Friday, July 8, 2011

ကန် ဒုသံမှူးအသစ် NLD ကို မိတ်ဆက်

ထွန်းထွန်း | သောကြာနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၁

မြန်မာပြည်ဆိုင်ရာ အမေရိကန် ဒုသံမှူး ဖြစ်လာတော့မည့် မစ္စစ်အလီနာမီဂေးလ်က ရန်ကုန်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရုံး ချုပ်သို့ ကြာသပတေးနေ့တွင် လာရောက် မိတ်ဆက်ခဲ့သည်။

“အဓိကက ဒီမှာ ဒုတိယသံမှူးကြီးအဖြစ်နဲ့ ပြောင်းရွှေ့သွားမယ့် ပုဂ္ဂိုလ်တဦးရဲ့ နေရာမှာ ဆက်လက် တာဝန်ယူဆောင်ရွက်သွားမှာ ဆိုတဲ့အကြောင်း လာပြီး ကျနော်တို့နဲ့ မိတ်ဆက်တာပါ” ဟု NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

မစ္စစ်အလီနာနှင့်အတူ သံမှူးကြီး မစ္စတာ Larry M. Dinger လည်း လိုက်ပါလာကာ၊ NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်ဝင် ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဦးအုန်းကြိုင်နှင့် အမျိုးသမီးတာဝန်ခံ ဒေါ်မေဝင်းမြင့်တို့က လက်ခံတွေ့ဆုံခဲ့သည်။

“နောင်လည်းပဲ အမေရိကန်သံရုံးနဲ့ အဖွဲ့ချုပ်နဲ့ ဆက်ဆံနေတဲ့ ကိစ္စတွေမှာ သူ့အရင်လူလိုပဲ ဆက်ဆံနိုင်ဖို့မျှော်လင့်ထားပါတယ်။ သူ့ဘက်ကလည်း တတ်နိုင်သလောက် ကူညီပါ့မယ်၊ ဘာညာနဲ့ အဲဒီလိုပြောပြီး မိတ်ဆက်ပါတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။

တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံဘုရားဖူးခရီးစဉ်အပြင် ပါတီရပ်တည်ခွင့် အခြေအနေများပါ သံရုံးဘက်က မေးမြန်းခဲ့ရာ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြန်လည်ဖြေကြားပေးခဲ့သည်။

“ဘာမှ မရှိပါဘူးတဲ့။ ပုံမှန်ဆက်လက်ပြီး ဆောင်ရွက်နေတာပါပဲ။ ကျနော်တို့လည်း တရားဥပဒေစိုးမိုးရေး လိုလားပါတယ်၊ တရားဥပဒေနဲ့အညီ တရားဥပဒေစိုးမိုးရေးအတွက် တရားဥပဒေဘောင်ထဲက ကျနော်တို့ဆောင်ရွက်နေတာ ဖြစ်ပါတယ်တဲ့” ဟု ဦးတင်ဦးက ဖြေကြား ခဲ့ကြောင်း ဦးအုန်းကြိုင်က ပြောပြသည်။

NLD ပျက်ပြယ်ပြီးကြောင်း ဇွန် ၂၉ ရက်တွင် မြန်မာအစိုးရက စာပို့ပြောဆိုခဲ့သလို၊ NLD ကလည်း မပျက်ပြယ်သေးကြောင်းနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပြည်ထဲရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးကာ စာပြန်ခဲ့သည်။

“သူ့ကိုတော့ ဂဃနဏ မသိသေးဘူးဗျ။ မနေ့ကမှ လာပြီး မိတ်ဆက်တာ။ အခုမှ စပြီး တွေ့တာပါ။ သူတို့ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီရေးလုပ်ငန်းတွေကို ဆက်လက်ထောက်ခံသွားမယ်။ ဆက်လက်ပြီး ကူညီသွားမယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်” ဟု ဦးအုန်းကြိုင်က ဆိုသည်။

No comments: