မင်းဟန်
အမှတ် (၉၇/ခ)အနောက်ရွှေဂုံတိုင်လမ်း။
၂ဝဝဝ ပြည့်နှစ် မေလ (၂၇)
ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား အနောက်ရွှေဂုံတိုင်လမ်းရှိ အဖွဲ့ချုပ်ရုံးချုပ်တွင် ကျင်းပ၏။ ၂ဝဝဝပြည့်နှစ် နှစ်ဦးမှစ၍ အဖွဲ့ချုပ်ရုံး၌ပင် ကျင်းပခဲ့သည့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့၊ တော်လှန်ရေးနေ့စသည့်အခမ်းအနားများ၌ အာဏာပိုင်တို့က ကန့်သတ်ဟန့်တားမှုများမရှိ လွတ်လပ်စွာစုဝေးကျင်းပနိုင်ခွင့်ပြုခဲ့၏။
ယခု ရွေးကောက်ပွဲ (၁ဝ)နှစ်မြောက် အခမ်းအနားကိုမူ အာဏာပိုင်တို့က လွတ်လပ်စွာကျင်းပခွင့်မပြုပဲ စောင့်ကြပ် ဟန့်တားလာပြန်၏။
အခမ်းအနားတွင် နှစ်ပတ်လည်အထိမ်းအမှတ်စာအုပ်ကိုလည်း ထုတ်၏။ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များရေးသည့် ဆောင်းပါးများအားစု၍ စာအုပ်အဖြစ် ထုတ်ဝေသည်။ ဆောင်းပါးရှင်များ၏ အာဘော်ကိုကြည့်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်တိုင်းရင်းသားများအကြား ဆက်ဆံရေးသည် ပိုပြီးကောင်းလာသည်၊ ပို ယုံကြည်မှုရှိလာသည်၊ တဦးကိုတဦး လေးစားမှု ပိုရှိလာသည်၊ အပြန်အလှန် အားကိုးယုံကြည်မှုများ ပိုခိုင်မြဲလာသည်ကိုတွေ့ရ၏။ ဆယ်စုနှစ်တစုအတွင်း အခက်အခဲအကြပ်အတည်းများ အတူ ဖြတ်သန်းရင်းရခဲ့ကြသည့် အမျိုးသားသွေးစည်းညီညွှတ်ရေးပင်ဖြစ်သည်။ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းစကားဆို၏။ နိုင်ငံရေးသုံးပါးသီလအားစောင့်ထိန်းကြရန် တိုက်တွန်း၏။
“ ကျမတို့ အဖွဲ့ချုပ် အဖွဲ့ဝင်များအနေနဲ့ နိုင်ငံရေး သီလများ စောင့်ထိန်းဖို့လိုပါတယ်။ နိုင်ငံရေးသီလ ဆိုတာကတော့ နံပါတ်တစ်ကတော့ ကိုယ်ရဲ့ ယုံကြည်မှုအပေါ်မှာ သစ္စာရှိပါ။ နံပါတ်နှစ် ကိုယ်ရဲ့ရဲဘော်ရဲဘက်တွေအပေါ်မှာ သစ္စာရှိပါ။ နံပတ်သုံး ရန်သူအပေါ်မှာ သဘောထားကြီးပါ။ ဒါဟာ အရေးအကြီးဆုံး နိုင်ငံရေးသီလသုံးချက်ပဲလို့ ကျမဒီလိုပဲ ယူဆပါတယ်။ ကျမတို့ ဒီသီလသုံးခုကို ခိုင်ခိုင်မြဲမြဲ စောင့်နိုင်မယ်ဆိုလို့ရှိရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်မယ်။ ကိုယ်လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့ အခါကျတော့လဲ ကိုယ်မျှော်မှန်းတဲ့အတိုင်းဖြစ်ရ၊ မြင်ရပါမယ်။ တချို့က ထင်မယ်၊ ပြည်သူလူထုအကြောင်း ကျမတို့မပြောဘူးလားဆိုပြီးတော့ ကျမတို့ကိုယ်တိုင်က ပြည်သူလူထုတွေပဲ။ ကိုယ့်ရဲ့ယုံကြည်ချက်အပေါ်မှာ သစ္စာမဖောက်ပါဘူး၊ ကိုယ့်ရဲ့ရဲဘော်ရဲဘက်အပေါ်မှာသစ္စာမဖောက်ဘူးဆိုရင် အလိုလိုကို ကိုယ့်နိုင်ငံအပေါ်မှာ သစ္စာမဖောက်ဘူး။ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေအပေါ်မှာ သစ္စာမဖောက်ဘူးဆိုတာ ပါပြီးသားဖြစ်ပါလိမ့်မယ်”
ဒေါ်အောင်ဆန်းစုကြည်ကား မိန့်ခွန်းအား ဤသို့ နိဂုံးချုပ်လိုက်သည်။ နောက် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ၏ ရွေးကောက်ပွဲ ဆယ်နှစ်မြောက် ကြေညာချက်အား အခမ်းအနားမှူးမှပင် ဖတ်ကြား၏။
“ယနေ့ ပါတီစုံရွေးကောက်ပွဲဥပဒေအရ ကျင်းပပေးခဲ့သည့် ရွေးကောက်ပွဲ ဆယ်နှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပေသည်။ ဤဥပဒေ၏ အဓိကအရေးကြီးသည့်ပြဋ္ဌာန်းချက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော်တရပ် ဖွဲ့စည်းရန်ဖြစ်ပေသည်။ ဒီမိုကရေစီ၏အခြေခံဖြစ်သော ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာမှသာလျှင် ပါတီစုံဒီမိုကရေစီလည်းပေါ်ထွန်းလာမည်ဖြစ်သည်။ ဆယ်နှစ်ကြာပြီဖြစ်သော်လည်း စစ်အာဏာရှင်များသည် ပြည်သူ့လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးခြင်းနှင့်ပတ်သက်၍ ယင်းတို့ ထုတ်ပြန်ထားသည့် ဥပဒေကို ယင်းတို့ကိုယ်တိုင် သိက္ခာမဲ့စွာ ချိုးဖောက်နေသည်” ဌာန်ကရိုဏ်းကျအောင် ရွတ်ဖတ်နေသည့် အခမ်းအနားမှူးက ကြည်လင်ပြတ်သားစွာနှင့် လေးလေးမှန်မှန် ဖတ်ကြား၍နေသည်။
“၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲသည် ပြည်သူလူထု၏ တရားသော တောင်းဆိုချက်များကို ရှောင်လွဲ၍ မရသောကြောင့်သာ ပေါ်ပေါက်လာရခြင်းဖြစ်သည်။ သို့အတွက် ရွေးကောက်ပွဲ၏ရလဒ်ဖြစ်သော ပြည်သူ့လွှတ်တော် ပေါ်ပေါက်ရေးသည် ပြည်သူ့ဆန္ဒနှင့်အညီ မလွဲမသွေအကောင်အထည် ပေါ်လာရမည် ဖြစ်ပါသည်။ အကယ်၍ ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာရခြင်း မရှိပါက ပြည်သူလူထု၏ဆန္ဒကို ဆန့်ကျင်ခြင်းသာ ဖြစ်ပါသည်။ ယင်းသို့ ပြည်သူ့ဆန္ဒကို အချိန်အခါ၊ အခြေအနေများနှင့် ကိုက်ညီစွာ ဖြည့်ဆည်းမပေးဘဲ အချိန်ကြာမြင့်စွာ ဆန့်ကျင်ထားလျှင် ပြည်သူလူထု၏ ဆန့်ကျင်တုန့်ပြန်မှုသည်လည်း အချိန်ကြာမြင့်သည်နှင့်အမျှ ပို၍ ပြင်းထန်လာနိုင်ပေသည်။ မဲဆန္ဒရှင် ပြည်သူလူထု အပေါင်းတို့သည်လည်း မိမိတို့၏ မူလမျှော်မှန်းချက်ဖြစ်သော ပါတီစုံ ဒီမိုကရေစီ နိုင်ငံပေါ်ထွန်းရေးအတွက် ပြည်သူ့လွှတ်တော်တရပ် ပေါ်ပေါက်ရေးတွင် မိမိတို့ကိုယ်တိုင် တာဝန်ရှိကြပေသည်။ ရဟန်း၊ ရှင်လူ၊ ကျောင်းသား၊ ပြည်သူတို့၏ အသက်ထောင်ပေါင်းများစွာ စတေးခဲ့ရပြီးမှ ပေါ်ပေါက်လာသည့် ၁၉၉ဝပြည့်နှစ်က ကျင်းပပေးခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၏ ရလဒ်ကို မျက်ဝါးထင်ထင် ပီပီပြင်ပြင်အကောင်အထည်ဖော် မပေးမချင်း နောက်ရွေးကောက်ပွဲဆိုသည်ကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် လုံးဝဥဿုံလက်ခံမည်မဟုတ်ကြောင်း သန္နိဋ္ဌာန်ချထားသည်ကို ကြေညာလိုက်သည်။”
ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
ရန်ကုန်မြို့
၁၃၆၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁ဝ)ရက်။
၂ဝဝဝပြည့်နှစ် မေလ (၂၇)ရက်။
(၂၃၅)
၂ဝဝဝ ပြည့်နှစ် ဇွန်လ (၂၆) (၂၇) ရက်နေ့များတွင် ပိုလန်အစိုးရကဦးဆောင်၍ ကမကထပြုလုပ်ပြီး ဝါဆောမြို့တွင် ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီညီလာခံကြီးတရပ်အား ကျင်းပပြုလုပ်မည်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံပေါင်း (၁ဝဝ) ကျော်မှ နိုင်ငံခြားဝန်ကြီးများတတ်ရောက်ဆွေးနွေးကြမည့် ညီလာခံဖြစ်သည်။ ဝါဆောညီလာခံ၏ရည်ရွယ်ချက်က ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်အခြေခိုင်မာပြီး ဒီမိုကရေစီဝါဒ ပိုမိုထွန်းကားလာစေရန်ဖြစ်သည်။
ပိုလန်အစိုးရ၏ကိုယ်စား ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ဝါဆောညီလာခံကြီးသို့တတ်ရောက်၍ မိန့်ခွန်းစကားပြောကြားပေးပါရန် ဖိတ်ကြားထား၏။ ပြဿနာက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာ့မြေမှ ထွက်ခွာသွား၍မဖြစ်။ ဤအတွက် ပိုလန်နိုင်ငံခြားရေးဝန်ကြီးနှင့် ညှိနှိုင်းရသည်။ သူမအနေဖြင့် လူကိုယ်တိုင်မှာမူ ညီလာခံကြီးသို့ လာရောက်နိုင်မည်မဟုတ်။ သို့သော် သူမပြောကြားမည့် မိန့်ခွန်းကိုမူ ညီလာခံကြီးသို့ ပေးပို့ပါမည်ဟူ၍ အကြောင်းပြန်ရ၏။ ပိုလန်နိုင်ငံခြားရေးဝန်ကြီးက စာနာစွာနှင့် သဘောတူလက်ခံ၏။
(၂၃၆)
၂ဝဝဝပြည့်နှစ်၊ သြဂုတ်လ (၂၄)ရက်။
၁၉၉၈ ခုနှစ် သြဂုတ်လ (၁၂)ရက် ဧရာဝတီတိုင်းစည်းရုံးရေးခရီးစဉ်အတွင်း ထန်းတပင်မြို့နယ် အညာစုရွာအနီးတွင် အာဏာပိုင်များမှ ပိတ်ဆို့ဟန့်တားထားခဲ့ပြီး နေအိမ်သို့ အဓမ္မ ပြန်ပို့ခြင်း ခံခဲ့ရပြီးသည်မှစ၍ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်များ ရပ်ဆိုင်းထားခဲ့သည်မှာ ၂-နှစ်မျှရှိပြီ။
အခုသွားမည့်စည်းရုံးရေးခရီးစဉ်က ၂-နှစ်အတွင်း ပထမဆုံး ပြန်သွားမည့်ခရီးစဉ်ဖြစ်သည်။ ရန်ကုန်တိုင်း တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များသို့ သွားရောက်မည့်ခရီးစဉ်ဖြစ်သည်။
မြို့နယ်စည်းရုံးရေးကော်မတီဝင်များနှင့် တွေ့ဆုံ၍ အဖွဲ့ချုပ် စည်းရုံးရေးကိစ္စရပ်များ ဆွေးနွေးမည်။ မြို့နယ်လူငယ်လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းသွားမည် စသည့်အဖွဲ့ချုပ် စည်းရုံးရေးခရီးစဉ်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်၊ တိုင်းစည်းရုံးရေးကော်မတီဝင် ဒေါက်တာမျိုးအောင်နှင့်အဖွဲ့ချုပ် လူငယ် (၁၆)ဦးတို့ လိုက်ပါကြသည်။
၂ဝဝဝ ပြည့်ုနှစ်၊ သြဂုတ်လ (၂၄) ရက် မနက် ရှစ်နာရီခွဲခန့်မှာပင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ပန်းဆိုးတန်း၊ နန်းသီတာဆိပ်ခံဘောတံတားသို့ရောက်၏။ စီးလာသည့် မက်တူးနှင့်တောင်းအေ့စ် ကား(၂)စီးအား နန်းသီတာဆိပ်ကမ်းတွင်ရပ်ထားခဲ့ပြီး ကူးတို့သင်္ဘောဖြင့် ဒလသို့ ကူးမည်။ ဒလတွင်စောင့်ကြိုနေမည့် ကား (၂)စီးနှင့်တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးမြို့နယ်များသို့ ဆက်မည်။ နေ့ချင်းပြန်သွားမည့် ခရီးဖြစ်၍ စောစောပင် ထွက်ခဲ့ကြသည်။ သို့သော်….ပြဿနာက နန်းသီတာဆိပ်ခံဘောတံတားတွင် အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့အား ပိတ်ဆို့ထား၏။ ဒလသို့ကူးခွင့်မပေး၊ အာဏာပိုင်များနှင့်ညှိနှိုင်းနေရ၏။ တနာရီခွဲခန့်ကြာသည်။ နောက်ဆုံးမှ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်တို့အား ဒလသို့ ကူးခွင့်ပြုလိုက်၏။
ဒလဆိပ်ကမ်း၌ စောင့်ကြိုနေသည့် ဆလွန်းကားအဖြူတစီး၊ ဟိုင်းလက်ပစ်ကပ်တစီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးဆက်ကြ၏။ ဒလမြို့ နာရီစင်အား ကျော်လာခဲ့၏။ မြို့တွင်းမှ မြို့ပြင်သို့…။ လယ်ကွင်းနှင့်တောအုပ်ညို့ညို့တို့ကို လမ်းဘေးဝဲယာတွင် ဖြတ်ကနဲ ဖြတ်ကနဲနှင့် ကျိုးကျဲကျဲတွေ့နေရ၏။ ဒလမြို့ကို ၃-မိုင်ခန့်လွန်ခဲ့ပြီ။ အရှေ့တွင် လမ်းဝဲဘက်၌ ဓာတ်ဆီဆိုင်တခု၊ ဓာတ်ဆီဆိုင်အရှေ့၌ ကား လမ်းအားပိတ်ဆို့ထား၏။ သံဆူးကြိုးများနှင့် လမ်းကို ကာရံထား၏။ သံဆူးကြိုးခွေများ၏ တဖက်တွင် ရဲ၊ စစ်ထောက်လှမ်းရေး၊ ကြက်ခြေနီ၊ မီးသတ်များနှင့် အရပ်ဝတ်ကြံ့ဖွတ်တို့ လူစုလူဝေးနှင့် ပိတ်ဆို့ထား၏။ ရဲတပ်ဖွဲ့ ရဲမှူးချုပ်အောင်နွယ်နှင့် ဒုရဲမှူးကြီး မျိုးလွင်က “ ခရီးဆက်၍သွားခွင့်မပြုကြောင်းနှင့် ရန်ကုန်သို့ ပြန်လှည့်ပါရန်” ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်အား ပြော၏။
ဒေါ်အောင်ဆန်းစုကြည်တို့က လက်မခံ။ နိုင်ငံအတွင်း လွတ်လပ်သည့်နိုင်ငံသားများအနေနှင့် လွတ်လပ်စွာခရီးသွားလာခွင့်ရှိရမည်။ ပိတ်ပင်ခွင့်မရှိ ခွင့်ပြုရမည်ပင်။ ဤအတွက် တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးခရီးစဉ်အား ဆက်၍ထွက်မည်။ ရန်ကုန်သို့ပြန်လှည့်မည်မဟုတ်။ ဤသို့ပင် သန္နိဋ္ဌာန်ချထားကြ၏။ အာဏာပိုင်တို့ကလည်း လမ်းအားပိတ်ထားမြဲ။ မဖယ်ပေး။ ဖြတ်သန်းသွားလာခွင့်မပြု။ မွန်းတိမ်း၍လာခဲ့ပြီ။ အခြေအနေက ရှေ့တိုးမရ။
ဒလ-တွံတေး လမ်းပိုင်းအား အာဏာပိုင်များက ပိတ်ဆို့၍ထားဆဲ။ ယာဉ်အသွားအလာများ ပြတ်တောက်နေသည်။ မိုးက ဖွဲလိုက်၊ စဲလိုက်၊ သည်းလိုက်နှင့်။ ညနေ သုံးနာရီခန့်တွင်မူ အာဏာပိုင်များ လမ်းပိတ်ဆို့ထားရာမှ တဆင့်တက်လာသည်။
ဒေါ်အောင်ဆန်းစုကြည်တို့ စီးလာခဲ့ကြသည့် ယာဉ် (၂)စီးဘီးများကို လေလျှော့ပစ်လိုက်ကြ၏။ ပြီးလျှင် ကားများကို ဒလ -တွံတေး လမ်းမပေါ်မှ ဝဲဘက်ရှိ မြေနီလမ်းသွယ်လေးအတိုင်း မီတာ (၂ဝဝ)ခန့် တွန်း၍ ရွှေ့လိုက်ကြသည်။ မြေနီလမ်းက လှည်းလမ်းမျှသာကျယ်၏။ လမ်းဘေးဝဲယာတွင် ခင်တန်းငယ်အုပ်အုပ်နှင့် လယ်ကွင်းပြင်၊ မုတ်သုန်မိုးကြောင့် မြက်ရိုင်းပင်များကသန်၏။
ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးဆက်ထွက်နိုင်သည်အထိ ထိုနေရာ၌ပင် စောင့်နေရန်ဆုံးဖြတ်လိုက်ကြသည်။ ကားနှစ်စီးအား တွဲ၍ ရွက်ဖျင်တဲငယ်တခု ထိုးလိုက်ကြသည်။ အကာက မရှိ၊ အမိုးက သွန်းဖြိုးရွာနေသည့် မိုးဒဏ်ကိုမူ အထိုက်အသင့်ကာကွယ်ပေးနိုင်၏။
အစားအသောက်အတွက် ကြိုတင်စီစဉ်ခဲ့သည့်အတွက် လတ်တလော အခက်အခဲမရှိ၊ ဒေါ်အောင်ဆန်းစုကြည်တို့
အဖွဲ့ ရောက်ရှိနေသည့်နေရာမှ တမိုင်ပတ်လည်တွင် ထောက်လှမ်းရေး၊ ရဲ၊ မီးသတ်၊ မယက၊ ရယက အဖွဲ့ဝင်များ အနှံ့အပြား ချထား၏။ ဒလ-တွံတေး လမ်းပိုင်းနှင့် မြေနီလမ်းဆုံရာ ဓါတ်ဆီဆိုင်အနီးတွင် ဆေးရုံကားတစီးနှင့် မီးသတ်ကား တစီး အသင့်။ တရက်၊ နှစ်ရက်၊ သုံးရက်…။ ပိတ်ဆို့ခံနေရသည်မှာ (၉)ရက်ပြည့်မြောက်ခဲ့ပြီ။
၂ဝဝဝ ပြည့်နှစ် ၊ စက်တင်ဘာလ (၁)ရက်။
ည (၁၁း ၃ဝ )နာရီ…။
တပ်မတော်ထောက်လှမ်းရေး ဒု-ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ကျော်ဝင်းမှ တပ်မတော်ထောက်လှမ်းရေး အမှတ် (၁၂)၏တပ်မှူး ဗိုလ်မှူး လှသက်မော်ထံ ညွှန်ကြားချက်ပေးပို့၏။
“ဒလ -တွံတေးလမ်းပိုင်းတွင် ရှိနေကြသည့် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တဖွဲ့လုံးအား ဖမ်းဆီး၍( …. ……) နေရာသို့ ခေါ်ဆောင်ခဲ့ရန်” ဟူ၍ဖြစ်သည်။
ဝင်ရောက်ဖမ်းဆီးရန်အတွက် မရမ်းကုန်း (၉)မိုင် အောင်သပြေစခန်း BSI မှ အမျိုးသမီးသတင်းတပ်ဖွဲ့နှင့် ရဲမှူးချုပ်အောင်နွယ်၊ ရဲမှူးမျိုးလွင်၊ တပ်မတော်ထောက်လှမ်းရေးမှ ဗိုလ်မှူး သူရ၊ ဗိုလ်မှူးတေဇ၊ ဗိုလ်မှူးသန်းထွန်း (DDSI and OSS) တို့ ဦးဆောင်စေပြီး တပ်ဖွဲ့အင်အား ၃ဝဝ-ခန့် အသုံးပြုရန် တာဝန်ပေး၏။
အမျိုးသမီးသတင်းတပ်ဖွဲ့မှ ရဲမေများက ဒေါ်အောင်ဆန်းစုကြည်အား ဝင်၍ ဖမ်း၏။ လက်ထိပ်ခတ်၏။ ပြီးလျှင် ကားပေါ်သို့ အဓမ္မတွန်းတင်ကာ ရန်ကုန်ခေါ်ခဲ့ကြ၏။ ညသည် ပိန်းပိတ်စွာနှင့် မှောင်မဲနေ၏။ မိုးနှောင်းကဲသော ညတွင် အာဏာပိုင်များက ဒလမြို့အား မီးမှောင်ချထား၏။
No comments:
Post a Comment