Monday, October 11, 2010

ရွှေဘိုမြို့ထောင့် စေတီပွဲ

မဇ္ဈိမသတင်းဌာန

စစ်ကိုင်းအတွင်းမှာ လူစည်ကားလှတဲ့ ဂေဇက်ရ ဘုရားပွဲကြီး တပွဲကတော့ ရွှေဘိုမြို့ထောင့် စေတီပွဲပါ၊ ရွှေဘိုမြို့သူမြို့သားတွေကတော့ “စေတီတော်ပွဲ” လို့ပဲ ခေါ်ကြပါတယ်။ ဒီပွဲရ ဘုရားက ကုန်းဘောင် မင်းဆက်ကို လက်မွန်မဆွ တည်ထောင်တဲ့ အလောင်းမင်းတရား ဦးအောင်ဇေယျရဲ့ ကုသိုလ်တော်ပေကိုး။စေတီတော်ပွဲဟာ မြောင်ရွှေကျွန်းပွဲပြီးရင် ရွှေဘိုပွဲကို ၁၂ပွဲ ဈေးသည်တွေက ဆက်ပြီး ကူးလာကြတာပဲ။ သူ့ပွဲရက်က တော်သလင်းလပြည့်ကျော် ၁ဝ ရက်မှာစပြီး လကွယ်နေ့မှ ဆွမ်းချပွဲနဲ့ အပြီးသတ်ပါတယ်။ နို့ပေမယ့် ၁၂ ပွဲ ထုံးစံအတိုင်း လပြည့်ကျော် ၄၊ ၅၊ ၆ ရက်ကစပြီး လူစည်စပြုပြီ။ ပွဲသိမ်းမှာလည်း နယ်က စီးပွားရေး စိုပြည်ရင် စိုပြည်သလို ပွဲသိမ်းရက် ၂ရက်၊ ၃ရက် နောက်ဆွဲပြီး သိမ်းသွားတာပါပဲ။

ရွှေဘိုဆိုတာက တူးမြောင်းတွေနဲ့ ဆည်ရေသောက်ပြီး စပါးတွေစိုက်တဲ့နယ်၊ အထက်မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီး ဖြစ်လေတော့ စီးပွားရေးက အများအားဖြင့် မဆိုးတတ်ပါဘူး။ အထိုက်အလျောက် ချောင်လည်ကြပါတယ်။

ဒီတော့ ပွဲတော်ရက်ဟာလည်း နယ်မှာ စီးပွားရေး အဆင်ပြေရင် ပြေသလို အရောင်း အဝယ်တွေ ကောင်းကြ တာပါပဲ။ ရွှေဘိုက ကျမတို့ အဖေ့ဘက်က အမျိုးတွေရှိတဲ့ အရပ်ဆိုတော့ ပွဲတော်ကိုလည်း မကြာမကြာ ရောက်ဖူးတာပဲ။

ဒီပွဲမှာ ဈေးသည်တွေက “ရန်ကုန်တန်း” “မန္တလေးတန်း” လို့ခွဲခြားပြီး ရောင်းနေကြတဲ့ ကုန်သည်တွေကလည်း စုံသလားမမေးနဲ့၊ ရန်ကုန်တန်းမှာ ခရုခေါက်ဆွဲအထိ ဝယ်စားလို့ရတယ်လေ။

နောက်ပြီးတော့ ရွှေဘိုဆိုတာ မြစ်ကြီးနား ရထားလမ်းပေါ်က မြို့ဖြစ်လေတော့ စေတီတော်ပွဲခင်းမှာ တည်သီးတွေ၊ မျှစ်ခြောက်တွေ သစ်အယ်သီးတွေ ဝယ်လို့ရတယ်။ တခြား ဘုရားပွဲကြီးတွေမှာလိုပါပဲ တောင်သူသုံး ပစ္စည်းတွေက တတန်းစီ ထားရောင်းတယ်။ သံထည်၊ ကြေးထည်ဆိုင်ကြီးတွေကလည်း တန်းစီလို့ ဘုရားကုန်းတော် အတက်အဆင်းမှာ။ ပြီးတော့ ကုန်းတော်အပြင်တန်းကတော့ ဆန်ကော၊ ဆန်ခါ၊ တောင်း၊ ဗန်း၊ ခမောက် စတဲ့ နှီးဝါးပစ္စည်းဆိုင်တွေ။

ဘုရားရှေ့စောင်းတန်းက ဆင်းလိုက်တော့ မြောင်တို့လို့ အရပ်တွေက လာရောင်းတဲ့ ဆေးရွက်ကြီးဆိုင်တွေ ရှိပါတယ်။ အဲဒီမှာ ဘုရားခြေတော်ရင်းနဲ့ ကျုံးကြားထဲမှာ ဝင်းခြံကလေး ခတ်ထားတဲ့ ဇရပ်တဆောင်ပေါ်မှာ ဘယ်မှာမှ မမြင်ရဖူးတဲ့ ဧရာမ ကျောက်ပြင်ကြီးတချပ် ထူးထူးခြားခြား ရှိပါတယ်။ မန်ကျည်းပင်ကြီးအောက်က အဲဒီ ကျောက်ပြင်ကြီးဟာ လှည်းဘီးလောက်ကြီးပါတယ်။ လူ ၄၊ ၅၊ ၆ ယောက် တပြိုင်တည်း သွေးချင်ရာ ဝင်သွေးကြရော့၊ ဒီလောက်ကြီးတဲ့ ကျောက်ပြင်ကြီး ကျမတို့ ဘယ်မှာမှ မတွေ့ဖူးဘူး။

ဒီကျောက်ပြင်ကြီးပေါ်မှာ သနပ်ခါး လာသွေးကြရင် တခြား ကျောက်ပြင်တွေပေါ်တင်သွေးတော့ မြည်တဲ့ အသံမျိုး ရှဲရှဲ၊ ရှီးရှီး မမြည်ဘူးတဲ့။ အပျိုဖျန်းကလေးတွေကသွေးရင် “ချောမှယူမယ် ချောမှယူမယ်” လို့ ကျောက်ပြင်ထက်က မြည်တာတဲ့။

အပျိုရွယ်ကလေးတွေသွေးရင်တော့ “ဥစ္စာပေါမှယူမယ်၊ ဥစ္စာပေါမှယူမယ်” လို့မြည်သတဲ့။ အပျိုကြီးတွေ ဝင်သွေးတော့ “ရတာယူမယ်၊ ရတာယူမယ်” လို့မြည်သတဲ့လေ။

ဘာမြည်မြည် ကျောက်ပြင်ကြီးကတော့ ဝင်သွေးချင်စရာကြီးပါ။ သူ့ကို ဒီအတိုင်းပစ်ထား၊ ဘယ်သူခိုးကမှလည်း ထမ်းမသွားနိုင်ဘူး။ တော်တော်စိတ်ကူးကောင်းပါတယ်။ ဘယ်ခေတ် ဘယ်အလှူရှင်ရဲ့ ကုသိုလ်မှန်းတော့ မသိပါဘူး။

ရွှေဘိုသူ ရွှေဘိုသားက ကျမတို့ မန္တလေးသူ မန္တလေးသားတွေလိုပဲ ကိုယ့်မြို့ကို တည်ခဲ့တဲ့ မြို့တည် နန်းတည် ဘုရင်များအပေါ် လေးစားချစ်ခင် သံယောဇဉ် ရှိပါတယ်။ အလောင်းဘုရား တည်ထားခဲ့တဲ့ စေတီတော် သမိုင်းကို ဘယ်လို ပြောသလဲဆိုတော့ သူတို့ ရွှေဘိုနားမှာ “ပဲခိုးကုန်း” ဆိုတဲ့ ရွာလေးတရွာ ခုထက်ထိ ရှိတယ်။ အဲဒါဟာ အလောင်းဘုရားကို မွန်ဘုရင်က ပဲခူးမှာ သမီးတော် ပင်တိုင်စံ ဆက်လိုက်တဲ့အခါ သမီးတော်နဲ့အတူ အခြွေအရံ ၂ဝဝ ကျော် ၃ဝဝ လောက် ပါလာတာကို နေရာချထားလို့ ရွာဖြစ်နေတဲ့နေရာ။ မွန်မင်းသမီးကို အလောင်းမင်းတရားက မြတ်နိုးတယ်။

တနေ့တော့ မင်းသမီးက ပဲခူးက သူတို့ ရွှေမော်ဓော ဘုရားကို အဖူးမြော် ပြန်ပါရစေလို့ အလောင်းမင်း တရားကြီးကို ခွင့်ပန်သတဲ့။ အလောင်းမင်းတရားကြီးက ရွှေမော်ဓောစေတီတော်ကို သူလည်း ကြည်ညိုတယ်၊ ဒါကြောင့် ပဲခူးမှာ သူရှိစဉ်က ပန်းချီကျော်တဦးကို ဘုရားပုံတော်တွေ ရေးဆွဲယူခဲ့စေတယ်။ ခုရွှေဘိုမြို့တော်မှာ အဲဒီ ရွှေမော်ဓောစေတီ အချိုးအစားအတိုင်း တည်ထားကိုးကွယ်မယ်။ မိဖုရားလည်း ရွှေမော်ဓော ကို အလွမ်းပြေ ဖူးရရောပေါ့လို့ဆိုပြီး ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ထောင့် (တနင်္ဂနွေထောင့်) မှာ တဆယ့် ခုနစ်တောင် အမြင့်ရှိတဲ့ “ဣန္ဒသာလာ” ဆိုတဲ့ ကုန်းမြေပေါ်မှာ ဖိနပ်တော် ၄၅ တောင် ဥာဏ်တော် ၆၇တောင်နဲ့ ၁ ထွာရှိတဲ့ စေတီကို ရွှေမော်ဓော ပုံစံမျိုးနဲ့ တည်ထားပြီး သောကြာသား အလောင်းမင်းတရားကြီးရဲ့ နံတော်လည်းပါအောင် “မော်ဓော မြင်သာ” လို့ ဘွဲ့တော် တပ်ချီ လိုက်ပါသတဲ့။
ဒီစေတီဟာ မြို့တနင်္ဂနွေထောင့်မှာရှိတာမို့ “မြို့ထောင့်စေတီ” လို့ အလွယ်ခေါ်ကြ၊ ပွဲတော်ကိုလည်း မြို့ထောင့် စေတီပွဲလို့ ခေါ်ကြပေမယ့် အလောင်းမင်းတရားကြီး တည်ထားကိုးကွယ်ခဲ့တဲ့ နံတော်သင့် ဘုရားမို့ “စေတီတော်” လို့ ခေါ်ကြ၊ ပွဲတော်ကိုလည်း “စေတီတော်ပွဲ” လို့ ခေါ်ကြတာပါ။

ပွဲတော်ရက် ရွေးချယ်တာကတော့ သက္ကရာဇ် ၁၁၇၅ (ခရစ် ၁၈၁၃ ဘိုးတော်ဘုရားခေတ်-အယ်ဒီတာ) ခုနှစ်တုန်းက မိုးခေါင်လို့ အစာရေစာရှားပါး ပြတ်လတ်တာကို ကြုံရတော့ ဒီကိစ္စမျိုး နောက်မဖြစ်ရလေအောင်ဆိုပြီး နိုင်ငံက ထေရ်ကြီး ဝါကြီးတွေက ဘုရားပုထိုး ၁၃ ဆူကို သီတင်းစဉ် ပွဲတော်ရက်များ သတ်မှတ်ပြီး ဆွမ်းလောင်းပွဲတွေ လုပ်ခဲ့ကြသတဲ့။

ဟိုတုန်းက စာရေးတံမဲချပြီး သတ်မှတ်ခဲ့တဲ့ ပွဲတော်ရက်ကို ဝါဆိုလပြည့်ကစပြီး သီတင်းကျွတ်လပြည့်အထိ စဉ်လိုက်တဲ့အခါ “ ဆာ၊ သေ့၊ ဗန်၊ ဆု၊ ကူ၊ ရ၊ ကျွန်း၊ တော်၊ ကျ၊ ဦး၊ တော်၊ ခမ်း၊ လော” ဆိုတဲ့ သင်္ကေတလေး ရလာပါတယ်။

ဆာ - ရွှေတန်ဆာ
သေ့ - ရွှေခြင်္သေ့
ဗန် - နေရဗန်
ဆု - ဆုတောင်းပြည့်
ကူ - ရွှေကူကြီး
ရ - သက်တော်ရှည် သက်တော်ရ
ကျွန်း - ရွှေပေါ်ကျွန်း
တော် - ရွှေသိမ်တော်
ကျ - ရွှေချက်ကျ
ဦး - ဖောင်တော်ဦး
တော် - မော်ဓောမြင်သာ စေတီတော်
ခမ်း - ပခမ်းဘုရား
လော - လောကမာရဇိန် တို့ ဖြစ်ကြပါတယ်။

စေတီတော်ပွဲကို တော်သလင်းလကွယ်နေ့မှာ ဆွမ်းချပါတယ်။ ဆွမ်းချတယ်ဆိုတာ ဆွမ်းကြီး လောင်းတာကို ခေါ်တာပါ။

ရွှေဘိုမှာ ပွဲတော်ရက်ဆိုရင် ဧည့်ကြောက်တတ်တဲ့အိမ်မျိုး အနည်းအပါးကလွဲလို့ အိမ်တိုင်းစေ့ အဝေးဧည့်တွေနဲ့ မြိုင်နေတာပဲ။ တချို့က နေ့ချင်းပြန်လာတယ်။ ဈေးဝယ်ပြီးရင် ရွာတို့၊ မြို့တို့ကို ပြန်တယ်။ တချို့က ပွဲကြည့်ပြီး လင်းမှပြန်တယ်။

စေတီတော်ပွဲမှာ ရှေးကထဲက ဆက်ကပ်၊ ရုပ်သေး၊ အငြိမ့်၊ ရုပ်ရှင်နဲ့အတူ ဇာတ်ပွဲတွေ ၃၊၄ ပွဲ ပါလေ့ရှိပြီး ရွှေဘိုက အောင်မောင်းကို အလွန်ကြိုက်တယ်လို့ ပြောရမလားမသိဘူး။ ဘာကြောင့်လဲဆိုတော့ မင်းသား အောင်မောင်း နှစ်တိုင်းလိုလို စေတီတော်ပွဲကို လာကရာမှာ တနှစ်မှာတော့ ညနေ ၄ နာရီ ရုံဖွင့်ပေးလိုက်ရတဲ့ အဖြစ်နဲ့ ကြုံဖူးလို့ပဲ။

ဇာတ်ရုံတွေဖွင့်တယ်ဆိုတာ မနက် ၄ နာရီ စခန်းချပြီးလို့ အပူတိုက်ရောက်တဲ့အခါမှ လင်းခါနီးပြီမို့ ရုံကိုဖွင့်ပေးတာ ဇာတ်ပွဲထုံးစံမဟုတ်လား။ ဦးအောင်မောင်းကြီး လာကတဲ့တနှစ်မှာတော့ လက်မှတ်တွေ အစောကြီးဝယ်ပြီး လူတွေက ရုံထဲ ဝင်ထိုင်နှင့်နေကြတာ။ ညနေ ၄ နာရီပဲ ရှိသေးတယ်။ ထိုင်စရာနေရာ မရှိတော့အောင် ကြိတ်ကြိတ်တိုး ဖြစ်နေတယ်လေ။ ဒါကြောင့် ညနေကြီးရှိသေးပေမယ့် ရုံဖွင့်ပေးလိုက်ရတယ်။ ဦးအောင်မောင်းကြီးဇာတ်မှာ လူစည်လိုက်ပုံကတော့ တကယ့်ပြောစမှတ်ပါပဲ။

ဒီဘက်ခေတ်မှာတော့ ဇာတ်ကတဲ့ ဇာတ်ရုံက အလွန်နည်းလာပြီး ဗီဒီယိုရုံတွေ၊ အလှပြင်ဆိုင်တွေ၊ ဓာတ်ပုံဆိုင်တွေ ဘုရားပွဲဈေးတန်းကြီးမှာ အလွန်များတဲ့ အရေအတွက်မျိုးနဲ့ တွေ့လာရတယ်။

အဝတ်အထည်တန်းတွေမှာလည်း ဂျင်းအင်္ကျီ၊ ဂျင်းဘောင်းဘီ ဆိုတာတွေက စပါးရတဲ့ လယ်သမားတွေရဲ့ သားသမီးများကို အကြီးအကျယ် မျက်စပစ်ပြနေတာနဲ့အတူ ငယ်ရွယ်သူတွေကလည်း ဝယ်ကြပါပေ့၊ ဝတ်ကြပါပေ့၊ ဪ သူ့ခေတ်နဲ့ သူပေကပဲ။

No comments: