နှင်းပန်းအိမ်
ဘဝ အခွင့်အရေးဆိုတာ ထိုက်တန်ဖို့ တိုက်ယူရတယ်လို့ နားလည်ထားတဲ့ ကျမအတွက် ဒုက္ခသည်ဘဝဆိုတာ အတော့်ကို ခါးသီးလှပါတယ်။ အမိမြန်မာပြည်မှာ အန္တရာယ်ကြား လူလားမြောက်ရပေမယ့် အရှက်နဲ့ လူလားမမြောက်ခဲ့ရပါဘူး။ ဇာတိသွေးဆိုတာကို ကျမပိုပြီး နားလည်ခံစားနိုင်ခဲ့တာ ဒုက္ခသည်စခန်းမှာပါ။ ဘဝကသစ်ပင်လို ရှင်သန်ရတယ်ဆိုရင် ဒုက္ခသည်ဘဝက ကျမ ရွက်သစ်မဝေနိုင်တဲ့ နေ့တွေပါပဲ။
လူပီပီသသ ဘဝကို တိုက်တိုက်တွန်းတွန်း လှုပ်လှုပ်ရှားရှား ဖန်တီးနေထိုင်ခွင့် ဒုက္ခသည်မှာ မရှိပါဘူး။ ဒုက္ခသည်စခန်းက လူနဲ့ လူဆက်ဆံရေးမှာ အဖွဲ့အစည်း တခုမဟုတ်တခု ကြားခံထားပြီး စကားပြန်နဲ့ ဆက်ဆံရတယ်။ UN_NGO အဖွဲ့အစည်းတွေမှာ လူအမျိုးမျိုး စိတ်အထွေထွေ။ လုပ်ပိုင်ခွင့်၊ ဥပဒေ စည်းမျဉ်းအရလို့ ပြောကြပေမယ့် ဒုက္ခသည်ကို ဆက်ဆံတဲ့အခါ သာယာပျော့ပြောင်း ညင်သာမှုရှိတဲ့သူ ရှိသလို အထက်ဆီးကနေ မတူသလို မတန်သလို ဆက်ဆံတဲ့ သူတွေလဲ ရှိပါတယ်။
ဒီလိုအဖြစ်အပျက်မျိုးတွေနဲ့ တွေ့ကြုံရတိုင်း ကျမတို့ ဒုက္ခသည်ဘဝကို နာကျင်ကြေကွဲလာတယ်။ လူ့ဂုဏ်သိက္ခာကို သူတို့တွေ ဘာနဲ့တိုင်းတာကျပါသလဲ။
ခေတ်စနစ်ကြောင့် ရလာတဲ့ လောကဓံ အလှည့်အပြောင်းကြောင့် ဘာတခုမှ မကျန်အောင် ဆုံးရှုံးခဲ့ရတုန်းကလဲ ကျမ စိတ်ဓာတ်မကျခဲ့ဘူး။ လောကဓံတရားကို သိနားလည်ပြီး လူ့ဘဝကို ကျရာနေရာက သတ္တိရှိရှိ ရင်ဆိုင်ခဲ့တယ်။ `ဘဝမှန်မှ အသိမှန်မယ်ဆိုတဲ့` ဆရာကြီး ဗန်းမော်တင်အောင် စကားကို ကျမ နှလုံးသွင်းနိုင်ခဲ့တယ်။ ခုဒုက္ခသည်ဘဝ နှစ်နှစ်ပြည့်တဲ့ အချိန်မှာ ကျမ လူ့အဖွဲ့အစည်းအကြီးကြီးရှိရာ မဲဆောက်ကို တခေါက် ရောက်ရပြန်ပါပြီ။
မဲဆောက်သွားနိုင်ဖို့ ဒုက္ခသည်စခန်းမှာ စခန်းအုပ်ချုပ်ရေး ပလာက သီတင်းတပတ် ခွင့်ပေးပါတယ်။ ပလာလက်မှတ်နဲ့ ခရီးသွားခွင့် ရှိပါတယ်။ စခန်းအနီး ကတ္တရာလမ်းပေါ်က ကားတွေ ဖြတ်သန်းသွားတိုင်း ကျမတို့ ငေးမောနေကျ။ ခုတော့ ဒီငေးမောနေရတဲ့ ကားပေါ်မှာ ခရီးသည်အဖြစ် မဲဆောက်ကို သွားရမယ်ဆိုတဲ့ စိတ်က ကျမကို တဒင်္ဂ လန်းဆန်းစေခဲ့ပါတယ်။ ရန်ကုန်သူ ကျမအတွက် ကားဆိုတာ နေ့စဉ် တိုးဝှေ့စီးခဲ့ရတာ နာရီပေါင်း မနည်းဘူး။ ဘတ်စ်ကားစီးတဲ့အခါ ပင်ပန်းမှုတွေကို ညည်းညူမိတာကို နောင်တ ရနေမိတယ်။
ကားမစီးရတာ နှစ်ချီကြာပြီမို့ အမြန်နှုန်းနဲ့ မောင်းနေတဲ့ ကားပေါ်မှာ ထိုင်လိုက်လာရတာ ရဟတ်စီးသလို အသည်းတအေးအေး ဖြစ်နေတယ်။ သမိုင်းအမြင်နဲ့ ကြည့်ရင် ၂နှစ်ဆိုတဲ့ ကာလက ဘာမှကြာတယ် မထင်ရပါဘူး။ လူတယောက်ဘဝနဲ့ ကြည့်ရင် ဒီနှစ်ဒီလအတွင်းမှာ အဖြစ်အပျက် အစုံအလင်ကို အများကြီး ရင်ဆိုင်ခဲ့ရတယ်။ ရင်နဲ့အမျှ ခံစားခဲ့ရတယ်။
ထိုင်းနိုင်ငံရဲ့ တောတောင်ရှုခင်းက မြန်မာပြည် ချင်းတောင်ဒေသနဲ့ သိပ်ကိုတူပါတယ်။ မတူတာတခုက ချင်းတောင်တွေက တောင်ကတုံးတွေ။ သစ်တောစိမ်းစိမ်း သစ်ပင်စိမ်းစိမ်း မရှိဘူး။ ရွှေ့ပြောင်းတောင်ယာအတွက် မီးရှို့ကြလို့ သစ်တောတွေ ပြုန်းကုန်တယ်။
ထိုင်းနိုင်ငံမှာတော့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးကို ဂရုစိုက်ကြတယ်။ စိုက်ပျိုးထားတဲ့ သစ်ပင်တွေကလဲ စိမ်းစိမ်းစိုစို သန်သန်စွမ်းစွမ်း။ မိုးရေစိုပြီး သစ်လွင်နေတဲ့ တောတောင် အထပ်ထပ်မှာ ပြောင်းခင်းတွေက ကြည့်လေရာ တမျှော်တခေါ်။
ထိုင်းကျေးလက် တောရွာတွေကို ဖြတ်တော့ လူနေအိမ်တွေ အများကြီး တွေ့ခဲ့ရတယ်။ ထိုင်းရိုးရာ အိမ်တွေက သိပ်ကိုလှပါတယ်။ ရာသီဥတုကို ကာကွယ်ထားတဲ့၊ သင့်တင့်မျှတတဲ့ ကိုယ်ပိုင်ငွေနဲ့ စိတ်ကြိုက်ဆောက်ထားတဲ့ အိမ်တွေ။ ခြံနဲ့ဝန်းနဲ့။ သစ်ပင်ပန်းပင်တွေ ဝေဝေဆာဆာ။ စိမ်းစိမ်းစိုစို လှလှပပ အေးအေးမြမြ။ ကျမ ငေးမောမဆုံး ဖြစ်ရတာ အိမ်တွေပါပဲ။ သစ်သားအိမ်၊ တိုက်အိမ် ခြံစည်းရိုးဆိုတာ ကျမ မမြင်ရတာ ဝေးနေတာ နှစ်ချီနေပြီလေ။ ဘဝမှာ လုံခြုံသာယာ အေးချမ်းတဲ့ အိမ်ပိုင်ရှင်အဖြစ် ကျမ စိတ်ကူးယဉ်ခဲ့ရတာ။
အိမ်တအိမ်ရဲ့ အရွယ်အစားဟာ အမိုးပေါ်မှာ တည်တယ်။ အိမ်တအိမ်ရဲ့ အလှဟာ အမိုးစွန်းမှာ တည်တယ်လို့ ကျမ စွဲစွဲမြဲမြဲ မှတ်သားထားတာ မှုတ်လား။ ကျမတို့ပိုင်တဲ့ အိမ်ကလေးကို ခင်ပွန်းသည် နိုင်ငံရေးပုဒ်မ ၅ညနဲ့ ထောင်ဒဏ်၁၄နှစ် ထောင်ဝင်စာ ခရီးနဲ့ လဲလှယ်လိုက်ရတယ်။
မြန်မာပြည်တွင်းက ကျမတို့ နေတဲ့အိမ်လေးက ထိုင်းရိုးရာ အိမ်တွေလို မဟုတ်ပေမယ့် မိသားစုချစ်ခြင်းတွေ ပြည့်နေတဲ့ အိမ်လေးပါ။ ဒီအိမ်လေးမှာ မြန်မာပြည် အနာဂတ် ပန်းချီကို ရေးဆွဲကြတယ်။ မြန်မာပြည်ရဲ့ ရာဇာဝင်ကို ကမ္ဗည်းတင်မယ့် သူတွေ ပြောဆိုဆွေးနွေးကြတဲ့ အိမ်လေးလဲ ဖြစ်ပါတယ်။
ကျမတို့ မြောက်ဒဂုံမြို့သစ် အိမ်လေးထဲကနေ လှမ်းကြည့်ရင် ရိုးပြတ်တောလေးကို မြင်နေရတယ်။ ကျမတို့ အိမ်ရှေ့မှာ မြောင်းကူးတံတားလေး ရှိတယ်။ ဒီမြောင်းကူးတံတားလေးက မိုးတွင်းဆို ရေနဲ့ မျောနေတတ်တယ်။ တံတားက ရေညှိကြောင့် ကဗျာဆရာတွေ၊ ပန်းချီဆရာတွေ ခဏခဏ ချော်လဲကြတယ်။ ဒါကိုမပြင်နဲ့တဲ့။ ဧည့်စာရင်း လာစစ်သူတွေကို ထောင်ချောက်ဆင်ထားတဲ့။ ဧည့်စာရင်းစစ်သူတွေ ကျမတံတားလေးရဲ့ ထောင်ချောက်ကို မမိဘဲကျမတို့ မိသားစုတွေသာ စစ်အာဏရှင် ထောင်ချောက် မိခဲ့ရပါတယ်။
ကျမတို့ မြန်မာအယူမှာ အိမ်ရှေ့တမာ အိမ်နောက်ခံတက် စီးပွားတက်ဆိုလို့ စိုက်လိုက်ကြတာ မြို့သစ်က အိမ်တိုင်းမှာရှိတယ်။ တမာခံတက်က လက်ညှိုးထိုး မလွဲဘူး။ ဒီကြားထဲကဘဲ ထမင်းဟင်းအတွက် ဆံပင်ဖြတ် ရောင်းသူ၊ ဆံပင်ကျွတ် ရောင်းရသူတွေလဲ ရှိတယ်။ ဆန်ကွဲ ထမင်းချက် စားရသူတွေလဲရှိတယ်။ ဘယ်လိုလူတွေကြားမှာ ရိက္ခာတွေ ပိုလျှံနေလဲ၊ ဘယ်လို လူတွေကြားမှာ ငတ်မွတ်မှု ပြဿနာတွေ ရှိနေတယ်ဆိုတာကို သိအောင် ဖော်ထုတ်လို့ ကျမတို့ မိသားစုတွေ တမိုးအောက်မှာ အတူမနေရဘဲ တကွဲတပြား ဖြစ်ခဲ့ရတယ်။
ထောင်ဝင်စာ ခရီးကို ဆယ်စုနှစ်ချီ အောင်သွားခဲ့ရတယ်။ ထောင်ဝင်စာ ခရီးကို မေတ္တာခရီးလို့ ဒေသခံတွေက ဆိုကြတယ်။ ရန်ကုန်ကနေ စစ်ကိုင်းတိုင်း ကလေးအကျဉ်းထောင် ခရီးက လမ်းကောင်းရင် ကားကောင်းရင်တောင် ၃ည ၄ရက် ကြာသွားရပါတယ်။ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မဟာမြိုင်၊ ဂန့်ဂေါ၊ ပုံတောင်ပုံညာအနှံ့ ခြေဆန့်ခဲ့ရတာ။ မဟာမြိုင်၊ ပုံတောင်ပုံညာ တောလမ်း၊ တောင်လမ်းခရီးက တောင်နှုတ်ခမ်းကို ကားလမ်း လုပ်ထားတာ။
ဒီလိုလမ်းတွေကို ဆယ်ဘီးကား၊ သစ်လုံးတင်ကားတွေ နောက်က လူစီးကား လိုက်လာရတာ အသည်းထိတ်စရာ ရင်တုန်စရာပါပဲ။ တောင်ကျရေကြောင့်၊ တောင်ပြိုတာကြောင့် ရှေ့ခရီး မဆက်နိုင်သေးရင် တောထဲတောင်ထဲမှာ ကျမတို့ ခရီးသည်တွေ ၂ရက်၃ရက် နားနေရတယ်။
လယ်ယာကိုင်းကျွန်း၊ သစ်ပင်ကြီးငယ် အသွယ်သွယ်မှာ တချို့က စိမ်းစိမ်းစိုစို၊ တချို့က ဝါရွှေရောင်သန်းလို့။ ရင်ခတ်ပန်းတွေက ဖွေးဖွေးလှုပ် နေတယ်။ ညဘက်ဆို လသာရင်တော့ လမင်းက အနောက်ဘက် တောတွေ တောင်တွေထဲ တွဲလွဲခိုနေတယ်။ တစီစီအော်နေတဲ့ ပုရစ်သံတွေ၊ အတောင် တဖျတ်ဖျတ်ရိုက်ပြီး ပျံသွားတဲ့ ညငှက်တွေ အသံကိုလဲ ကြားရတယ်။
ငွေကြယ်ပွင့်တွေက အပြောက်ခတ်ထားတဲ့ လှပမှိုင်းပြာတဲ့ ကောင်းကင်ကြီးက ခရီးသည်တွေကို ငုံ့ကြည့်နေတယ်။ ကောင်းကင်ကြီးက မဟာပထဝီမြေကြီးပေါ်က လူ့ဘဝဇာတ်လမ်းတွေကို လျစ်လျူရှု နိုင်လွန်းတယ်လို့ ကျမစိတ်အားငယ်ငယ်နဲ့ တွေးမိသေးတယ်။
ဒီလိုရှုခင်းမျိုးကိုမြင်ပြီး ရန်ကုန်က မိဘအိမ်မှာ ကျန်ခဲ့တဲ့ ကျမသားလေးနဲ့ ကလေး အကျဉ်းထောင်ထဲက ခင်ပွန်းသည်ကို တောတောင်တွေကြားထဲက ကျမ တလှည့်စီ လွမ်းခဲ့ရတာ။ ကောင်းကင်က လမင်းကို တမိုးအောက်မှာ မိသားစုအတူ ကြည့်ခွင့်ရချင်ပါတယ်လို့ ကျမဆုတောင်းကို တွေးမိရင်း ကျမရင်နင့်တဲ့ကြားက ပြုံးမိသေးတယ်။
ကျမတို့ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကောင်းကင်က လမင်းကို ကြည့်ပြီး အသက်အရွယ်အလိုက် ခံစားခဲ့ဘူးကြမယ်။ ခေတ်စနစ်ကြောင့် အကျဉ်းထောင်နံရံထဲ ရောက်သွားတော့လဲ လမင်းကို တမ်းတလာတယ်။ လမင်းက အလွမ်းကို ကူပံ့နိုင်တယ်လေ။ အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ နှစ်ယောက်ထဲဆိုရင် သီချင်းထဲက အုန်းလက်နဲ့ လရောင်ကို မက်မောတတ်လာတယ်။
ဒီခံစားချက်ကို ကဗျာဆရာ ကိုအောင်ပွင့်က အခုလို ကဗျာရေးဘူးတယ်။ ကဗျာဆရာက သူ့ကဗျာကို `ရင်ပူည’ လို့ ခေါင်းစဉ်ပေးထားတယ်။
ရင်ပူည
လမင်းကို
ပွေ့ဖက်ချင်ဇောနဲ့
ကဗျာဆရာကြီး ပိုးအိတော့
မြစ်ဝါမြစ်မှာ ရေနစ်သေခဲ့ဘူးပြီ။
ဟောဒီ မောင်အောင်ပွင့်ဟာ
စက္ကူသားလို ပြားချပ် ပျော့ဖတ်သွားရင်တောင်
လသာသာမှာ ဖြန့်ခင်း
ဘောလုံးလို ပြည့်တင်းနေအောင်
လရောင်ကို စုထုပ်
ပီဘိ မှောင်ကြီးကျနေတဲ့ ပုရွက်ဆိတ်တွင်းတွေထဲ
လရောင်ကို ကဲ့ကဲ့ ထည့်ထည့်ပေးချင်တယ်။
ရွှေလည်တိုင်ကျော့ကျော့ ရွှေမျက်နှာ ခပ်မော့မော့
ရွှေရောင်ဆမ်းထားတော့
နမ်းဖို့ မင်သက်မိ ညခင်းတွေ
လမင်းလေ လမင်းသိမှာပါ။
ချစ်သူပါးနှစ်ဖက် နံ့သာလမင်း
သာခြင်းရှိမှရှိပါလေစ
သတင်းမကြားရ မသိရ။
အခန်းရှေ့ မြေတလင်းပေါ်
သောက်ရေတအိုးလုံးသွန်ချ
လကို ငုံ့ကြည့်ရင်း ငုံ့ကြည့်ရင်း
မှိန်
မှိန်ရာကပျောက်
သောက်ရေနဲ့လ
ပျောက်နေတဲ့ည။ ။
ကဗျာဆရာ ကိုအောင်ပွင့်က ဒီကဗျာကို ၁၉၉ဝမှာ စပ်ဆိုခဲ့တာပါ။ အကျဉ်းထောင်ထဲမှာ ပြင်ပကမ္ဘာရဲ့ သဘာဝတရားကို မခံစားရဘူး။ စစ်ကိုင်းတိုင်း ကလေးထောင် ထောင်ဝင်စာ ခရီးသွား ကျမက လမင်းမှာ အကြည့်ချင်း ဆုံရအောင်လို့ ထောင်ဝင်စာမှာ ခင်ပွန်းသည်ကို မှာခဲ့တယ်။
ခင်ပွန်းသည်က ကဗျာဆရာ ကိုအောင်ပွင့် ကဗျာကို သိပ်ကြိုက်သူမို့ ကောင်းကင်က လမင်းကို အကျဉ်းထောင်ထဲက သူ့အခန်းရှေ့ ရောက်အောင် သောက်ရေအိုးထဲက ရေတွေ ဖျန်းလိုက်တယ်။ ကောင်းကင်က လမင်းကို ကျမက မော့ကြည့်နေချိန်မှာ ခင်ပွန်းသည်က ငုံ့ကြည့်ရတဲ့ အဖြစ်က ကံတရားကြောင့်တော့ မဟုတ်ဘူး။ စနစ်ကြောင့်ပါ။
၂ဝဝ၅မှာ အကျဉ်းထောင်က ပြန်လွတ်လာတဲ့ ခင်ပွန်းသည် အိမ်ပြန်ရောက်တဲ့နေ့က လဆုတ်ရက်။ လွတ်မြောက်သူအဖြစ် သူ့ဘဝရဲ့ အိမ်အပြန် ပထမဆုံးညမှာ သူအိပ်မပျော်ဘူး။ လူတွေအများကြီး၊ အသံစုံ၊ အရောင်စုံကို သူ မခံစားနိုင်သေးဘူးလို့ ဆိုပါတယ်။ အကျဉ်းထောင်ထဲမှာ မနက်လေးနာရီ နိုးပြီး အခန်းထဲမှာ အသင့်အနေအထားနဲ့ တိုက်ကြက်လို အတောင်ပံ ဖွနေရတယ်ဆိုတဲ့ သူက မနက်အစောကြီး အုတ်ရေကန်မှာ ရေထခပ်တယ်။ ရေက လက်တကမ်းပါ။ ဒါပေမယ့် သူ ရေခပ်မလာနိုင်ဘူး။ အုတ်ကန်ထဲက လမင်းကိုကြည့်ပြီး သူနှလုံးခုန် မြန်နေတယ်။ကောင်းကင်က လမင်းကို သဘာဝအတိုင်းပဲ သူကြည့်ချင်တာတဲ့။
စစ်ကြောရေး၊ အကျဉ်းထောင်ဆိုတာ ရုပ်ပိုင်းကိုသာ နာကျင်စေတာ မဟုတ်ဘဲ အသည်းနှလုံး စိတ်ခံစားမှုတွေကိုလဲ နာကျည်း ကြေကွဲစေတယ်။ ဒီလို အကျဉ်းထောင်နံရံထဲက ရလာတဲ့ စိတ်ဒဏ်ရာတွေ မကျက်သေးခင်မှာ ဒုက္ခသည်ဆိုတဲ့ ဖိစီးမှုကိုပါ သူခံစားရပြန်တယ်။ အကျဉ်းကျ မိသားစုဝင်အဖြစ်၊ ဒုက္ခသည်အဖြစ် သူ့ကို ကျမ ပါရမီဖြည့်ခဲ့ရပါတယ်။
စိတ်အပန်းပြေအောင် မဲဆောက်ခရီးကို သူပါ ပါခဲ့တယ်။ ကျမတို့စီးလာတဲ့ကားက အုန်းပျန့် ဒုက္ခသည်စခန်းနဲ့ သိပ်မဝေးတဲ့ ကုန်းမြင့်လေးမှာ ကားနားတယ်။ ထမင်းစား ကိုယ်လက်သန့်စင် အနားယူကြတဲ့ နေရာပါ။ ကျမရဲ့စိတ်တွေ ပျံ့လွင့်နေလိုက်တာ။ ကားရပ်တော့မှ ပတ်ဝန်းကျင်ကို သတိပြုမိတယ်။
အုန်းပျန့် ကုန်းမြင့်ပေါ်ကနေ လှမ်းကြည့်ရင် ပြားဝပ်နေတဲ့ အင်ဖက်မိုးတွေကို မျက်စိတဆုံး လှမ်းမြင်နေရတယ်။ ဒုက္ခသည် စခန်းလေးက အကျည်းတန်သလောက် ကုန်းမြင့်ပေါ်က ကားရပ်နားစခန်း အဆောက်အဦးကြီးက ကြီးမားကျယ်ပြန့်လို့ လှပနေတယ်။ လက်ဆောင်ပစ္စည်း ရောင်းတဲ့ဆိုင်တွေမှာ လိုချင်စရာတွေ များမှများ။လှမှလှ။
အုန်းပျန့်မှာ ဖုန်းဆက်သွယ် ပြောလို့ရပြီ။ ဒုက္ခသည် ကျမတို့ လက်ကိုင်ဖုန်းတွေနဲ့ ကမ္ဘာအနှံ့က မိတ်ဆွေတွေ၊ မဲဆောက်က မိတ်ဆွေတွေကို နှုတ်ဆက်စကား တင့်တင့်တယ်တယ် ဆိုနိုင်တဲ့ အချိန်ပါပဲ။ မိတ်ဆွေက ပြန်ဆက်ရင် ကိုယ့်လက်ကိုင်ဖုန်း ခေါ်ရုံပဲ။ ၁၅ မိနစ်စောင့် သွားခေါ်ပေးပါ့မယ်လို့ ဖုန်းဆိုင်က ပြောစရာ မလိုတော့ဘူး။
ကားရပ်နားရာ နေရာကနေ မြင်နေရတဲ့ တောင်စောင်းတွေမှာ ဂေါ်ဖီစိုက်ခင်းတွေ၊ ပြောင်းစိုက်ခင်းတွေ စိုက်ခင်းတွေထဲက လှုပ်လှုပ်ရှားရှား မြင်နေရတဲ့အရာတွေက အလုပ်သမားတွေ။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေလို့ သူတို့ကို အကူအညီပေးနေတဲ့ ကိုမိုးကြိုးက ပြောဘူးတယ်။
“ထိုင်းနိုင်ငံမှာ လယ်သမား ဥပဒေ မရှိဘူး။ စက်မှုလယ်ယာမို့ အလုပ်သမား ဥပဒေနဲ့ ဖြေရှင်းတယ်။ စက်ရုံအလုပ်သမားက ၄လဆို အလုပ်သမား ဥပဒေနဲ့ အကြုံးဝင်တယ်။ စိုက်ပျိုးရေး အလုပ်သမားက ၁နှစ်မှ အကြုံးဝင်တယ်။ ဒါပေမယ့် စိုက်ပျိုးရေး အလုပ်သမားက အလုပ်ရှင်တောင် သူဆီမှာ ၁နှစ်ပြည့်အောင် အလုပ်လုပ်စရာ မရှိဘူး။
“ပြောင်းချိုး၊ ပဲနှုတ်၊ ဂေါ်ဖီစိုက်၊ ခရမ်းချဉ်သီး စိုက်ပျိုး၊ ဆွတ်တာကို ရာသီအလိုက် ရွှေ့ပြောင်းလုပ်နေရတာ။ အချိန်ကြာကြာ အလုပ်သမားက ကိုယ့်ဆီမှာ မနေနိုင်တော့ အလုပ်ရှင်ကလဲ အလုပ်သမားကဒ် လုပ်မပေးနိုင်ဘူး။ ဒါ့အပြင် အလုပ်သမားလုပ်ခ အပြည့် မပေးနိုင်လို့ တိုင်ရင်လဲ အလုပ်ရှင်နာမည်ကိုတောင် မြန်မာအလုပ်သမားတွေက သိတာ မဟုတ်ဘူး။
“ဒီလို တောတောင်ထဲက စိုက်ပျိုးရေး အလုပ်သမား မပြောနဲ့ မဲဆောက်မြို့ပေါ် စက်ရုံမှာ လုပ်သူတွေတောင် အလုပ်ရှင် နာမည်မေးရင်`ကျော်ရဲအောင်`၊`ရာဇာနေဝင်းလို့ ပြောတတ်တယ်။ တကယ်က အလုပ်ရှင်က သူတို့ကြိုက်တဲ့ မင်းသားနဲ့တူရင် ဒီနာမည်ဘဲ ခေါ်တတ်ကြတယ်။ နာမည်ရင်းကို သိအောင် မလုပ်တော့ဘူး။ဒီတော့ဘယ်လို တရားစွဲမလဲ”….။
ဒီလိုလုပ်ခ အပြည့်မရတဲ့ အကြောင်းတွေ ကျမတို့ အမြဲ ကြားနေရတယ်။ ဒါပေမယ့်လဲ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အလုပ်နေရဆဲပါ။ မြန်မာပြည်မှာထက် ဒီမှာက တော်သေးတယ်ဆိုတဲ့ စကားက သူတို့ဘဝနဲ့ရင်းပြီး ပြောတဲ့စကားပါ။ ဒီစကားကြားရတိုင်း ကျမရင်ထဲ နင့်နေအောင် ခံစားရပါတယ်။
No comments:
Post a Comment