Tuesday, July 12, 2011

ပင်စင်လစာအတွက် ထောက်ခံစာများ ယူနေရ

စန္ဒီမေ | အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁

ပင်စင်စာအုပ် မပျောက်ဆုံးသော်လည်း တိုးမြင့်ပင်စင်လစာ ရရှိရန်အတွက် ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာများ ရယူနေရကြောင်း ရန်ကုန်တိုင်းရှိ ကိုယ်တိုင်ကြုံတွေ့သူ ပင်စင်စားများက ပြောသည်။

“ပင်စင်စာအုပ် မပျောက်ပါဘူး၊ ကုန်သွားတာ။ အသစ်ပြန်ထုတ်ရမှာ ပြောလို့၊ ရပ်ကွက်နဲ့ ရဲစခန်းမှာ နေထိုင်ကြောင်းထောက်ခံစာ တောင်းခိုင်းတယ်။ ဦးလေး အခက်တွေ့သွားတာက ဟိုတုန်းက မိဘနဲ့ အတူနေတာ။ သန်းခေါင်စာရင်းက အဲဒီအိမ်လိပ်စာနဲ့ပဲ။ ပင်စင်စာအုပ်မှာ လိပ်စာက အဲဒီလိပ်စာ။ အခုကျ နှစ်တွေကြာပြီ။ ဦးလေးမိဘဆုံးလို့ အမွေခွဲပြီး ကိုယ်အိမ်နဲ့ ကိုယ်တောင် ခွဲနေပြီ။ ဒီတော့ တခြားနေရာ ရောက်သွားပြီ ဦးတို့က’’ ဟု ယခင်က သာကေတမြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်ကာ ယခုအခါ သန်လျင်မြို့နယ်တွင် နေထိုင်သူ ပင်စင်စား တဦးက မဇ္ဈိမကို ပြောသည်။

‘‘ပင်စာအုပ်ကြီး ရှိနေမှတော့ ဦးလေးက နိုင်ငံ့ဝန်ထမ်းဆိုတာ သက်သေတခုပါပဲ။ စာအုပ် ပျောက်သွားတာလည်း မဟုတ်၊ ပြီးတော့ အခု ကိုယ်နေတဲ့ နေရာက အကျုံးမဝင်ဘူး။ ပင်စင်စာအုပ်မှာရှိတဲ့ လိပ်စာအတိုင်းဆိုတော့ ရှုပ်သွားတာပေါ့” ဟု သူက ဆိုသည်။

ပင်စင်စားကြီးမှာ ပြန်ကြားရေးဌာန လက်အောက် ရုပ်ရှင်လုပ်ငန်းတွင် အသက် ၃၅ နှစ်အရွယ်အထိ လုပ်ကိုင်ခဲ့ရာမှ အစိုးရက ရုပ်ရှင်ရုံများအား ပုဂ္ဂလိကပိုင် ပြုလုပ်ခဲ့သဖြင့် လျော်ကြေးပင်စင် တလလျှင် ကျပ် ၃ဝဝ ရရှိကာ၊ လစာကို ၆ လ တကြိမ်နှုန်းဖြင့် ကျပ် ၁၈၀၀ ထုတ်ယူနေသူ ဖြစ်သည်။

ပင်စင်စာအုပ် မပျောက်ဆုံးလျှင် ရပ်ကွက်နှင့် ရဲစခန်း ထောက်ခံစာ မလိုအပ်ကြောင်းနှင့် ငွေကြေးတစုံတရာ ပေးစရာ မလိုဘဲ ပင်စင်လျှောက်လွှာများအား သက်ဆိုင်ရာမြို့နယ်များတွင် အခမဲ့ယူနိုင်ကြောင်း သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ပင်စင်စားများမှာ များသောအားဖြင့် အသက်အရွယ်ကြီးသူများ ဖြစ်သောကြောင့် ကိုယ်စား ထုတ်ယူနိုင်ရန်ပါ စီစဉ်ထားပြီး၊ လုပ်ငန်းပိုင်းဆိုင်ရာ စာရွက်စာတမ်းကိစ္စ ဝန်မပိုစေရန် လျှော့ထားသည်ဟု ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေး ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

“တိုးမြင့်ပင်စင်လစာ ရဖို့အတွက် ပိုက်ဆံပေးစရာ မလိုပါဘူး။ လျှောက်လွှာပုံစံတွေကိုလည်း မြို့နယ်တွေမှာ အခမဲ့ ယူလို့ရပါတယ်။ ပြီးတော့ ပင်စင်စာအုပ် ပျောက်တဲ့သူတွေက လွဲပြီး အခြားပင်စင်စားတွေ အတွက် ရဲစခန်း၊ ရပ်ကွက် စတဲ့ ထောက်ခံစာတွေ ယူစရာ မလိုပါဘူး။ အစစအရာရာ လုပ်ရကိုင်ရ သက်သာအောင် လုပ်ပေးထားပါတယ်” ဟု သူက ဆိုသည်။

မြန်မာတနိုင်ငံလုံးတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စား ၈ သိန်းကျော်နှင့် နိုင်ငံရေး ပင်စင်စား ၄ သောင်းကျော် ရှိကာ၊ တိုးမြင့်ပင်စင် လစာအရ ပင်စင်လစာ အနည်းဆုံး ကျပ် ၂ သောင်းမှ အများဆုံး ကျပ် ၁ သိန်း ၁ သောင်းအထိ ခံစားခွင့် ရရှိမည်ဖြစ်သည်။

ဝန်ထမ်းများ တိုးမြှင့်ပင်စင်ရရန် တင်ပြရမည့် အချက်များ

(၁) ဌာနလုပ်ငန်းအဖွဲ့အစည်းများသည် မိမိတို့ဌာနမှ ၂ဝ၁ဝ ဇန်နဝါရီ ၁ ရက်မတိုင်မီ အငြိမ်းစားယူခဲ့သော ပင်စင်စားများအား ကိုယ်တိုင်တွေ့ဆုံပြီး (သို့မဟုတ်) ကျန်းမာရေးအရ လာရောက်ရန် အခက်အခဲရှိသည့် ပင်စင်စားများအား သက်ဆိုင်ရာဌာန၏ တာဝန်ခံအရာရှိက သွားရောက်တွေ့ဆုံပြီး တိုးမြင့်ပင်စင်လစာတောင်းခံလွှာကို ဖြည့်စွက်ကာ ထိုတောင်းခံလွှာတွင် ဌာနအကြီးအကဲ လက်မှတ် (သို့) ဌာနအကြီးအကဲ ကိုယ်စား ပင်စင်အမှုတွဲ တတိယစာမျက်နှာတွင် အတည်ပြုလက်မှတ် ရေးထိုးရန် အခွင့်အာဏာ ခွဲဝေပေးထားသူက အတည်ပြုလက်မှတ် ရေးထိုးပြီး နီးစပ်ရာ ပင်စင်ဦးစီးဌာန (ရုံးချုပ် - တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးများ) သို့ တိုးမြင့်ပင်စင်လစာကို ပင်စင်လစာ ထုတ်ခွင့်လွှာမူရင်း (ပင်စင်စားလက်ခံ စာအုပ်) နှင့် ပင်စင်လစာဆုငွေ ခွင့်ပြုသည့် အမိန့်စာတို့နှင့် အတူပေးပို့ရမည်။

(၂) ပင်စင်စား လက်ခံစာအုပ် ပျောက်ဆုံးပါက ပုံမှန် လုပ်ထုံးလုပ်နည်း အတိုင်း ငွေထုတ်ယူရာ ဘဏ်မှတဆင့် ပြန်လည် လျှောက်ထားရယူရမည်။

(၃) နှစ်လွန်ပင်စင်စားများသည် တိုးမြင့်ပင်စင်ရရှိရေး ဦးစွာပြုလုပ်ပြီးမှ နှစ်လွန်ပင်စင်လစာကို ပုံမှန် လုပ်ထုံးလုပ်နည်းများအတိုင်း မိခင်ဌာနမှတဆင့် လျှောက်ထား ထုတ်ယူရမည်။

(၄) မိသားစုပင်စင်ကို အငြိမ်းစား၏ မူလရရှိခဲ့သည့် လစာနှင့် ချိန်နှုန်းလစာ ကိုက်ညှိပြီး တည်ဆဲမိသားစုပင်စင် တွက်ချက်ခွင့် ပြုသည့်အတိုင်း ခွင့်ပြုရမည်။

(၅) တလုံးတည်း ပင်စင်လဲလှယ်ထားသူများအနေဖြင့် တိုးမြင့်ပင်စင်လစာကို တွက်ချက်ပြီးမှ လဲလှယ်ခဲ့သည့် ရာခိုင်နှုန်းအရ တွက်ချက်ရရှိသည့် ငွေပမာဏကို နုတ်ပယ်ပြီး၊ ခွင့်ပြုသွားရမည်။

(၆) ပြစ်ဒဏ်ကျ ပင်စင်လစာများအတွက် ထုတ်ပြန်ထားသော ဥပဒေလုပ်ထုံး လုပ်နည်းများနှင့် အညီ တောင်းခံရမည်။

(၇) ပင်စင်လစာ တမျိုးထက် ပိုမိုရရှိသူများသည် တမျိုးချင်းအတွက် သီးခြား လျှောက်ထား တောင်းခံရန်နောက်ဆုံးထုတ် လစာ ခံစားခွင့်ခဲ့သည့် နှစ်အရေအတွက်ကို ဖော်ပြနိုင်ခြင်း မရှိပါက ၁ နှစ်ဟုသာ သတ်မှတ်မည်။

No comments: