်တို့၏တေး” ကဗျာတို့ကို ရွတ်ဆိုကာ ဟောပြောမှုကို နိဂုံးချုပ်သွားခဲ့သည်။
ဆရာမောင်စိန်ဝင်း ဟောပြောပြီးသောအခါ ပရိသတ်များ ညနေစာသုံးဆောင်ရန် အားလပ်ချိန် လေးဆယ့်ငါးမိနစ် အနားပေးကာ ဟောပြောပွဲစီစဉ်သူများက ဒန်ပေါက် အအေးများဖြင့် ဧည့်ခံကျွေးမွေးသည်။ အခန်းအနားပြန်စသောအခါ စာပေမြတ်နိုးသူအဖွဲ့ဝင်တဦးက ပထမအကြိမ်စာပေဟောပြောပွဲမှ ရရှိလာသော အမြတ်အစွန်း ငွေကြေးများကို ဆရာဒဂုန်တာရာ၊ ဆရာနေသွေးနီနှင့် ဆရာနတ်နွတ်တို့အား လှူဒါန်းခဲ့ပုံကို နောက်ခံဗီဒီယိုနှင့်တကွ ရှင်းလင်း တင်ပြသည်။
ထို့နောက် ဆရာကောင်းမြတ်နွယ်က ဤဟောပြောပွဲ ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးကြသူများကို ကျေးဇူးတင် စကား ပြောကြားသည်။ အတက်ကြွဆုံး ပါဝင်ကူညီသူ သဇင် Success မဂ္ဂဇင်း၊ သပြေနု ဆိုင်၊ အဓိက ပံ့ပိုးသူ Myanmar Airway International အပါအ၀င် တခြားပံ့ပိုးသူများဖြစ်သည့် Taj Restaurant ၊ Myanmar Club ၊ Future Foundation ၊ ဧရာဝတီစားသောက်ဆိုင်၊ ရဲရင့် ပစ္စည်းပို့ဆောင်ရေးနှင့် တခြားသော ကူညီသူများ၊ ဆိုင်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများ အကြောင်းကို ပရိသတ်သိရှိစေရန် မိတ်ဆက်ပေးသည်။
“တို့ မြန်မာတွေပျော်ပါစေ” ခေါင်းစဉ်ဖြင့် နောက်ဆုံးဟောပြောမည့် ကာတွန်းဆရာ အော်ပီကျယ် အလှည့်တွင် ညနေ စောင်းနေပြီ ဖြစ်သော်လည်း ပရိသတ်မှာ ခန်းမအပြည့် ရှိနေကြတုန်းပင် ဖြစ်ပါသည်။ ဟားဗတ်တက္ကသိုလ်မှ ပြည်သူ့ အုပ်ချုပ်ရေးပညာ မဟာဘွဲ့ကို ရရှိထားပြီး ဆံပင်များ ဖွေးဖွေးလှုပ်နေသော ဆရာသည် ယနေ့အဖို့ ဟောပြောသည့် ဆရာများထဲတွင် အသက်အငယ်ဆုံးဖြစ်ပါသည်။
မြန်မာတွေဟာ သိပ်ပျော်ကြကြောင်း၊ မီးလာလျှင်လည်း တစ်ရပ်ကွက်လုံး ဟေးခနဲ အော်ကာ ပျော်ကြရ၊ နိုင်ငံအဆင့် ဘောလုံးကန်လျှင်လည်း တန်းမ၀င်သော အသင်းငယ်ကလေးတွေကို နိုင်လျှင် ပျော်ကြရနှင့် မြန်မာပြည်သူတွေ ဘ၀ဟာ ပျော်စရာကြီးပါဟု ဆရာက အရွှန်းဖောက်သည်။
ဆရာ စင်ကာပူကို စာပေဟောပြောပွဲ မလာခင် ခရီးသွားနေခိုက် ဆယ်တန်းအောင်ထားသော ဆရာ့သား အငယ် ကားပေါ်မှ ပြုတ်ကျသဖြင့် ခြေနှစ်ဘက်လုံး ထိခိုက်သွားသည့် အကြောင်းကို ပြောပြသည်။ ဆက်လက်ပြီး ဘတ်စ်ကား စပယ်ယာများနှင့် ပတ်သက်၍ ကာတွန်းဆရာကြီး ဦးဘဂျမ်းရေးသားခဲ့သော ကာတွန်းတစ်ပုဒ် အကြောင်း ပြောပြသည်။ ဦးဘဂျမ်းရေးခဲ့သော ကာတွန်းများသည် ခေတ်မီနေတုန်းဟု လူအများပြောလေ့ရှိကြသည့် မှတ်ချက်နှင့်ပတ်သက်၍ ဆရာက ဦးဘဂျမ်းသည် ခေတ်ကို ပြုပြင်စေချင်၍ ကာတွန်းဆွဲကာ ထောက်ပြသွားခဲ့သော်လည်း ခေတ်က မပြောင်းလဲ သေးသဖြင့် ကာတွန်းများမှာ ယနေ့ထက်တိုင် ဆက်လက်ခေတ်မီနေဆဲ ဖြစ်သည်ဟု ဆိုသည်။
ဆရာရေးသားခဲ့သည့် ကာတွန်း အများအပြားမှ ကာတွန်းတချို့ကို စင်မြင့်ပေါ်မှ ပရိုဂျက်တာပိတ်ကားပေါ်တွင် ပြသသွားခဲ့သည်။ မြန်မာပြည်တွင် သုံးစွဲနေရသော Voltage Regulator ၊ transformer ၊ Inverter ၊ AC DC စသည်တို့ကို နိုင်ငံခြားသားက မသိသဖြင့် မြန်မာတဦးက လှောင်ပြောင်သရော်နေဟန် ကာတွန်းပြကွက်၊ လူလေးကြီးရင် ဘာလုပ်မယ် မေမေမေးရင်ကွယ်ဟု မိခင်က မေးလိုက်ရာ ကလေးက နိုင်ငံခြားသား လုပ်မယ် ဟုဖြေပုံ စသည့် ထိမိသည့် ကာတွန်း များကို ပရိသတ်က သဘောကျ ရယ်မောကြသည်။
ဆရာအော်ပီကျယ်က မြန်မာများ ပျော်ကြသည် ဆိုရာဝယ် အကြောက်တရားကင်းသော တကယ့်ပျော်ရွှင်မှု ဟုတ်ရဲ့လား ဟု စဉ်းစားသင့်ကြောင်းကိုလည်း တွေးတောဖွယ် မေးခွန်းထုတ်ခဲ့သည်။
ဆက်လက်ပြီး ပညာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့နှင့် ပတ်သက်၍ ဆရာရေးသားခဲ့သော ကာတွန်းများအကြောင်းကို ပြောပြသည်။ အခြေအနေအရ ကာတွန်းရေးရသည်မှာ ဘောလုံးပွဲတွင် ပင်နယ်တီ ကန်သကဲ့သို့ တည့်တည့် ကန်နိုင်သော အနေအထား မရှိကြောင်း၊ ထောင့်ကန်ဘော ကန်တင်ပေးရသည်နှင့် တူကြောင်း၊ တဘက်အသင်း၏ နောက်တန်းလူခြေထောက်ထဲလည်း ရောက်မသွားရန်၊ ဂိုးသွင်းနိုင်သော အနေအထားလည်း ဖြစ်ရန် ကန်တင်ပေးလိုက်သောအခါ ရယ်မောစရာဟာသကို သဘောပေါက် တွေ့ရှိသွားကြသည်မှာ စာဖတ် သူများက ခေါင်းတိုက် သွင်းလိုက်၍သာ ဖြစ်ပါကြောင်း ဥပမာပေးပြောပြသည်။
စာများက နှလုံးသားတံခါးကို ဖွင့်ပေးနိုင်ရုံသာ တတ်နိုင်ကြောင်း၊ လက်တွေ့အလုပ်လုပ်ကြဖို့ လိုကြောင်း ကိုလည်း ဆရာက ပြောသည်။
“မြန်မာနိုင်ငံသားများကသာ မြန်မာနိုင်ငံအတွက် အပြောင်းအလဲကို ဆောင်ကျဉ်းပေးနိုင်မယ်” ဟု ဆရာက ဆိုသည်။ အမြင့်တနေရာကို ရောက်နေသူများက ပေါ့ပေါ့ပါးပါး အိတ်တလုံးကို အထက်မှ ဆွဲတင်ပေးလျှင် လွယ်ကူနိုင်သော်လည်း ကြီးမားလေးလံသော အရာဆိုပါက အောက်မှ ပခုံးဖြင့်ထမ်းတင်ပေးရန် လိုအပ်ပါကြောင်း ဆရာက ထောက်ပြသည်။
ပညာ အပင်ကို မိမိ တိုင်းပြည်တွင် မစိုက်ပျိုးနိုင်သရွေ့ မြန်မာပြည်အနေနှင့် အောင်မြင်လာမည် မဟုတ်ကြောင်းကို ပြောပြီး စင်ကာပူရောက် မြန်မာများသည် တချိန်ချိန်တွင် မြန်မာပြည်သို့ ပြန်လာကာ မိမိတို့ သက်ဆိုင်ရာ အရည်အချင်း အလျောက် အုတ်တချပ်၊ သဲတပွင့် ကျရာကဏ္ဍမှ ပါဝင်လာမည်ဟု မျှော်လင့်ကြောင်း ပြောသွားခဲ့သည်။
ည ကိုးနာရီခွဲခန့် ဖြစ်လာသော်လည်း ပရိသတ်မှာ လှုပ်လှုပ်ရွရွမဖြစ်၊ ထပြန်ခြင်း မရှိကြဘဲ ဆရာအော်ပီကျယ် ဟောပြော ပြီးဆုံး နိဂုံးချုပ်သည်အထိ အာရုံစူးစိုက်ကာ အားပေးကြသည်။
ဤကဲ့သို့ ပြည်ပရောက်မြန်မာများအတွက် ရယ်မောပျော်ရွှင်စရာများ၊ ဗဟုသုတ အတွေးအမြင်များ၊ ရသစုံများ ဝေေ၀ဆာဆာဖြင့် စိတ်အာဟာရကို ဖြည့်စွမ်းပေးသည့် စာပေဟောပြောပွဲများ အကြိမ်ပေါင်းများစွာ အောင်အောင်မြင်မြင် ကျင်းပနိုင်စေကြောင်းနှင့် ပြည်သူချစ်သော စာရေးဆရာများ အနုပညာရှင်များလည်း အသက်ရှည်ကျန်းမာ ပျော်ရွှင်စွာ လာရောက်ဟောပြောနိုင်ကြစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။
No comments:
Post a Comment