Friday, July 8, 2011

တရားစွဲခံ ရတပမှ နောက်ဆုံး အမတ် ၃ ဦး အမူရှုံး

မောင်အေး

ပြိုင်ဘက် ကြံ့ခိုင်ရေး ကိုယ်စားလှယ်များ တရားစွဲဆိုခံခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ လွတ်တော် ကိုယ်စားလှယ် ၉ ဦးထဲမှ နောက်ဆုံး ကိုယ်စားလှယ် ၃ ဦး အမူကို နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင် အထူးခုံရုံးက အရှုံးပေးလိုက်ကြောင်း သတင်း ရရှိသည်။

" ဟုတ်ပါတယ်။ မနေ့က ဆုံးဖြတ်ချက်ချပါတယ်။ ရခိုင်အမတ် ၃ ဦးလုံးကို အရှုံးပေးလိုက်ပါတယ်" ဟု ရန်ကုန်ရုံးမှ ပါတီ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမှု ရှုံးခဲ့ရသည့် ရတပ အမတ် ၃ ဦးမှာ ပေါက်တောမြို့နယ်မှ ဦးကျော်ထွန်းအောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်) ၊ ဦးအောင်ကျော်ဇံ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) နှင့် ဦးမောင်ကျော်သိန်း (ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်) တို့ ဖြစ်ကြသည်။

ယခုကဲ့သို့ သုံးဦးလုံး အမှုဆုံးရခြင်းနှင့်ပတ်သတ်ပြီး သူ့အနေနှင့်တစုံတရာမပြောလိုကြောင်းနှင့် တရားရုံးမှ အမိန့်ချမှတ်သူများသာ အသိဆုံးဖြစ်မည်ဟု သူကပြောသည်။

"တရားဖြစ်တယ်ဆိုတာက။ သာမန်အားဖြင့် ရှုံးတဲ့လူတွေက မျှတတယ်လို့ ခံယူတာမရှိပါဘူး။ အမှုတွေကို မိတ္တူကူးပြီး ရှေ့နေတွေနဲ့တိုင်ပင်ပြီးမှ ဥပဒေကြောင်းအရ ဘယ်လိုရှိသလဲ။ ပေါ်လစီကြောင်း အရ၊ နိုင်ငံရေး ကြောင်းအရ ဘယ်လိုရှိ သလဲ ဆိုတာတွေကို ဆွေးနွေးရပါအုံးမယ်။ လောလောဆယ်တော့ ဘာမှ မပြောနိုင်သေးပါ "ဟု သူက ပြောသည်။

ယခုကဲ့သို့ ၃ ဦးလုံး အမှုရှုံးရသည့်အတွက် ကာယကံရှင်များ ရုံးသို့ရောက်လျှင် သူတို့နှင့်တိုင်ပင်ပြီးမှ တရား ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန် စီစဉ်မည်ဖြစ်ကြောင်း သူကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲပြီးနောက် ရခိုင်တိုင်းသားများတိုးတက်ရေးပါတီမှ အမတ် ၉ ဦးကို ပြိုင်ဘက် ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်များက ရွေးကောက်ပွဲတွင် မဲသမာမှုများပြုလုပ်သည်ဟုဆိုကာ တရား စွဲဆိုခဲ့သည်။

ကြံ့ဖွတ်ပါတီမှ တရားစွဲဆိုခံခဲ့ရသည့် ရတပပါတီမှ ကျောက်ဖြူမြို့နယ် ပြည့်သူ့လွတ်တော်အမတ် ဦး ကျော်လွှင်နှင့် ပြည်နယ်လွတ် တော်အမတ် ဦးအုံးတင်တို့ကို ရွေးကောက်ပွဲ ကော်မရှင်မထူးခံရုံးမှ ဇွန်လ ၁၅ ရက်နေ့က အပထအကြိမ် အနိုင်ပေးခဲ့သည်။

ဇွန်လ ၂၄ ရက်နေ့ကလည်း ရတပ ပါတီမှတရား ရင်ဆိုင်နေရသည့် ရသေ့တောင် အမှတ်(၁) ပြည်နယ် လွှတ်တော်အမတ် ဦးလှမောင်သိန်း၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်း၊ ပြည်နယ် လွှတ်တော် အမတ် ဦးအောင်ဝင်းနဲ့ ဦးမောင် လုံး တို့အား ဒုတိယအကြိမ် နေပြည်တော် ကော်မရှင်အထူးခုံရုံးမှ အနိုင် ပေးခဲ့သည်။

ယမန်နေ့က နောက်ဆုံး ဆုံးဖြတ်ရာတွင် ရွေးကောက်ပွဲ ကော်မရှင် အထူး ခုံရုံးက ပေါက်တော မြို့နယ်မှ လွတ်တော်ကိုယ်စားလှယ်များမှာ ၃ ဦးကို အရှုံးပေးခဲ့သည်။

ယခုကဲ့သို့ ရတပ ပါတီ ကိုယ်စားလှယ် ၃ ဦးလုံး တရားရှုံးပြီး ကြံ့ခိုင်ရေး ပါတီ အနိုင်ရသွားခြင်းမှာ လာဒ်ငွေကျပ် သိန်း ၅၀၀ ခန့်ကို ရွေးကောက်ပွဲ ကော်မရှင်အထူးခုံရိုးသို့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်နိုင်ငံရေး အသိုင်းအ၀ိုင်းတွင် သတင်းများ ထွက်ပေါ်နေကြာင်း သိရသည်။

No comments: