Monday, October 18, 2010

အစိုးရအထက်ကအစိုးရ၊ ဖွဲ့စည်းပုံအထက်က စစ်ကောင်စီ

ရဲဘော်ဖိုးသံချောင်း

စစ်အုပ်စုရဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဥပဒေထဲမှာ လူပြောသိပ်မများကြတဲ့ ပုန်းလျှိုးကွယ်လျှိုး အာဏာပိုင်အဖွဲ့တဖွဲ့ ရှိနေပါတယ်။ အဲဒီအုပ်စုဟာ အမှောင်ထဲမှာ ချောင်ကုပ်နေတာဖြစ်သလို ဒီဖွဲ့စည်းပုံဥပဒေထဲမှာ သူ့အတွက် သီးခြားအခန်း၊ ပုဒ်မရယ်လို့ ဖော်ပြမထားဘဲ သမ္မတဆိုတာရယ်၊ တပ်တော်ရဲ့အခန်းဆိုတာရယ်တို့နဲ့ ရောထွေး ဖော်ပြထားတာကို တွေ့ရပါတယ်။

အဲဒါကတော့ အခန်း (၅) အုပ်ချုပ်ရေးဆိုတာကနေ စပြီးဖော်ပြထားတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဆိုတာပါပဲ။ ဒီကောင်စီမှာပါမယ့် လူတွေက နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ (နှစ်ယောက်)၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီးနဲ့ နယ်စပ်ရေးရာဌာန၀န်ကြီး ဆိုတာတွေ ဖြစ်ပါတယ်။ အဲဒီနေရာတွေကို ဘယ်သူတွေကရမယ်ဆိုတာ အထူးတွက်နေဖို့မလိုပါဘူး။ သာမန်လူတောင် မှန်းလို့ရတဲ့ ရာထူးဌာနန္တရတွေဖြစ်ပါတယ်။ ဒီအထဲက ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး၊ နယ်စပ်ဒေသ၀န်ကြီးဌာန၀န်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန၀န်ကြီးဆိုတာတွေကို လွှတ်တော်က ရွေးခြယ်ခွင့်မရှိပါဘူး။ စစ်အုပ်စုထိပ်သီးတွေက စိတ်ကြိုက်ရွေးမှ ဖြစ်တယ်လို့ တိတိလင်းလင်းပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ သူတို့ အယုံကြည်အစိတ်ချရဆုံး၊ စစ်အုပ်စုအတွင်းဆုံးက လူတွေပဲ ဖြစ်မယ်ဆိုတာကတော့ သံသယဖြစ်စရာမလိုပါဘူး။ ဒါကြောင့် ဒီကောင်စီဟာ သူတို့ရဲ့စစ်တပ်ကလူတွေနဲ့ ဗိုလ်ချုပ်ထွက်တွေ ချည့်ပါဝင်မယ့် ကောင်စီဖြစ်တာမို့ စစ်ကောင်စီလို့ ခေါ်တာ အသင့်တော်ဆုံးပါပဲ။

ဒါ့အပြင် ဒီကောင်စီကြီးရဲ့ တာဝန်ဝတ္တရားဆိုတာတွေမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေးတာဝန်တွေက အဓိကဖြစ်နေတယ် ဆိုတဲ့အချက်ကိုလည်း သတိပြုသင့်ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာတော့ မရှင်း-မရှင်း ရေးထားတာပါ။ “ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတရပ်ရပ်အရသော်လည်းကောင်း ပေးအပ်လာသည့် တာဝန်ဝတ္တရားများကို ထမ်းဆောင်ရန်လို့” ရေးထားတာပါ။ အဲဒီလိုတာဝန်တွေ မပေးအပ်ရင် ဘာအလုပ်မှမရှိတဲ့ ကောင်စီလို့ အဓိပ္ပာယ်ထွက်သလားဆိုတာ စဉ်းစားစရာပါ။ ပြန်စဉ်းစားလိုက်ရင် မယ်မယ်ရရ၊ တိတိကျကျမရှိသေးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့လို့ ဖြစ်နေပါတယ်။ အဲဒီလိုတော့ မဖြစ်နိုင်ဘူးထင်ပါတယ်။ ဗိုလ်သန်းရွှေတို့ ဘာရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာကို စူးစမ်းလေ့လာသင့်ပါတယ်။

အခန်း (၇)၊ တပ်မတော်ဆိုတဲ့ အခန်းမှာကျတော့ ဒီစစ်ကောင်စီရဲ့ လုပ်ပိုင်ခွင့်တချို့ကို စတွေ့လာရပါတယ်။ ဒီကောင်စီဟာ ၀န်ကြီးအဖွဲ့မလုပ်နိုင်တဲ့ အလုပ်တွေကို လုပ်မယ့်အဖွဲ့လို့ ယူဆစရာတွေပါ။ ဥပမာအားဖြင့် “နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြုထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမည်။”

နောက်တခါ အခန်း (၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ဆိုတဲ့အခန်းမှာတော့ “နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်” လို့ ပါပါတယ်။

ဒီအချက်ကိုကြည့်ရင် ဒီစစ်ကောင်စီဟာ ၀န်ကြီးအဖွဲ့ထက် အာဏာရှိနေတာ ထင်ရှားပါတယ်။ သမ္မတရဲ့ လက်ရုံးတပ်လို ဖြစ်နေပါတယ်။ ဒီလက်ရုံးတပ်ဟာ လွှတ်တော်နဲ့သမ္မတအကြား (တကယ်လို့များ) ကွဲလွဲမှုရှိနေရင် သမ္မတဘက်က အားဖြည့်ပေးမယ့် အာဏာပိုင်အဖွဲ့တခုလို ရပ်တည်နေမှာဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၄၁၂-၄၁၃ အရဆိုရင် ဒီစစ်ကောင်စီဟာ သမ္မတနဲ့ပေါင်းပြီး အာဏာသိမ်းနိုင်တဲ့ အာဏာပိုင်အဖွဲ့ ဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ သမ္မတဆိုသူအဖို့ “လူဆိုးတွေနဲ့မောင်တိုင်ပင်လုပ်ချင်ရင်” ဒီစစ်ကောင်စီနဲ့ပဲ တိုင်ပင်မယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။

နိုင်ငံတော်ထဲက နိုင်ငံတော်၊ ကက်ဘိနက် (၀န်ကြီးအဖွဲ့) အထက်က ကက်ဘိနက်။ စစ်အုပ်စုအတွင်းစည်းလို့ဆိုရင် မမှားပါဘူး။ ဒီစစ်ကောင်စီရဲ့ လက္ခဏာကို ပိုပေါ်လွင်စေတဲ့ နောက်တချက်က ပုဒ်မ ၄၁၂ မှာပါတဲ့ “နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ စုံညီစွာတက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သော တပ် မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန၀န်ကြီးတို့နှင့်ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီထုတ်ပြန်ကြေညာနိုင်သည်” ဆိုတာ ဖြစ်ပါတယ်။ ဒါဟာ အတွင်းစည်းထဲက အတွင်းစည်းကို ထပ်ဖော်ပြလိုက်တာပဲလိုဆိုရင် မမှားပါဘူး။

တကယ်ကျတော့ ဒီစစ်ကောင်စီဟာ တိုင်းပြည်ကို ရာသက်ပန်စစ်ကျွန်ဖြစ်အောင် အာမခံထားတဲ့ အာဏာပိုင်အဖွဲ့ အစည်းတခုသာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံထဲမှာ ဒီစစ်ကောင်စီကို ဘယ်သူက ဘယ်လိုဖျက်သိမ်းနိုင်တယ်၊ ပြောင်းလဲနိုင်တယ် ဆိုတဲ့အချက်တွေ လုံးဝမပါပါဘူး။ သမ္မတဆိုတဲ့လူက စိတ်ကြိုက်သူ့လူတွေနဲ့ချည်း ဖွဲ့စည်းထားမယ့် အားလုံးရဲ့ အထက်ဆုံးက အာဏာပိုင်အဖွဲ့သာဖြစ်ပါတယ်။ သူတို့ဟာ သမ္မတဆိုသူ၊ ဒါမှမဟုတ် သမ္မတဆိုသူရဲ့ နောက်ကွယ်ကရှိသူ (ဒါလည်းမဖြစ်နိုင်ဘူး မပြောနိုင်ပါဘူး) အယုံဆုံးလူတွေ ဖြစ်နေတယ်ဆိုတဲ့အဓိပ္ပာယ်က သူတို့ဟာ အဲဒီနံပါတ်ဝမ်းရဲ့ အမိန့်ကို တသွေမတိမ်း လိုက်နာမယ်လို့ အယုံကြည်ရဆုံးလူတွေ ဖြစ်တယ်ဆိုတာပါပဲ။

၂၀၁၀ ရွေးကောက်ပွဲက တင်မြှောက်မယ့် လွှတ်တော်ကြီးနဲ့ အစိုးရအဖွဲ့ဆိုတာတွေ ရှိနေပါလျက်နဲ့ ဘာကြောင့်မို့ ဒီလို အရိပ်မည်းကြီးတခု ဖန်တီးထားရတာလဲ။ ကမ္ဘာပေါ်မှာ အာဏာသိမ်းခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တရားဝင် ထည့် သွင်းပြဋ္ဌာန်းထားတဲ့ တခုတည်းသောနိုင်ငံက တခုတည်းသောအစိုးရရဲ့ တဦးတည်းသော အာဏာရှင်ကြီးအဖို့ ဒီလို လူယုံတွေနဲ့ တိုင်းပြည်ကိုအုပ်ချုပ်ရာ၊ ပြည်သူတွေကို ဖိနှိပ်ရာမှာ ဒီလိုစစ်ကောင်စီတခုလိုလို့ဖြစ်ပါတယ်။

တချို့လူတွေပြောကြသလို “စည်းကမ်းရှိတဲ့ ဒီမိုကရေစီရဲ့ပြယုဂ်” ဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံထဲက ဒီလိုအချက်မျိုးကို တဖြည်းဖြည်းချင်းပြောင်းလဲယူလို့ ရမယ်လို့ တကယ်ထင်ပါသလား။ ကိုယ်က တဖြည်းဖြည်းချင်း ပြောင်းလဲဖို့စဉ်းစားနေတုန်း သူက တမုဟုတ်ချင်း အာဏာသိမ်းခွင့်ရှိအောင် လုပ်ထားတယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ အာဏာသိမ်းတယ်ဆိုတာကို ထမင်းစားရေသောက်လို သဘောထားတဲ့ စစ်အုပ်စုအပေါ် အကုန်ပုံလို့ ယုံတယ်ဆိုတာဟာ သမိုင်းသင်ခန်းစာကို ကျောခိုင်းရာကျပါတယ်။

လာမယ့်ရွေးကောက်ပွဲဟာ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်ဖို့ ဓားစာခံရွေးတာလို့ဆိုရင် မမှားပါဘူး။

No comments: