Friday, July 8, 2011

ဒေါ်အောင်ဆန်းစုကြည် ပုဂံဘုရားဖူးခရီးစဉ် ပြီးဆုံး

အံ့ဘုန်းမြတ်

မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်မြို့တော် ပုဂံမြို့ဟောင်းကို ၄ ရက်ကြာ မိသားစု ဘုရားဖူးခရီးစဉ်အဖြစ် သွားရောက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ် ကိုထိန်လင်းတို့ရဲ့ ခရီးစဉ် ဒီကနေ့မှာပဲ အောင်မြင်စွာ ပြီးဆုံးသွားပြီလို့ အဖွဲ့ချုပ် ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

“လေယာဉ်ကွင်းကို မနက် ၁၁ နာရီ ၅ မိနစ်မှာ ချောမောစွာ ဆိုက်ရောက်ပါတယ်။ နေအိမ်ကို ၁၂ နာရီ ၁၀ မိနစ်မှာ ပြန်လည် ရောက်ရှိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားငယ်ကိုထိန်လင်းဟာ ပုဂံမြို့ဟောင်းကို ဒီလ ၄ ရက်နေ့က စတင်ရောက်ရှိခဲ့ပြီး ဒီလ ၅ ရက်နေ့မှာတော့ အာနန္ဒာဘုရား​၊​ သဗ္ဗညုဘုရား​၊​ မြ​စေတီဘုရား​နဲ့ မနုဟာဘုရား​တွေကို ဖူးမျှော်ခဲ့ပါတယ်။ အဲ့ဒီညနေပိုင်းမှာပဲ နိုင်ငံ​ကျော် ​ရွှေပါရမီ​တောရ ဆရာ​တော် အရှင်ဆန္ဒာဓိကကို ဖူးမျှော်ကြည်ညိုခဲ့ပါတယ်။

ဒီလ ၆ ရက်နေ့မှာတော့ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသကို သွားရောက် လေ့လာခဲ့ပါတယ်။ နောက်ဆုံး ဒီလ ၇ ရက်နေ့မှာတော့ ပုဂံအနီးက သစ်တောရေးရာ ဦးစီးဌာနက ထိန်းသိမ်းထားတဲ့ ဇီးအိုသစ်လှ သဘာဝပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်ကျင်ထိန်းသိမ်းရေးဥယျာဉ်တွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ ညောင်ဦးဈေးကို သွားရောက်လည်ပတ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်တွေမှာ ဒေသပြည်သူတွေက လှိုက်လှိုက်လဲလဲ ကြိုဆိုနှုတ်ခွန်းဆက်ခဲ့ကြပြီး ညနေပိုင်းမှာတော့ သူတည်းခိုခဲ့တဲ့ ပုဂံဟိုတယ်က တာဝန်ရှိသူတွေနဲ့ ၀န်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ဒီကနေ့ ရန်ကုန်မြို့ကို အောင်မြင်စွာ ပြန်လည်ရောက်ရှိခဲ့တာလဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ဒီခရီးစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ လုံခြုံရေးအတွက် မြန်မာပြည်သူတွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့အတူ နိုင်ငံတကာကလည်း အထူးစိုးရိမ်ခဲ့ကြပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေကလည်း ဒီခရီးစဉ်အတွင်း ဒေသခံတွေကို ကြိုဆိုနှုတ်ခွန်းဆက်တာတွေ မလုပ်ဖို့ ဖိအားပေးပိတ်ပင်တာတွေလည်း ရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် ရှေ့အလားအလာ ကောင်းဖြစ်ဖို့ မျှော်လင့်တယ်လို့လည်း အမေရိကန်အစိုးရ ထုတ်ဖော် ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပုဂ္ဂိုလ်ရေးခရီးစဉ်အပြင် နိုင်ငံရေးခရီးစဉ်လည်း ထပ်မံထွက်ခွာဖို့ ရှိပေမယ့်လည်း အစီအစဉ် အသေး စိတ် ကိုတော့ ပြင်ဆင်နေဆဲ ဖြစ်တယ်လို့ NLD ဗဟိုပြန့်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောပါတယ်။

No comments: