Sunday, October 10, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း (၆၇)

မင်းဟန်

(၂၃၁)
၁၉၉၈ မေမှ စ၍ NLD လွှတ်တော်ကိုယ်စားလှယ်များအား ဖမ်းဆီးထားခဲ့သည်မှာ (၁၅)လ ကျော်ပြီ ဖြစ်သည်။ ရဲမွန်တပ်နယ်၊ မင်္ဂလာဒုံတပ်နယ်နှင့်သက်ဆိုင်ရာ ဒေသအလိုက် ထောက်လှမ်းရေးတပ်စခန်း အသီးသီး၌ လွှတ်တော်ကိုယ်စားလှယ်များကို အသီးသီးခွဲ၍ ထိန်းသိမ်းထား၏။

၁၉၉၉ ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်။

ရန်ကုန်တိုင်း အတွင်း တပ်မတော်ရေ ထောက်လှမ်းရေး တပ်ဆွယ်စခန်း၌ ထိန်းသိမ်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံ တပ်မတော်ရေ၊ ထောက်လှမ်းရေး အမှတ်(၁)မှ တပ်မှူး၊ ဗိုလ်မှူးသောင်းကျော်ရှိန်ဆိုသူ လာရောက် ဆွေးနွေး၏။ စစ်အုပ်စု စကားအရ… ‘ဧည့်ရိပ်သာများတွင် ထားရှိ၍ ဆွေးနွေးနေသည်’ ဟူသည့် ဆွေးနွေးပွဲ ဖြစ်သည်။

ထိန်းသိမ်းခံ ထားကြရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက လက်ရှိ နိုင်ငံရေး အခြေအနေနှင့် ပတ်သက်သည့် သဘောထားအမြင်(၄)ရပ်ကို ပွင့်ပွင့်လင်းလင်းပင် ပြောဆို၏။

“လက်ရှိအခြေအနေသည် …
(က) နိုင်ငံရေးအကျပ်အတည်းဖြစ်နေကြောင်း ၊သို့ကြောင့်စီးပွားရေးအကျပ်အတည်းနှင့်တွေ့ကြုံရကာ လူမှုရေးပါပျက်စီးနေပြီး ပြည်သူလူထုဒုက္ခအမျိုးမျိုးနှင့်ရင်ဆိုင်နေရကြောင်း။ မည်မျှဒုက္ခရောက်နေရသည်ကို စာရင်းကောက်ယူရန်မလိုပဲ လူနေရပ်ကွက်များထဲသွားကြည့်လျှင်သိနိုင်သည်။

(ခ) ထိုကြောင့်ဖြစ်ပေါ်နေသော နိုင်ငံရေးပြဿနာကို အဓိကဦးစားပေး၍ ဖြေရှင်းပေးရန်လိုကြောင်း၊ ဖြေရှင်းနည်းမှာကမ္ဘာပေါ်တွင်နည်းလမ်းနှစ်ခုသာရှိကြောင်း။ တနည်းမှာ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းမည်လား၊ သို့မဟုတ် အနုနည်းဖြစ်သော နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်လားဟူ၍ ဖြစ်ကြောင်း။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးပြဿနာများကို အနုနည်းဖြင့်သာ နိုင်ငံရေးနည်းဖြင့်သာဖြေရှင်းသွားမည်ဖြစ်သည်။

(ဂ) နိုင်ငံရေးနည်းလမ်းဆိုသည်မှာ တွေ့ဆုံဆွေးနွေးရေးမှအပ အခြားမရှိကြောင်း။ သို့သော်တွေ့ဆုံဆွေးနွေးရေးပေါ်ပေါက်လာနိုးနှင့်စောင့်စားနေ၍ မဖြစ်နိုင်ကြောင်း။ နိုင်ငံရေးနည်းလမ်းအရဆက်လက်၍ လျှောက်လှမ်းရမည်ဖြစ်သည်။

(ဃ) လူပုဂ္ဂိုလ်တဦးချင်းအနေနှင့်မူ ယခုလက်ရှိအခြေအနေအရလည်းကောင်း၊ ဂုဏ်သိက္ခာအရလည်းကောင်း၊ အဖွဲ့ချုပ်မှ နုတ်ထွက်မည်မဟုတ်ကြောင်း။ ကြောက်၍လည်းကောင်း၊ အခွင့်အရေးရ၍လည်းကောင်း အဖွဲ့ချုပ်အပေါ် သစ္စာဖောက်သွားသူများထဲတွင် ၎င်းတို့ပါမည်မဟုတ် ဟူ၍ ဆွေးနွေးကြ၏။

ဗိုလ်မှူးသောင်းကျော်ရှိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးမှုအပေါ်အလေးအနက်မထား။ နားသာထောင်၏။ ပြီးလျှင် ဗိုလ်မှူးသောင်းကျော်ရှိန်က နအဖ၏ အာဘော်များကိုသာ ရွတ်ပြ ဆွေးနွေးနေပြန်သည်။

“ အာဏာပိုင်တို့က ဆွေးနွေးလိုသော်လည်း အဖွဲ့ချုပ်ဗဟိုအလုပ်မှုဆောင်အဖွဲ့မူမှာ သူတို့နှင့်ကွဲလွဲနေသည်။ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်အာဏာပိုင်တို့အပေါ် အစဉ်ထိပ်တိုက် တွေ့နေကြောင်းနှင့် အာဏာပိုင်တို့က လက်မခံနိုင်သည်မှာလည်း ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်”….ဟူ၍ စစ်အုပ်စု သဘောထားကို ပြောဆို၏။ ဆွေးနွေးပွဲဟူသည်က ဤမျှပင်၊ သဘောထားမကျ။ ထပ်ဆင့် ဆွေးနွေးရန်လည်းလမ်းမရှိ။ ဤသည်ပင် စစ်အုပ်စု၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးနေပါသည်ဟူသည့် ‘ဧည့်ရိပ်သာဆွေးနွေးပွဲ’ ဖြစ်သည်။

အမှန်စင်စစ် ‘ဧည့်ရိပ်သာဆွေးနွေးပွဲ’ဟူသည်များအား ချုပ်ကြည့်လျှင် …
“ဗဟိုအလုပ်မှုဆောင်အဖွဲ့၊ဒေါ်အောင်ဆန်းစုကြည်နှင့်ကိုယ်စားလှယ်များအကြား၊ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များအကြားသွေးခွဲရေး”ပင်ဖြစ်သည်။
စစ်အုပ်စု၏ရည်မှန်းချက်အနှစ်သာရက အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစု
ကြည်ကိုဖယ်ရှားရေးပင်ဖြစ်သည်။


(၂၃၂)

ရဲမွန်တပ်ရင်းအမှတ်(၂၁၄)တွင်ထိန်းသိမ်းခံနေရသည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့်သံလျင်ထောက်လှမ်းရေးတပ်ဆွယ်၌ထိန်းသိမ်းခံနေရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဆက်အသွယ်ရခဲ့ကြပြီး အစာငတ်ခံဆန္ဒပြရန် သဘောတူဆုံးဖြတ်လိုက်ကြ၏။

စမည့်နေ့က ၂ဝဝဝပြည့်နှစ် မတ်လ (၂၂)ရက်ဖြစ်သည်။ အကြောင်းမဲ့ ဖမ်းဆီး ထိန်းသိမ်းထားခဲ့သည်က (၁၉)လရှိပြီ။ အစာငတ်ခံ တောင်းဆိုမှုက ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် ဖြစ်သည်။

လျှို့ဝှက်ညှိနှိုင်းထားကြသည့်အတိုင်း ၂ဝဝဝ ပြည့်ုနှစ် မတ်လ (၂၂)ရက်နံနက်က စ အစာငတ်ခံဆန္ဒပြကြ၏။ စစ်အုပ်စုက မလိုက်လျော။ (၂)ရက်မြောက်သည့်နေ့တွင်မူ ရဲမွန်တပ်ရင်း (၂၁၄) ရှိ အစာငတ်ခံနေသည့် လွှတ်တော်ကိုယ်စားလှယ်များမှ ‘မာ’သည်ထင်ရသူများအား ခေါ်ထုတ်သွားပြီး တိုက်ပိတ်ထားလိုက်၏။

‘ပျော့’ မည် ထင်သူများကို အိမ်ပြန်ပို့မည် ဆိုပြီး တပ်ရင်းမှ ခေါ်ထုတ်သွားကြ၏။ အမှန်စင်စစ် အိမ်ပြန်ပို့မပေးပဲ အခြားထိန်းသိမ်းရေးစခန်းတခု ခေါ်သွားခြင်းဖြစ်၏။ စစ်အုပ်စုနည်းနာက အစာငတ်ခံလွှတ်တော်ကိုယ်စားလှယ်အချင်းချင်း နားလည်မှုလွဲအောင် သွေးခွဲခြင်းသာဖြစ်၏။
အိမ်ပြန်ပို့ခြင်းခံရသည့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟူသည် စစ်အုပ်စုနှင့်နားလည်မှုယူသွားသူ၊ အပေးအယူလုပ်သွားသူဟု အဓိပ္ပာယ်သက်စေ၏။

အစာငတ်ခံဆန္ဒပြတိုက်ပွဲမှာ စစ်အုပ်စု နည်းပရိယာယ်အောက်၌ ဤသို့ ပြီးဆုံးခဲ့ရသည်။


(၂၃၃)

နိုင်ငံခြားဧည့်သည်များ၊ သံတမန်များ၊ သတင်းစာဆရာများနှင့် တွေ့သည့်အချိန်တိုင်း ဒေါ်အောင်ဆန်းစုကြည် ကြုံနေကျ မေးခွန်းက “ ယနေ့မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရသည့် ‘ရှေ့မတိုးသာ၊ နောက်မဆုတ်သာ’ နိုင်ငံရေးအခြေအနေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် မည်သို့သဘောထားသနည်း” ဆိုသည့် အမေးပင်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နားလည်သည်က ယနေ့အခြေအနေသည် ထွက်ပေါက်ပိတ်နေသည့် အခြေအနေ မဟုတ်။ ဤအတွက် နိုင်ငံခြားသားများမြင်သကဲ့သို့ ‘ရှေ့မတိုးသာ၊ နောက်မဆုတ်သာ’ အခြေအနေတွင် ရောက်နေခြင်းမရှိ။ ပြဿနာက မြန်မာနိုင်ငံတွင်နိုင်ငံရေးလှုပ်ရှားမှုများ စဉ်ဆက်မပြတ်ရှိနေသော်လည်း နိုင်ငံခြားသား ဆန်းစစ်လေ့လာသူများ လုံးဝနားမလည်နိုင်ခြင်းဟု ဒေါ်အောင်ဆန်းစုကြည်တွေးမိ၏။

ဤအတွက် ဆောင်းပါးတပုဒ်ရေးရန် ဒေါ်အောင်ဆန်းစုကြည် စိတ်ကူး၏။ ရေးမည် စိတ်ကူးသည်နှင့် ရေးမည့် အကြောင်းအရာများ စီကာစဉ်ကာပင် အန်ကျလာ၏။ ဆောင်းပါးခေါင်းစဉ်အား ‘မြန်မာနိုင်ငံအတွက် စိတ်ရှည်ရန်လိုသည်၊ တိုက်ကွက်ဆင်ရန်မလို’ ဟုပေးလိုက်၏။ လက်ရှိနိုင်ငံရေးအခြေအနေနှင့် စစ်အုပ်စုဆောင်ရွက်နေမှုအားပထမရှင်းပြ၏။

“ ကျမတို့၏ အဓိက ရည်ရွယ်ချက်သည် ကျမတို့နိုင်ငံမှ အဓိက နိုင်ငံရေး အင်အားစုများ လက်ခံနိုင်လောက်သည့် နိုင်ငံရေးဆန်သော ဖြေရှင်းမှုတရပ်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ထွက်ပေါက်ပိတ်အောင် ပြုမူဆောင်ရွက်ခြင်းမည်သည် ပဲ့ကိုင်တယောက်၏ လက်ကို ရိုက်ချိုးပစ်ခြင်း သို့တည်းမဟုတ် အသက်ရှင် ရပ်တည်ခွင့် မပေးခြင်းဟု ပြန်ဆိုနိုင်ပေမည်။

“ဤနည်းဖြင့် ငြိမ်းချမ်းရေးလမ်းစကို မဖော်ထုတ်နိုင်ရာ။ စစ်အုပ်စု ထုတ်ပြန်သည့် ကြေညာချက်များအရ သူတို့ပြောဆိုနေသော ငြိမ်းချမ်းရေးဟူသည် ဒီမိုကရေစီ အတိုက်အခံများ ကွယ်ပျောက် သွားစေရေးပင်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထံဦးတည်ပစ်မှတ်ထားသော စစ်အုပ်စု၏သရုပ်သဏ္ဌာန်သည် ‘သဆောရပ်(စ်)’ အဘိဓာန်က အနက်အဓိပ္ပာယ်နှင့်ဖွင့်ဆိုထားသော အပြီးသတ်သုတ်သင်ချေမှုန်းမှု၊ အမှုန့်ကြိတ်ချေခြင်း၊ ပွဲသိမ်းဖျာလိပ်ခြင်းတို့နှင့် ထပ်တူထပ်မျှပင်။

“အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များနှင့် အဖွဲ့ချုပ်ထောက်ခံသူများ နအဖစစ်အုပ်စု၏ အကြမ်းပတမ်း ခေါ်စစ်ခြင်း၊ မတရား ဖမ်းဆီးထောင်ချခြင်းများ နေ့စဉ် ခံနေရသည်။ ထို့ပြင် စစ်အာဏာပိုင်တို့က အစည်းအဝေးများ ကျင်းပပြီး လူထုကို အဓမ္မ တက်ခိုင်းခြင်း၊ ရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်များ နှုတ်ထွက်ပေးရန် အဓမ္မ တောင်းဆိုခိုင်းခြင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဖျက်သိမ်းပေးရန် တောင်းဆိုခိုင်းခြင်းများ ပြုလုပ်နေကြပါသည်”

ပြီးလျှင်… လက်ရှိမြန်မာ့နိုင်ငံရေးမှာ လိုနေသည့် အခြေအနေများနှင့် ဖြစ်လာနိုင်ဖွယ် လားရာတို့အား ဆက်ပြီး ထောက်ပြသည်။

“ စစ်အုပ်စုက ပုဂ္ဂလိက လုပ်ငန်းများ၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ခွင့်ပြုခဲ့သော်လည်း ကျန်းမာသန်စွမ်းသည့် လူ့အဖွဲ့အစည်းတရပ် ပေါ်ထွန်းလာစေနိုင်သည့်အုပ်ချုပ်ရေးစနစ်၊ နိုင်ငံရေး စနစ်များကို မဖော်ဆောင်နိုင်ခဲ့ပေ။ ကမ္ဘာ့ဘဏ်အစီရင်ခံစာနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့၏ သုတေသနများအရ ကျမတို့၏ အဓိက ပြဿနာ အခြေအမြစ်သည် ကောင်းမွန်သော အစိုးရစနစ် ချို့တဲ့ခြင်းဟု သိရသည်။

နိုင်ငံရေး ပြောင်းလဲမှုများကို စနစ်တကျ တဆင့်ပြီး တဆင့်မလုပ်ပါက၊ အုပ်ချုပ်ရေး ကိစ္စများ အထူးသဖြင့် အစိုးရ ကောင်းတခု၏ အခြေခံ လိုအပ်ချက်များကို မဖော်ဆောင်နိုင်ပါက အနာဂတ်လူမှုရေး၊ စီးပွားရေး ကိစ္စများ ပြေလည်သွားမည်မဟုတ်ပေ။ တခုတော့ရှိပါသည်။ အုပ်ချုပ်ရေး လုပ်ငန်း မကျွမ်းကျင်မှု၊ လူမှုရေး မတည်ငြိမ်မှုတို့ကို အခြေခံ၍ ယနေ့အုပ်ချုပ်နေသော အာဏာပိုင်များကို ခြေကုန်လက်ပန်း ကျသွားစေရန် ထိုမှတဆင့် ဖယ်ရှားပစ်နိုင်ရန် ဆောင်ရွက်နိုင်ပါလိမ့်မည်”

ဒေါ်အောင်ဆန်းစုကြည် သူ့ဆောင်းပါးအား ဤနေရာတွင် အဆုံးသတ်လိုက်ပြီး ဝါရှင်တန်ပို့(စ်) သတင်းစာသို့ ပို့ရန် ဆုံးဖြတ်လိုက်သည်။

ဥသြငှက်ငယ်၏ တွန်ကျူးသံက အမှတ် (၅၄)၊တက္ကသိုလ်ရိပ်သာ လမ်းခြံဝင်းအတွင်း၌ ပျံ့လွင့်၍နေသည်။
နွေတေး။

တပေါင်းနွေက ဥတုမျှတ၍နေသည်။ မနက်ဖြန် မတ်လ (၂၇)ရက်။ ဖက်ဆစ်တော်လှန်ရေး (၅၅) နှစ်မြောက် နှစ်ပတ်လည်နေ့။

ဥသြတွန်သံက နွဲ့နွဲ့နှောင်းနှောင်းနှင့်ပင်။

No comments: