အံ့ဘုန်းမြတ်
မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြို့တော် ပုဂံမြို့ဟောင်းကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ၄ ရက်မြောက် ခရီးစဉ်အဖြစ် ပုဂံအနီးက ဇီးအိုသစ်လှရွာပတ်ဝန်းကျင်နဲ့ ညောင်ဦးဈေးတွေကို သွားရောက်ခဲ့ပါတယ်။
ဒီခရီးစဉ်တွေမှာ ဒေသခံတွေက ဒေါ်အောင်ဆန်းစုကြည်ကို စည်ကားစွာ အားပေးကြိုဆိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ ပါဝင်တဲ့အဖွဲ့ဟာ ဒီကနေ့ ၄ ရက်မြောက် ခရီးစဉ်အဖြစ် ပုဂံအနီးက ဇီးအိုသစ်လှရွာနဲ့ အနီးမှာရှိတဲ့ သစ်တောရေးရာဝန်ကြီးဌာန လက်အောက်ရှိ သစ်တောဦးစီးဌာန၊ သဘာဝတ်ဝန်းကျင်နှင့် တိရစ္ဆာန်ထိန်းသိမ်းက ဇီးအိုသစ်လှအင်ကြင်းတော သဘာဝထိန်းသိမ်းရေးနယ်မြေ အပါအဝင် ညောင်ဦးဈေးတွေကို သွားရောက်ခဲ့ကြပါတယ်။
ဇီးအိုသစ်လှရွာမှာတော့ ကျေးရွာ သောက်သုံးရေ ရရှိရေးအပါအဝင်၊ ဆေးခန်းနဲ့ စာသင်ကျောင်းဖွင့်လှစ်နိုင်ရေးတွေအတွက် ကူညီနိုင်တာတွေကို ပြောကြားခဲ့တယ်လို့ ခရီးစဉ်လုံခြုံရေး တာဝန်ယူထားတဲ့ အဖွဲ့ချုပ်လူငယ်တာဝန်ခံတဦးက ပြောပါတယ်။
“အဲဒီရွာမှာ သဘာဝ ပျက်စီးနေတဲ့ဟာတွေ၊ နောက်ပြီးတော့ အဲဒီရွာမှာ ပေါက်နေတဲ့ အပင်တွေပေါ့နော်။ တကယ့်တောနဲ့ တူတယ်။ ဒီဘက်မှာ တောပြုန်းသွားပြီး ကျန်တဲ့ တောအုပ်ပေါ့နော်။ လိုက်ကြည့်ရင်းနဲ့ အန်တီက အဲဒီမှာ ရေတွင်း တတွင်းပဲ ရှိတယ်ပေါ့နော်။ နောက် ရေတွင်းတွေလည်း လုပ်ဖို့။ နောက်ပြီးတော့ ဆေးပေးခန်း လုံးဝ မရှိဘူးခင်ဗျ။ ကျန်းမာရေးဆေးပေးခန်း လုပ်ဖို့၊ နောက်ပြီးတော့ စာသင်ကျောင်း တကျောင်းလောက် ထပ် လုပ်ပေါ့နော် တိုက်တွန်းခဲ့တယ် အန်တီကလေ။ အန်တီဘက်ကလည်း ဘာတွေလုပ်ဆောင်မယ် ညာတွေ လုပ်မယ်လို့တော့ အစီအစဉ်တွေ ရှိတယ်လို့ ကြားတယ်ဗျ။”
အဲ့ဒီနောက် ဇီးအိုသစ်လှအင်ကြင်းတော သဘာဝထိန်းသိမ်းရေး နယ်မြေကို သွားရောက်လေ့လာပြီး တာဝန်ရှိသူတွေက လိုက်လံရှင်းပြခဲ့ပါတယ်။ ဒီအကြောင်းကို ခရီးစဉ်မှာ လိုက်ပါသတင်းယူနေတဲ့ သတင်းထောက်တဦးက အခုလိုပြောပြပါတယ်။
“ကျနော်တို့က ဝန်ထမ်းဟုတ်မဟုတ်တော့ မသိဘူး။ ယူနီဖောင်းမပါဘူး။ ဒါပေမယ့် လူတယောက် တော်တော်လေးကို လိုက်ရှင်းပြတယ်။ ဗမာလိုရော၊ အင်္ဂလိပ်လိုရော ကောင်းကောင်း ရှင်းပြတယ်။ သူတို့ ဘယ်လို take care လုပ်ထားတယ် ဆိုတဲ့အကြောင်း၊ နောက် အန်တီကလည်း သိချင်တာတွေ အကုန်မေးတယ်။ သူတို့ အကုန်ပြောပြပါတယ်။ သိချင်တာ မေးပြီးတော့မှ အင်ကြင်းကျောက် ကြည့်ချင်တယ် ဘယ်နားမှာလဲတဲ့။ အင်ကြင်းပင်က ကျောက်ဖြစ်နေတဲ့ဟာပေါ့နော်။ လိုက်ပြမယ်ဆိုပြီး သူတို့ သွားကြပြီး နောက်ပြီးကျတော့ မရှိဘူးတဲ့၊ မရှိဘူးဆိုတာ ရှိတယ်။ ဒါပေမယ့် သဲပြန်ဖုံးသွားတာတို့ ဘာတို့ ဖြစ်သွားပြီးတော့မှ တော်တော်တူးယူရမှာတဲ့၊ အချိန်တော်တော်ယူလိမ့်မယ်တဲ့ ကြည့်ဖို့။ မလွယ်ဘူးပေါ့နော် လောလောဆယ်။ အဲဒါဆိုလည်း ထားလိုက်ပါတော့တဲ့ ဒေါ်အောင်ဆန်းစုကြည်က။”
ဒီခရီးစဉ်အတွင်းမှာလည်း ဒေသခံတွေအများအပြား လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက်ခဲ့ကြပါတယ်။
အဲ့ဒီနောက် ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ညောင်ဦးဈေးကို သွားရောက်တဲ့အခါမှာလည်း ပုဂံ-ညောင်ဦး မြို့ခံတွေက လှိုက်လှိုက်လှဲကြိုဆိုခဲ့ကြတယ်လို့ ခရီးစဉ်လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့ချုပ်လူငယ်တာဝန်ခံက အခုလို ပြောပါတယ်။
“ညောင်းဦးဈေးထဲကို ဒီကနေ ဟိုတယ်ကနေ ညောင်ဦးထွက်တဲ့ အချိန်မှာ ညောင်ဦးဈေးနား ရောက်တဲ့အချိန်မှာ လူတွေက အရမ်းများနေတယ်။ အဲဒါ ကျနော်တို့ ညောင်ဦးဈေးထဲကို ဝင်တယ် ပစ္စည်းဝယ်ဖို့။ အန်တီဝင်တဲ့အချိန်မှာ တော်တော်လေး တိုးယူရတယ်ပေါ့နော်။ ညောင်ဦးဈေးသူ ဈေးသားတွေရော၊ ညောင်ဦး မြို့ခံသူ မြို့ခံသားတွေရော အကုန်လုံး ပန်းစည်းတို့ ပန်းတို့နဲ့ပေါ့နော် ကြိုဆိုနေတယ်။ ကျနော်တို့ ဝယ်မယ့်ဆိုင်ကို သွားဝယ်တယ်။ တော်တော်တိုးယူရတယ်ဗျ။ ဆိုင်ကယ်တွေနဲ့ရော ကားတွေနဲ့ရော လာပြီးတော့နော် နှုတ်ဆက်တဲ့ လူတွေ များပါတယ်ဗျာ။ ကြိုဆိုကြတဲ့ လူတွေ တော်တော်များပါတယ်ဗျာ။”
ဒီလိုညောင်ဦးဈေးမှာ မြို့ခံတွေက လှိုက်လှိုက်လှဲလှဲကြိုခဲ့ကြပုံတွေကို လိုက်ပါသတင်းယူနေတဲ့ သတင်းထောက်တဦးက အခုလိုပြောပါတယ်။
“ရောက်လာပြီ ဆိုကတည်းက အပေါက်ဝကတည်းက ဝင်မရတော့ဘူး။ ပန်းတွေနဲ့ ကြိုတယ်၊ နောက် လက်ဆောင်တွေ ပေးတာလည်း မနည်းဘူး။ အခု ယွန်းထည်အရုပ်တွေလို အိမ်မှာ အလှထားတယ်လေ ဒေါင်းလိုဟာမျိုးတွေ အဲဒါပေးတယ်။ အများကြီးပဲ ပစ္စည်းတွေကတော့ ဝိုင်းပေးကြတာ။ လူအုပ်ကြီးက တအားများလာတော့ အန်တီက ဘယ်လောက် ကြာသွားလဲဆိုတော့ မိနစ် ၂၀ ကျော်လောက်ပဲ သူနေနိုင်လိုက်တယ်၊ မနေနိုင်ဘူး။ အစိုးရဘက်ကတော့ လုံခြုံရေးတော့ သီးသန့်ပေးထားတာ မရှိဘူး။ အန်အယ်လ်ဒီကတော့ သူ့လုံခြုံရေးသူပေါ့၊ သူပါလာတဲ့လူ။ ဒါပေမယ့် အဲဒီလောက်လူများသွားတာ သူတို့လည်း ဘာမှ မလုပ်နိုင်ပါဘူး။ လေးငါးယောက်လောက် ဝိုင်းရံထားပြီး လူအုပ်ကို မတိုးပါနဲ့ မတိုးပါနဲ့ ဘာမှ တောင်းပန်လို့ မရဘူး။ ကျန်းမာပါစေ ချမ်းသားပါစေလို့ အော်တာမျိုးမဟုတ်ဘူးဗျ။ သူ့ဟာသူ အန်တီကျန်းမာပါစေ အဲဒီလိုမျိုး ဝိုင်းပြီး လက်ဆွဲနှုတ်ဆက်ပြီး လက်ဆောင်ပေးကြတာ များတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂံခရီးစဉ် အတွင်းမှာပဲ ဒုတိယနေ့ဖြစ်တဲ့ ၅ ရက်နေ့ ညနေပိုင်းကလည်း အချိန်ကာလ တိုက်ဆိုင်စွာနဲ့ ပုဂံကိုတရားပွဲကြွချီလာတဲ့ နိုင်ငံကျော် ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကကို ပုဂံဟိုတယ်မှာ တွေ့ဆုံ ဖူးမျှော်ခဲ့ပါသေးတယ်။
ဒီမှာ ဆရာတော်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပြန်အလှန်လျှောက်ထား မိန့်ကြားတာတွေကိုလည်း လိုက်ပါခွင့်ရခဲ့တဲ့ ခရီးစဉ် လုံခြုံရေးတာဝန်ယူထားတဲ့ အဖွဲ့ချုပ်လူငယ်တာဝန်ခံကပဲ အခုလို ပြောပြပါတယ်။
“ဆရာတော်ကလည်း ပုဂံမှာ တရားလာဟောတဲ့ အချိန်ဖြစ်တယ်။ အန်တီကလည်း ဒီရောက်နေတယ်။ နောက်ပြီးတော့ အန်တီကို တွေ့ချင်တယ်၊ အန်တီကလည်း တွေ့ချင်တယ်ဆိုတော့ အဲဒါ ကျနော်တို့ ဆရာတော်အခန်းကို သွားပြီးတော့ ကျနော်တို့ ဆရာတော်ကို သွားဖူးပါတယ်ပေါ့နော်။ ဆရာတော်ကလည်း ကျနော်တို့ကို စာအုပ်တွေ၊ တရားစာအုပ်တွေ၊ နောက် တရားအကြောင်းတွေ ဆရာတော်နဲ့ အန်တီနဲ့ တော်တော်များများ ပြောဖြစ်ပါတယ်။ နောက် ဆရာတော်ကလည်း ပရဟိတ လုပ်ငန်းလေးတွေ လုပ်နေတယ်။ အန်တီကလည်း လုပ်နေတယ်ဆိုတော့ ကိုယ့်ဗမာလူမျိုးတွေအတွက် ဗမာပြည်တွင်းအတွက် လုပ်ရမယ် ပေါ့နော်။ အဲဒါတွေ တော်တော်များများ ပြောဖြစ်ပါတယ်။ ဆရာတော်ကလည်း နိုင်ငံရေးနဲ့ ဘာသာရေး ဘာညာဆိုတာလည်း ဒါ ဆက်နွှယ်နေတာပဲလေ။ ဆရာတော် မိန့်သွားတာကတော့ ဗိုလ်ချုပ်အောင်ဆန်း တိုက်ယူပေးခဲ့တဲ့အတွက် ဘာသာ၊ သာသနာလည်း ကျန်နေတယ်ပေါ့နော်။ အဲဒီအတွက် သူတို့လည်း ဘာသာကို ထွန်းကားအောင် ဆရာတော်ကလည်း ဆရာတော်အပိုင်း ဘာသာ သာသနာအတွက်ကို သူလည်း ကြိုးစားအားထုတ်ပြီးတော့ လုပ်တယ်၊ နောက်ပြီးတော့ ပရဟိတလုပ်ငန်းတွေကို ဆရာတော် လုပ်တယ်ဆိုတဲ့ အကြောင်းတွေ ဆရာတော်က ပြောပြတယ်။ နောက်လုပ်မယ့် အစီအစဉ်လေးတွေကိုလည်း ပြောပြတယ်။ နောက် အန်တီကလည်း အန်တီလုပ်နေတဲ့ ဟာလေးတွေ နောက်လုပ်မယ့် ဟာလေးတွေ ဆရာတော်နဲ့ပေါ့နော် ဖလှယ်ကြတယ်ပေါ့နော်။ ဒါပေမယ့် ဆရာတော်ကလည်း ဘာပြောလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် အသက် ၂၀ လောက်ကသာ အိမ်ထောင်ပြုခဲ့မယ်ဆိုရင် ကျနော်တို့လည်း သားပဲပေါ့နော် ဆိုပြီးတော့ ပြောပါတယ်။ ဆရာတော်ကလည်း အဲဒီလို သဘောလေးပေါ့နော် အဲဒီလို သဘောလေးတွေ ပြောတာပေါ့။ အသက်အရွယ် အပိုင်းအခြားကို ဆရာတော်က ဦးစားပေးပြီး ပြောတာပေါ့နော်။ အားလုံးကလည်း အမေစုလို့ ခေါ်ကြတဲ့အတွက် သူလည်း ခေါ်မယ်ပေါ့နော် အဲဒီလို မျိုးလေးတွေပေါ့နော်။ သူလည်း အဲဒါကို သဘောကြတယ်ပေါ့ဗျာ အားလုံးက အဲလိုမျိုးတွေပေါ့။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မိသားစုပုဂံဘုရားဖူးခရီးစဉ်အဖြစ် ဒီလ ၄ ရက်နေ့ ကတည်းက ပုဂံကို ရောက်ရှိနေတာဖြစ်ပြီး ၈ ရက်နေ့ မနက်မှာတော့ ရန်ကုန်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။
No comments:
Post a Comment