Saturday, October 16, 2010

“ကွဲကုန်ပြီ … ကွဲကုန်ပြီ”

administrator

မြန်မာတပြည်လုံး တခွမ်းခွမ်းနှင့် ကွဲသံများ လှိုင်နေသည် ...။ ကွဲသံများ အတော်ကျယ်သောကြောင့် မြန်မာပြည်မှနေ၍ ဦးရုက္ခစိုး စံမြန်းရာ ချင်းမိုင်အထိပင် နားကွဲမတတ် ကြားနေရသည်။

ရုက္ခစိုး။ ။ ကွဲပြန်ပြီဟေ့ ...။

ဖိုးရှုပ်။ ။ အဲဒါပဲ။ ဦးရုက္ခစိုးက နတ်ဖြစ်ပြီး လောင်းကစားလုပ်တာကိုး။ ဒီ နှစ်လုံးထီကို မထိုးပါနဲ့လို့ ခဏခဏ ပြောနေရဲ့သားနဲ့။ အခုတော့ ကွဲပြီပေါ့။ တော်တော်မှ ပါသွားရဲ့လား။

ရုက္ခစိုး။ ။ ပါသွားတာကတော့ မင်းကြီးတော်ကြီး ၂ ယောက်လုံးပဲ။ ဘယ့်နှယ်ကွာ သတင်းထောက်လုပ်နေပြီး ဘာပြောတာလဲဆိုတာ သေချာမမေးဘူး။ ထင်ရာမြင်ရာတွေ လျှောက်ပြောနေတယ်။

ကြွက်စုတ်။ ။ ပြောမနေနဲ့ ဦးရုက္ခစိုးရေ။ ဒီကောင်က သူထင်ရာသူပြောနေကျပဲဟာ။ ဒါနဲ့ ဦးရုက္ခစိုးက သစ်ပင်ပေါ် ထိုင်နေတာဆိုတော့ ငှက်နဲ့ မှားပြီး လေးခွနဲ့ဆော်သွားတာထင်တယ် … ပြပါဦး နဖူးကွဲသွားတာမဟုတ်လား။ တော်တော်များလား။


ရုက္ခစိုး။ ။ မင်းလုပ်မှ ပိုဆိုးပြီ ကြွက်စုတ်ရာ ...။ ငါ့လည်း နတ်စင်စစ်က ငှက်လို ပကျိ ပကျိနဲ့ အော်ရမလို ဖြစ်နေပြီ။ ငါပြောချင်တာက ...။

ဖိုးရှုပ်။ ။ သြော် သိပြီ ...။ ဗုံးကွဲတဲ့ကိစ္စလား။

ရုက္ခစိုး။ ။ အင်း … နည်းနည်းတော့ နီးစပ်လာပြီ။ ဗုံးကတော့ စ ကွဲနေပြီတဲ့ ...။ ကြံ့ဖွံ့တွေ မဲဆွယ်သွားတဲ့ ကားထဲကို ဗုံးတလုံး ပစ်သွင်းလိုက်တယ် ကြားတာပဲ။

ကြွက်စုတ်။ ။ ချစ်လို့ နေမှာပေါ့ ဦးရုက္ခစိုးရယ်။ ကြံ့ဖွံ့က ချစ်စရာ အရမ်းကောင်းနေတာကိုး။

ဖိုးရှုပ်။ ။ ဗုံးနဲ့ပေါက်ပြီး ကြည်စားတာ ဖြစ်မှာပေါ့။

ရုက္ခစိုး။ ။ တော်ကြစမ်းပါကွယ် ...။ မင်းတို့ ပြောနေကြတာနဲ့ ငါ ဘာပြောနေတယ် ဆိုတာတောင် မေ့သွားပြီ။

ကြွက်စုတ်။ ။ ကွဲတဲ့ အကြောင်းလေ … ဦးရုက္ခစိုး။

ရုက္ခစိုး။ ။ ဟုတ်သားပဲ ...။ ဒီလိုလေ ... မြန်မာပြည်မှာ ပါတီတွေ အခုပဲ မဟာမိတ်၊ အခုပဲကွဲ ဆိုတဲ့သတင်း မင်းတို့ မကြားဘူးလား။

ဖိုးရှုပ်။ ။ သြော် … ဒါလား။ ဒါကတော့ ရိုးရာမဖျက်တဲ့ သဘောလေ ဦးရုက္ခစိုးရဲ့ ...။ ၃ ယောက်ရှိရင် ၄ ဖွဲ့ကွဲမှ မြန်မာ ပီသမယ် မဟုတ်လား။

ကြွက်စုတ်။ ။ ဟုတ်ပြီ ဟုတ်ပြီ … ကျနော်လည်း တခုကြားတယ်။ ရခိုင်ပြည်ဘက်မှာ ရခိုင် တိုင်းရင်းသားတွေ ကွဲကြတယ်တဲ့။

ဖိုးရှုပ်။ ။ ဟား ဟုတ်လား၊ ငါလို သတင်းသမားတောင် ဒီသတင်း မကြားပါလား။ မင်းက ဘယ်က ကြားလာတာလဲ။

ကြွက်စုတ်က သူ့အင်္ကျီကော်လံကို ဟန်ပါပါထောင်ရင်း “အဲဒါပြောတာပေါ့ … မသိရင် မှတ်ထား။ ကြံ့ဖွံ့က မဲဆွယ်ရင်း အရက်တိုက်တာ အားနာနာနဲ့ သောက်ရလို့ အကုန်ကွဲကုန်တာ။ တချို့ဆို မှောက်ပါမှောက်သွားလို့ အိမ်ကို ထမ်းပြီး ပြန်ပို့ရတယ်တဲ့” ဟု ပြောလိုက်သည်။

ဖိုးရှုပ်။ ။ ပေါက်တတ်ကရကွာ ...။

ကြွက်စုတ်။ ။ တကယ်ပြောတာကွ ...။ ရခိုင် တိုင်းရင်းသားတွေက ကွဲရုံ တင်ကွဲတာ ကြံ့ဖွံ့တွေက သူတို့တိုက်တဲ့အရက်ကို သူတို့ဘာသာ နွားငတ်ရေကျ ပြန်သောက်ရင်း မှောက်ကုန်တာတဲ့။

ရုက္ခစိုး။ ။ ကြံ့ဖွံ့ကိုတော့ ဂင်းနစ် စံချိန်စာအုပ်ထဲ ထည့်သင့်နေပြီ။ ကမ္ဘာပေါ်မှာ ပထမဆုံး အရက်တိုက် မဲဆွယ်တဲ့ ပါတီ ဆိုပြီးတော့။

ဖိုးရှုပ်။ ။ ဒါကတော့ နေ့ကော ညကော သောက်ပြီး ကွဲနေတဲ့ ချိုကုပ်ကြီး မောင်ကွေးရဲ့ အကြံပဲဖြစ်မယ်။ ကဲပါ ...။ ဦးရုက္ခစိုးရဲ့ အကွဲဇာတ်လမ်း ဆက်ပါဦး။

ရုက္ခစိုး။ ။ လင်က တပါတီ၊ မယားက တပါတီ ထောင်မိလို့ လင်မယားကွဲတယ်၊ ယောက္ခမက တပါတီ၊ သားမက်က တပါတီ ထောင်မိလို့ သားမက်နဲ့ ယောက္ခမ ကွဲတယ်ဆိုတဲ့ သတင်းတွေလည်း နားနဲ့တောင် မဆံ့ဘူး ကြားနေရတာ။

ထိုစဉ် “ကွဲကုန်ပြီ … ကွဲကုန်ပြီ” ဟု အော်လာသည့် လူတဦး သူတို့နားသို့ ရောက်လာသည်။

ရုက္ခစိုး။ ။ ဟာ … ဝန်ကြီးချုပ် ဦးသိန်းဂိန်ပါလား။ ဘာတွေ ကွဲလာပြန်ပလဲ။ ပုဆိုးလား။

သိန်းဂိန်။ ။ အာ … ပုဆိုးကွဲရင် ဘောင်းဘီပြန်ပြောင်း ဝတ်မှာပေါ့ဗျ။ အခုကွဲတာက ကျုပ် ပါတီထဲမှာ ကွဲကုန်တာ။

ဖိုးရှုပ်။ ။ တော်တော် အသောက်ကြမ်းကြတယ် ထင်တယ်။ အင်းလေ … ဦးသိန်းဂိန်ရဲ့ ကြံ့ဖွံ့ပါတီထဲမှာလည်း အရက်သမားတွေ ချည်းပဲကိုး။

သိန်းဂိန်။ ။ အဲဒီလို ကွဲတာမဟုတ်ဘူး။ အခုဟာက ဟိုလိုကွဲတာ၊ အဲ … ပါတီထဲမှာ ကွဲကုန်ကြတာကို ပြောတာ။

ကြွက်စုတ်။ ။ တော်တော် ဆိုးလို့လား။

သိန်းဂိန်။ ။ ဆိုးတယ်လေ ...။ ဆိုးလို့ ကျုပ်လည်း မနိုင်တော့တာနဲ့ ချင်းမိုင်ဘက် စိတ်ပြေလက်ပျောက် ထွက်လာတာပေါ့။ အခုဟာက … ကြံ့ဖွံ့အသင်းကတည်းကပါခဲ့တဲ့ လူတွေက ပါတီမှာ အမတ် ဖြစ်ကုန်တဲ့သူတွေကို မကျေနပ်ကြဘူးဗျ။

ရုက္ခစိုး။ ။ ဒါလည်း ဟုတ်တာပဲလေ ...။ ဘုန်းကြီးလည်းရိုက်ပေးခဲ့ရ၊ ကျောင်းသားလည်း ဝင်ဆော်ပေးခဲ့ရတဲ့ သူတွေက အမတ် ဖြစ်ချင်မှာပေါ့ဗျ။

ဖိုးရှုပ်က လေသံဖြင့် “ဦးရုက္ခစိုးရေ … ကြည့်ပြောဦးနော်။ ဦးရုက္ခစိုး သွေးထိုးနေသည် ဆိုပြီး သတင်းစာထဲမှာ ပါလာဦးမယ်” ဟု သတိပေးလိုက်သည်။ ဦးသိန်းဂိန်က မကြားလိုက် ...။

သိန်းဂိန်။ ။ ကြံ့ဖွံ့ အသင်းတုန်းကတော့ ဟုတ်တာပေါ့ ဦးရုက္ခစိုးရယ်။ အဲဒီတုန်းက ကျနော်တို့က လက်ရုံးရည်ကို အဓိကထားပြီး အသင်းဝင်အဖြစ် ရွေးခဲ့တာကိုး။ ဘုန်းကြီးတွေ့လည်း ရိုက်ရဲရမယ်၊ အပြစ်မရှိတဲ့သူကိုလည်း ဆော်ရဲ၊ နှက်ရဲ ရမယ် အဲဒီလိုပေါ့လေ။ အခုပါတီအဖြစ် အသွင်ပြောင်းလိုက်တော့ နှလုံးရည်ကို အဓိကထား ရွေးတာဗျ။

ရုက္ခစိုး။ ။ ဘယ်လိုမျိုး နှလုံးရည်ပါလိမ့် ...။ ဘယ်လောက်ထိ ကလိန်ကကျစ်ကျတတ်လဲ၊ လွှတ်တော်ထဲ ရောက်ရင် ဘယ်လို ပြောင်ညာတတ်မလဲ ဆိုတာလား။

သိန်းဂိန်။ ။ ကျန်သေးတယ်။ အခုလို မဲဆွယ်ကာလမှာ ကျန်တဲ့ ပါတီတွေ ခေါင်းထောင်မထနိုင်အောင် ဖိထားဖို့က နှလုံးရည်နဲ့ ပြည့်စုံမှ မဟုတ်လား။ အနည်းဆုံးတော့ ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တယောက်ဟာ ခပ်တည်တည်နဲ့ မျက်နှာပြောင် တိုက်ရဲရမယ်။ ဒီလို နှလုံးရည်နဲ့ ပြည့်စုံတဲ့သူတွေမှ ပါတီခေါင်းဆောင် ဖြစ်ခွင့်ရှိမှာကိုး။

ကြွက်စုတ်။ ။ အဲဒီတော့ အရင်က အသင်းဝင်တွေက သူတို့လည်း မျက်နှာပြောင်တိုက်ရဲပါတယ်၊ ပါတီခေါင်းဆောင် လုပ်ပါရစေလို့ မပြောဘူးလား။

သိန်းဂိန်။ ။ ပြောတယ်လေ။ ဒါပေမယ့် မျက်နှာပြောင်တိုက်ရဲရုံနဲ့လည်း မရသေးဘူး။ ဂုဏ်သရည်ရှိ လူကြီးမင်းလည်း ဖြစ်ဦးမှ။

ရုက္ခစိုး။ ။ ဘယ်လို ဂုဏ်သရည်ရှိတာလဲဗျ။

သိန်းဂိန်။ ။ အကောင်သေးလို့မရဘူးလေ ...။ အသင်းဝင်တွေတုန်းက သူခိုးဆိုလည်း သူခိုးလေးတွေ …၊ လူမိုက်ဆိုလည်း ရပ်ကွက် လူမိုက်ခေါင်း အဆင့်လောက်ပဲ ရှိတာမဟုတ်လား။ အခု ပါတီခေါင်းဆောင်တွေကျတော့ သူခိုးဆိုလည်း သူခိုးကြီး အဆင့်၊ လူမိုက်ဆိုလည်း အနည်းဆုံးတော့ ဘာသာရေးအဓိကရုဏ်းလောက် ဖန်တီးနိုင်တဲ့သူတွေ၊ ဥပမာ - အောင်သိန်းပျင်း လိုပေါ့ဗျာ။ ဒီလိုမျိုး ဂုဏ်သရေရှိမှ ဖြစ်မှာကိုး။

ဖိုးရှုပ်။ ။ ကြံ့ဖွံ့ အသင်းဝင်တွေက လူမှုရေးလုပ်ငန်းတွေလည်း လုပ်ချင်ယောင် ဆောင်ခဲ့ပါသေးတယ် ဦးသိန်းဂိန်ရယ်။ ကြက်ဆူပင် စိုက်တာတို့၊ မရှိတဲ့ အမှိုက်ကို လှည်းတာတို့လေ ...။ ဒါတွေကိုလည်း သူတို့က ထည့်စဉ်းစားစေချင်မှာပေါ့။

သိန်းဂိန်။ ။ မှန်ပါတယ်။ လူမှုရေး လုပ်တယ်ဆိုတာလည်း ပိုက်ဆံ သုံးနိုင်မှ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာလေ။ အသင်းဝင်တွေရဲ့ အဆင့်က နိုင်ငံတော်ပိုက်ဆံကို ခိုးသုံးနိုင်တဲ့ … အဲ … ယူပြီး စီမံခန့်ခွဲနိုင်တဲ့ အဆင့်မှ မရှိဘဲ။ အမှိုက်လေး ကောက်လိုက်၊ ကြက်ဆူပင်လေး စိုတ်လိုက်နဲ့တော့ ဘယ်ဖြစ်မလဲဗျ။

ကြွက်စုတ်။ ။ ဒါနဲ့ … မတ္တရာ ရေဘေးမှာ ကြံ့ဖွံ့က တော်တော်လေး သွားလုပ်ပေးတယ် ကြားတယ်။

သိန်းဂိန်။ ။ အဲဒါလည်း ချိုကုပ်ဒူးကြီး ကျေးဇူးပါ။ သူက ကျုပ်တို့ ကြံ့ဖွံ့ လူမှုရေး လုပ်ပါစေတော့ဆိုပြီး ဆည်တွေကို ဖောက်ချခိုင်းတာလေ။ အဲဒီမှာလည်း ကျုပ်တို့ ပါတီ တော်တော်လေး လုပ်ကြပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေက စေတနာနဲ့ မတန်ဘူးဗျာ။ ကျုပ်တို့က ကြံ့ဖွံ့တံဆိပ်ပါတဲ့ အင်္ကျီတွေဝေပေးတာကို ထမင်းထုပ်ပဲ လိုချင်တယ်တဲ့။ တော်တော် ငတ်ကြီး ကျတဲ့ဟာတွေ။

ဖိုးရှုပ်။ ။ ကဲပါဗျာ ကြံ့ဖွံ့အသင်းထဲမှာ ကွဲတဲ့အကြောင်း ဆက်ပြောစမ်းပါ ပျော်ချင်လွန်းလို့။

သိန်းဂိန်။ ။ အခုတော့ အရင် အသင်းဝင်ဟောင်းတွေက ပါတီခေါင်းဆောင်တွေကို ကလန့်တိုက်ချင်နေပြီလေ။ ကျုပ်လည်း မနိုင်တော့ဘူး။ တော်တော်လေးကို စိတ်ညစ်တယ်။ သေချင်တယ်ဗျာ။ သေလိုက်ချင်တယ်။

ရုက္ခစိုး။ ။ ကြည့်ရတာ ဦးဌေးပြူးပြောသွားသလို နိုင်ငံသားတွေအတွက်ဆို လိုအပ်ရင် ကြံ့ဖွံ့ပါတီခေါင်းဆောင်တွေ အသက်စွန့်မယ် ဆိုတဲ့စကားအတိုင်း သေပြတော့မယ်ထင်တယ်။ ဟုတ်လား ဦးသိန်းဂိန်။

ကြွက်စုတ်။ ။ ဟာ … ဒါဆို အတော်ပဲ … ချင်းမိုင်ရောက်တုန်း ချင်းမိုင်ကျုံးထဲ ခုန်ချပြီး သေလိုက်ပါလားဗျ။ နိုင်ငံသားတွေကလည်း ဝမ်းသာကြမှာပါ။

ဖိုးရှုပ်။ ။ ဟာ မကောင်းဘူး … ကျုံးရေ ညစ်ပတ်မယ်။ အဲဒီတော့ အဆိပ်သောက်ပြီး သေဗျာ။

“ကျုံးထဲ ခုန်ချဗျာ”
“အဆိပ်သောက် သေ”
“ကျုံးထဲခုန်ချရမှာကွ”
“မဟုတ်ဘူး … အဆိပ်သောက် သေရမှာ”

သိန်းဂိန်။ ။ အာ … အဲဒါ ဌေးပြူးက မူးပြီး လျှောက်ပြောထားတာ။ ကျုပ်က စကားအဖြစ်သာပြောတာ မသေရဲသေးပါဘူး။ သမ္မတ လုပ်ရဦးမှာဗျ။ ကဲ ပြန်လိုက်ဦးမယ်ဗျို့။

ဦးသိန်းဂိန်၏ စကားကို မကြားဘဲ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဆက်ငြင်းခုန်နေကြဆဲဖြစ်သည်။

ရုက္ခစိုး။ ။ ဟေ့ မင်းတို့ ဒီလိုငြင်းနေရင် … ဒီစကားဝိုင်းက ငါထွက်တယ်ကွာ။

ဦးရုက္ခစိုးပြောသည်ကိုလည်း နားမထောင်ဘဲ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ငြင်းရင်းခုန်ရင်း ကျုံးဘေးမှ ခဲများဖြင့် အချင်းချင်း ကောက်ထုကြသောကြောင့် ဖိုးရှုပ် နဖူးကွဲသွားပြီး ကြွက်စုတ်က မေးစေ့ ကွဲသွားသည်ဆိုသောသတင်းကို နောက်ဆုံး စက်ရပ်သတင်းအဖြစ် ကြားသိလိုက်ရလေတော့သည်။

No comments: