Wednesday, October 6, 2010

ဘင်္ဂလားဒေ့ရှ် မြန်မာ ရေပိုင်နက် ပြဿနာ

ဂျရက် ဘစ်ဆင်ဂျာ

မြန်မာနိုင်ငံကို စောင့်ကြည့်နေ ကြသူတွေက လာမယ့် ရွေးကောက်ပွဲနဲ့ နျူကလီးယား ရည်မှန်းချက်တွေ အပေါ် အာရုံကျ နေချိန်မှာ စစ်အစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ အငြင်းပွားနေတဲ့ ပင်လယ်ရေပိုင်နက် ပြဿနာကို တိတ်တဆိတ် လှုပ်ရှား ဆောင်ရွက်နေပါတယ်။

ဆောင်ရွက်မှုက ထင်သာမြင်သာ မရှိသေးပေမယ့် ဖြစ်လာမယ့် အကျိုးသက်ရောက်မှုတွေကတော့ အရေးပါလှပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ခေါင်းဆောင်တွေကတော့ ကာလရှည်ကြာ ရေပိုင်နက် အငြင်းပွားမှုကို နိုင်ငံရေးအရ ဖိအားပေး ဖြေရှင်းဖို့ စဉ်းစားနေကြပါတယ်။

တကယ်လို့ စစ်အစိုးရက ရေတိုအကျိုးစီးပွားကို အလေးထားပြီး သဘောတူညီမှု ပေးလိုက်မယ်ဆိုရင် ပေါ်ပေါက်လာမယ့် နယ်နိမိတ်ဟာ မြန်မာပြည်သား မျိုးဆက်သစ်တွေအတွက် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်လာပါလိမ့်မယ်။

ပင်လယ်ရေပြင် ပိုင်နက်ဟာ အနည်းဆုံး ၂၀၀၇ ခုနှစ်လောက်အထိတော့ နှစ်နိုင်ငံလုံးအတွက် အရေးမကြီးတဲ့ ကိစ္စပါ။ ဒါဆိုရင် ဆယ်စုနှစ် ၂ ခုလောက် လျစ်လျူရှုထားခဲ့ပြီးမှ ရုတ်တရက် ဖြေရှင်းဖို့ စိတ်အားထက်သန်လာကြတာ ဘာကြောင့် ပါလဲ။

အဖြေက နှစ်ပိုင်း ရှိပါတယ်။ အငြင်းပွားနေတဲ့နေရာမှာ ဒေါ်လာ သန်း ထောင်ပေါင်းများစွာ တန်တဲ့ မရှာဖွေရသေးတဲ့ သဘာဝဓာတ်ငွေ့တွေ ရှိနေတာရယ်၊ နောက်တပိုင်းကတော့ ဘယ်တုန်းကမှ ဒီကိစ္စဖြေရှင်းဖို့ နှစ်နိုင်ငံလုံးမှာ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာ ဖိအားတွေ မရှိခဲ့လို့ပါပဲ။

သဘာဝဓာတ်ငွေ့အတွက် ဒါကာနဲ့ နေပြည်တော် နှစ်ဘက်စလုံးမှာ မျှော်လင့်ချက် တော်တော်ကြီးပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကတည်းက ဘင်္ဂလား ပင်လယ်အော်ထဲမှာ တခြားရှာဖွေတွေ့ရှိမှုတွေကနေ ရလာတဲ့ စီးပွား ဖြစ်ထွန်းမှုတွေကြောင့် ဒီလို မျှော်လင့်လာကြတာပါပဲ။ လုပ်ကွက်အကြီးဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံက Dhirubhai အကွက်ဟာ မြန်မာနိုင်ငံ ကမ်းလွန်ရေနံတွင်းတွေ အားလုံးပေါင်းက ထုတ်လုပ်နိုင်တာထက် များပြားတဲ့ ဓာတ်ငွေ့ပမာဏကို ထုတ်လုပ်ခဲ့ပြီးပါပြီ။ Dhirubhai လုပ်ကွက်ဖော်ဆောင်တဲ့ Reliance ကုမ္မဏီရဲ့ အဆိုအရ တနေ့ကို ဓာတ်ငွေ့ ၁၂၃၆ ကုဗပေ ထုတ်လုပ်နေ ပါတယ်တဲ့။ မြန်မာ့ကမ်းလွန်ဒေသ တခုလုံးကနေ ထုတ်လုပ်မှု ပမာဏဟာ ၁၀၉၀ ကုဗပေနဲ့ နှိုင်းယှဉ် ကြည့်နိုင်ပါတယ်။

အငြင်းပွားဒေသနဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ကမ်းလွန်ဒေသကို ရေနက်ပိုင်း သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက် အလားအလာ ကောင်းတယ်လို့ ၂၀၀၉ ခုနှစ် အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ၂ နိုင်ငံစလုံးက အငြင်းပွားဒေသမှာ သဘာဝဓာတ်ငွေ့ ရှိတယ်ဆိုတာကို အသေအချာ သဘောပေါက်ကြတာပါပဲ။

တကယ်ဆိုရင် ထုတ်ယူနိုင်တဲ့ နည်းပညာ မရှိလို့ကတော့ ဒီဒေသက သဘာဝရင်းမြစ်တွေဟာ သိပ်တန်ဖိုး မရှိလှပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကတည်းက ကမ်းလွန်ရေနံ တူးဖော်တဲ့နည်းပညာမှာ အရေးပါတဲ့ တိုးတက်မှုတွေ ရှိလာ ခဲ့ပါတယ်။ အဲဒီထဲမှာ ရေအနက်မီတာ ၃၀၀၀ မှာ တူးဖော်နိုင်တဲ့ တွင်းတူးစင် အပါအ၀င် သုံးဘက်တိုင်း ရလဒ်တွေနဲ့ ရေ နက်ပိုင်း တူးဖော်မှုဆိုင်ရာ နည်းပညာကို အထောက်အကူဖြစ်စေနိုင်တဲ့ မြေငလျင် လေ့လာစစ်ဆေးမှုတွေ ပါဝင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ အလျင်အမြန် ဖွံ့ဖြိုးလာတဲ့ စီးပွားရေးကို ဆက်ထိန်းနိုင်ဖို့ လိုအပ်တဲ့ ပြည်တွင်း လျှပ်စစ်ဓာတ်အား အတွက် သဘာဝဓာတ်ငွေ့ကို အပူတပြင်း ရချင်နေတာပါ။ ဓာတ်ငွေ့လိုအပ်မှုနဲ့ ရရှိမှု ကွာဟချက်ဟာ ၀ယ်လိုအားရဲ့ ၂၀ ရာခိုင်နှုန်း လောက် ရှိပါတယ်။ လောလောဆယ် ဓာတ်ငွေ့တွင်းတွေက ထုတ်နိုင်သမျှ အပြည့်အ၀ ထုတ်လုပ်ပေးပြီးဖြစ် လို့ ကွာဟချက်ကို ဖြည့်ဆည်း မပေးနိုင်ပါဘူး။

ဒီဓာတ်ငွေ့ လိုအပ်မှုကို ပြည့်မီဖို့အတွက် နိုင်ငံခြားက တင်သွင်းလို့လည်း မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပိုက်လိုင်းတွေ နဲ့ ဓာတ်ငွေ့သိုလှောင်ဖို့ အခြေခံအဆောက်အအုံတွေ မရှိလို့ပါ။ လျှပ်စစ်ဓာတ်အား ၈၅ ရာခိုင်နှုန်း အတွက်လည်းသဘာဝ ဓာတ်ငွေ့ပေါ်မှာ အမှီအခို ပြုနေရတာပါ။ စွမ်းအင် အကျပ်အတည်းကို အဖြေရှာပေးဖို့ အစိုးရက ဖိအားပေးခံနေရ ပါတယ်။ ဘင်္ဂလား ပင်လယ်အော် ဒေသဟာ အဲဒီအတွက် အချက်အချာကဏ္ဍက ပါဝင်လာနိုင်ပါတယ်။

အန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ လေ့လာရေးအဖွဲ့ရဲ့ သုတေသန အမှုဆောင် ဒါရိုက်တာ အင်နီမက်ရှ် ရောင်းလ် (Animesh Roul) က “စွမ်းအင်ငတ်နေတဲ့ ဘင်္ဂလားဒေ့ရှ်အတွက် ဘင်္ဂလား ပင်လယ်အော်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အဓိကရင်းမြစ်ပါပဲ။ အိမ်နီးချင်း မြန်မာနဲ့ အိန္ဒိယက သူ့ကို ထည့်မစဉ်းစားဘဲ ဒီရင်းမြစ်တွေ အုပ်စီးဖို့ ကြိုးစားလာတာကို ခွင့်ပြုနိုင်မှာ မဟုတ်ပါဘူး” လို့ ထောက်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ နောက်ရွေးကောက်ပွဲမှာ စွမ်းအင် အကျပ်အတည်းဟာ ဗဟိုလက်ဝဲ အစိုးရ အ၀ါမီ အဖွဲ့ချုပ် (Awami League) အတွက် အဓိက အရေးကိစ္စ ဖြစ်လာနိုင်ပါတယ်။ အ၀ါမီ အဖွဲ့ချုပ်ဟာ တိုင်းပြည်ရဲ့ သဘာဝ ရင်းမြစ်တွေနဲ့ ပတ် သက်လာရင် အမျိုးသားရေး မာနတက်တတ်သူ၊ ပိုပြီးရှေးရိုးစွဲသူတွေပါ။ အဲဒါကြောင့် စွမ်းအင် အကျပ်အတည်း ပြေလည် ဖို့ အငြင်းပွားမှုကို အမြန်ဆုံး ဖြေရှင်းတာဟာ လက်ရှိအစိုးရ သုံးရမယ့် လမ်းကြောင်း တခုပါပဲ။ ဒါပေမယ့် အတိုက်အခံ လက်ယာပါတီတွေကို လူထုထောက်ခံမှု မြင့်တက်လာမှာ စိုးပြီး သိပ်လျှော့ပေးလွန်းတာမျိုး လုပ်လို့တော့ မဖြစ်ပါဘူး။

“မြန်မာနိုင်ငံ အစိုးရဟာလည်း အငြင်းပွားနေတဲ့ ဒေသကနေ ဓာတ်ငွေ့ထုတ်ဖို့ စိတ်အားထက်သန်ပုံ ရပါတယ်။ အရင် ကမ်းလွန်စီမံကိန်းတွေအတိုင်းဆိုရင်တော့ ဓာတ်ငွေ့တွေကို မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လျှပ်စစ်ဓာတ်အား ပြဿနာ ဖြေရှင်း ရေးမှာ သုံးဖို့ အလားအလာ မရှိသလောက်ပါ။ မြန်မာစစ်အစိုးရဟာ ရင်းမြစ် အသစ်တွေကို ရောင်းပြီး ရလာမယ့် ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေရဲ့ အများစုကို ရယူဦးမှာပါပဲ။ ဘင်္ဂလားဒေ့ရှ် ကတော့ သူ့ရဲ့ စက်မှုလုပ်ငန်းတွေအတွက် ဈေးပေါပြီး အားကိုးရလောက်တဲ့ စွမ်းအင်ရင်းမြစ်ရဖို့ လိုနေပါတယ်။ မြန်မာ အစိုးရနဲ့ကတော့ လုံးလုံးကြီး ခြားနားပါ တယ်။ မြန်မာပြည်မှာ စွမ်းအင် ပြဿနာ အသည်းအသန် ဖြစ်နေရင်တောင် စစ်ခေါင်းဆောင်တွေက ဓာတ်ငွေ့ကို ရောင်းချင်နေဦးမှာပါ” လို့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူနဲ့ စီးပွားရေး ပညာရှင် ရှောင်တာနဲလ် (Sean Turnell) က ပြောပါတယ်။

ဓာတ်ငွေ့ တင်ပို့ရောင်းချမှုဟာ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး နိုင်ငံခြားငွေ ရပေါက်ရလမ်းပါ။ ၂၀၀၉ ခုနှစ်မှာ ခန့်မှန်းခြေ ဒေါ်လာ ၂.၅ ဘီလီယံ ရခဲ့ပါတယ်။ ဒါဟာ စစ်အစိုးရ တနှစ်စာ ဆောင်ထားငွေ စုစုပေါင်းရဲ့ သုံးပုံနှစ်ပုံလောက် ရှိပါတယ်။ ဒါပေမယ့် အဲဒီထဲက အနည်းအကျဉ်းလောက်ပဲ မြန်မာနိုင်ငံရဲ့ တရားဝင် ငွေစာရင်းထဲကို ရောက်လာပါတယ်။ ဒေါ်လာနဲ့ ကျပ် ငွေလဲလှယ်တဲ့ ပုံစံ အမျိုးမျိုး ဖြစ်နေတဲ့ အတွက်ပါပဲ။ ရောင်းရငွေကို တရားဝင် ငွေလဲနှုန်း တဒေါ်လာ ၆ ကျပ်ခွဲနဲ့ စာရင်းသွင်း၊ အဲဒီငွေတွေကို ဈေးကွက်ငွေလဲနှုန်း တဒေါ်လာ ကျပ် ၁၀၀၀ နဲ့ ပြန်လဲပြီး စစ်အစိုးရက တရားဝင် ငွေစာရင်းကနေ တိုင်းပြည်က တကယ်ရရှိတဲ့ ဓာတ်ငွေ့ အခွန်ငွေရဲ့ ၉၉ ရာနှုန်း ကျော်ကျော်ကို ဖျောက်ထားလိုက်တာပါ။

မြန်မာနိုင်ငံရဲ့ မပွင့်လင်းတဲ့ နိုင်ငံရေးကြောင့် အဲဒီငွေတွေ ဘယ်နေရာ ရောက်သွားတယ် ဆိုတာကို အတိအကျသိဖို့ မဖြစ်နိုင်ပါဘူး။ လူတွေ ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြတာကတော့ စစ်အစိုးရဟာ ဒီငွေတွေကို သူ့အဆုံးအဖြတ်နဲ့သူ စိတ်ကြိုက်သုံးနေတာပါ။ နိုင်ငံရေး စီမံချက်တွေနဲ့ တကိုယ်ရေ ချမ်းသာကြွယ်ဝရေး အတွက်ပါပဲ။ ဓာတ်ငွေ့ တင်ပို့ရောင်း ချ မှုနဲ့ ဆက်နွှယ်ပြီး အလွန်အကျွံ ဖြုန်းတီးတဲ့ ဥပမာတွေထဲမှာ မြို့တော်သစ် နေပြည်တော် တည်ဆောက်မှု၊ လက်နက် မျိုးစုံ ၀ယ်ယူမှု၊ မြောက်ကိုရီးယားကနေ နျူကလီးယား နည်းပညာရရှိရေး ကြိုးစားမှု စတာတွေ ပါပါတယ်။
ဓာတ်ငွေ့ဟာ စစ်အစိုးရကို ချမ်းသာစေနိုင်သလို မြန်မာနိုင်ငံကို ဆက်ပြီး အခိုင်အမာ အုပ်ချုပ်နိုင်ရေးအတွက် အထောက် အကူ ဖြစ်စေတာပါ။ စစ်အစိုးရဟာ ဒီဒေသကရမယ့် အခွန်ငွေတွေကို သုံးဖို့လည်း အလားတူ စီမံကိန်းတွေ ရှိနိုင်ပါတယ်။

ဒါပေမယ့် အဲဒီအခွန်ငွေတွေ အနာဂတ်မှာ ရယူနိုင်ဖို့ကတော့ အခု စစ်အုပ်စုဝင်တွေအတွက် အာမခံချက် မရှိပါဘူး။ စစ် အုပ်စုကြားမှာ၊ တည်ဆဲ စစ်အရာရှိတွေနဲ့ အငြိမ်းစားယူပြီး စစ်အရာရှိတွေ၊ ဗျူရိုကရက်တွေနဲ့ စီးပွားရေးသမားတွေ ကြား မှာ ပြင်းထန်တဲ့ အုပ်စုတွင်း ယှဉ်ပြိုင်မှုတွေ ရှိနေပါတယ်။ လာမယ့် ရွေးကောက်ပွဲနဲ့ အနားပေးခံရတဲ့ စစ်ဗိုလ်ချုပ် တွေမှာ လည်း မရေရာမှုတွေ ရှိနေပါတယ်။

ဒီလိုဆိုရင် ပြဿနာ ဖြေရှင်းရေး အပါအ၀င် တခြားဟာတွေကို သူတို့ ဘယ်လို ဖြေရှင်းမှာပါလဲ။ တကယ်လို့ မကြာခင်က ဖြစ်ထွန်းမှုတွေဟာ အချက်ပြတာတွေ ဖြစ်မယ် ဆိုရင်တော့ ဖြေရှင်းချက်ဟာ ပင်လယ်ပြင် ဥပဒေဆိုင်ရာ အပြည်ပြည်ဆိုင်ရာ တရားရုံးကနေ ဒါမှမဟုတ် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆွေးမှုတွေကတဆင့် ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကိစ္စဟာ ဒီတရားရုံးမှာ လောလောဆယ် စစ်ဆေးမယ့် အမှု နှစ်ခုထဲက တခုဖြစ်နေပါတယ်။ တရားရုံးရဲ့ ပထမဆုံး ပင်လယ်နယ်နိမိတ်ဆိုင်ရာ အမှုလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် စီရင် ဆုံးဖြတ်ချက်ဟာ မြန်နိုင်တဲ့ အလားအလာ ရှိပါတယ်။

တခြားနည်းလမ်း ဖြစ်တဲ့ နှစ်ဘက် ညှိနှိုင်းမှုနဲ့ ပတ်သက်ပြီး တိုးတက်မှုတခု ရလာခဲ့ပါတယ်။ နှစ်နိုင်ငံ နယ်နိမိတ် ကန့်သတ်ရေး အတွက် တရားဝင် အခြေခံ စည်းမျဉ်း ဥပဒေသတွေကို ပြေလည်အောင် ဆွေးနွေးဖို့ ဇန်န၀ါရီလမှာ ကြေညာလိုက်တာကြောင့်ပါ။ ခိုင်မာတဲ့ တိုးတက်မှု အဆင့်တွေ မရနိုင်သေးတာကတော့ ဇန်န၀ါရီ ကြေညာချက်ဟာ နိုင်ငံရေးဆိုင်ရာ ပြသမှုသဘော များတဲ့ အတွက် ဖြစ်ပါလိမ့်မယ်။

အထူးသဖြင့် တရုတ်လို ဒေသတွင်း အဓိက အင်အားကြီး နိုင်ငံတွေကတော့ ဒီအငြင်းပွားမှုမှာ ပါဝင်ပတ်သက်ဖို့ အတော်ကြီး လက်တွန့်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်က အငြင်းပွားမှုမှာ ကြားဝင် ကူညီဖြေရှင်းပေးဖို့ ဘေဂျင်းအစိုးရကို တခါ ချဉ်းကပ်ခဲ့ပေမယ့် မျက်နှာလွှဲခံရပါတယ်။ နှစ်နိုင်ငံလုံးနဲ့ ဆက်ဆံရေး ကောင်းတဲ့ တရုတ်ဟာ ဆက်ဆံရေး ပျက်သွားမှာ စိုးတဲ့အတွက် ပါဝင်ပတ်သက်လိုစိတ် မရှိဘူးလို့ ယူဆရပါတယ်။ သူကိုယ်တိုင်က တရုတ်ပင်လယ်ပြင်မှာ တခြားနိုင်ငံတွေနဲ့ ရေပိုင်နက် အငြင်းပွားမှု ရှိနေတာကြောင့် ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံက တင်ပြလာတာက အကွာအဝေး ညီမျှမှု တရားဝင် စည်းမျဉ်း ဥပဒေသ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်က တင်ပြလာတာကတော့ အညီအမျှ ဖြစ်ရေး အခြေခံ ဥပဒေသပါ။ ဒီနှစ်ခုစလုံးဟာ တရုတ်ရဲ့ ပင်လယ်ပြင် နယ်နိမိတ် တောင်းဆိုမှုတွေကို အဟန့်အတား ဖြစ်စေပါတယ်။ တရားဝင် စည်းမျဉ်း ဥပဒေသ တခုကို သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ခံနေတယ်လို့ တရုတ်က အမြင်မခံချင်တာ ဖြစ်နိုင်ပါတယ်။

အိန္ဒိယကလည်း အလားတူပဲ ခပ်ခွာခွာနေခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်ရဲ့ ဒယ်အိုးပုံစံ အနေအထားကြောင့် ပြည့်စုံတဲ့ နယ်နိမိတ် ပိုင်းခြားမှုတခု ပြုလုပ်ဖို့ အိန္ဒိယရဲ့ ပါဝင်ပတ်သက်မှု လိုပါလိမ့်မယ်။ ဒါပေမယ့် နှစ်ဘက် ဆွေးနွေးမှု၊ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ ဖြေရှင်းမှုတို့ကြောင့် ဘယ်ဘက်ကမှ လုံးဝ ဆုံးရှုံး မသွားစေမယ့် အဖြေ ထွက်လာနိုင်လောက်တယ်လို့ ထင်ရပါတယ်။

စစ်အစိုးရက ပင်လယ်ရေပိုင်နက်ကို အလျှင်အမြန် စွန့်လွှတ်အနစ်နာခံပြီး ညှိနှိုင်းဖြေရှင်းလိုက်ရင်တော့ မြန်မာနိုင်ငံသား တွေ အတွက် အဆိုးဆုံးနေအထား ဖြစ်သွားမှာပါ။ တရားရုံးမှာလည်း မြန်မာဘက်က ရှုံးသွားရင်တော့ မြန်မာနိုင်ငံသားတွေအတွက် မကောင်းလှပါဘူး။

နယ်နိမိတ် သဘောတူညီမှု ရသွားရင်တော့ နှစ်နိုင်ငံလုံးဟာ အလားအလာ ကောင်းတဲ့ ရင်းမြစ်တွေကို စပြီး ထုတ်ယူ သုံးစွဲနိုင်ကြပါလိမ့်မယ်။ အဲဒါက ဘင်္ဂလားဒေရှ့်ရဲ့ ဓာတ်ငွေ့ အကျပ်အတည်းကို လျော့ကျသွားစေနိုင်ပြီး မြန်မာ စစ်အစိုးရလည်း နိုင်ငံခြားငွေတွေ ဒလဟော ရလာပါလိမ့်မယ်။

တကယ်လို့ မြန်မာနိုင်ငံက ဓာတ်ငွေ့တွေ့တယ်ဆိုရင် ရွှေဓာတ်ငွေ့ လုပ်ကွက်ကနေ ဓာတ်ငွေ့ တင်ပို့မှုမှာ တရုတ်နဲ့ အိန္ဒိယအကြား ယှဉ်ပြိုင်တာတွေ ပိုပြီး သွက်လက်လာစေနိုင်ပါတယ်။ အိန္ဒိယနဲ့ ပိုအားကောင်းတဲ့ စီးပွားရေး၊ နိုင်ငံရေး ဆက်စပ်နိုင်တဲ့ အခွင့်အလမ်းလည်း ရသွားမှာပါ။ အဲဒါဆိုရင် တရုတ်နိုင်ငံအပေါ် စစ်အစိုးရက အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေကနေ ဟန်ချက်ညီသွားနိုင်ပါတယ်။

နယ်နိမိတ် ဖြေရှင်းမှု၊ နောက်ဆက်တွဲ စီးပွားရေး တိုးတက်မှုတွေကြောင့် အကြီးမားဆုံး ဆုံးရှုံးကြမှာကတော့ ရိုဟင်ဂျာနဲ့ နိုင်ငံ အနောက်မြောက်ဒေသ လူထုတွေပါပဲ။ ဓာတ်ငွေ့ရောင်းရငွေထဲက မဖြစ်စလောက်ဘဲ လူထုဆီ ရောက်နိုင်ပါတယ်။ ဓာတ်ငွေ့ တင်ပို့ရောင်းချတာဟာ လုပ်အားပေးခိုင်းစေမှု၊ မြေယာသိမ်းယူမှု၊ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆီကို ဦးတည်နေပါတယ်။ ငါးလုပ်ငန်းနဲ့ အသက်မွေးနေသူ ဒေသခံတွေအတွက် ငါးဖမ်းမှုဆိုင်ရာ အကန့်အသတ်တွေ ဖြစ်လာနိုင်ပါတယ်။

တကယ်လို့ စစ်အစိုးရက သူ့ရဲ့ ရေတိုအကျိုးစီးပွားကိုပဲ ကြည့်ပြီး ပင်လယ်ပြင်နယ်နိမိတ် သတ်မှတ်ရေး အငြင်းပွားမှုကို ဖြေရှင်းလိုက်မယ်ဆိုရင် ရေရှည်ထိခိုက်နစ်နာတဲ့ နယ်နိမိတ် ပြဿနာက အနာဂတ်မှာ ဆက်ပြီး ရှိနေမှာပါပဲ။

မကြာခင် ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပေမယ့် နယ်နိမိတ် အငြင်းပွားမှုကို မေ့မထားဖို့ အရေးကြီးပါတယ်။ ပင်လယ်ပြင် နယ်နိမိတ် သဘောတူညီချက်ရဲ့ ရလဒ်တွေဟာ ရွေးကောက်ပွဲကာလ နောက်ပိုင်းမှာလည်း ကာလရှည်ကြာ ဆက်လက် တည်ရှိနေဦးမှာ ဖြစ်ပါတယ်။

Jared Bissinger ရေးသားသည့် Drawing the Lines ကို ဆီလျော်အောင် ပြန်ဆိုသည်။

No comments: