Wednesday, January 4, 2012

ရထားပေါ်မှာပဲ ဘဝဆုံးတဲ့ ရထားချစ်သူ

လင်းသန့်


ဒီဇင်ဘာလ ၁၇ ရက်နေ့က ရထားပေါ် မှာပဲ နှလုံး ရောဂါနဲ့ အနိစ္စ သဘော ကိစ္စချော သွားတဲ့ မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံ အီးလ် အခု တော့ ပန်းတွေနဲ့ ဝေနေ ပါပြီ။ လာမယ့် ဒီဇင်လာ ၂၈ ရက်နေ့ မှာတော့ နိုင်ငံတော် ဈာပနနဲ့ သူ့ကို သင်္ဂြိုဟ်ပါ တော့မယ်။
ကင်ဂျုံအီးလ်ဟာ ဖခင်ဖြစ်သူ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်အီဆွန်း ကွယ်လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်ကတည်းက မြောက်ကိုရီးယားရဲ့ အာဏာရှင်ကြီးအဖြစ် ဖခင်အရိုက်အရာကို ဆက်ခံခဲ့တဲ့သူပါ။

မြောက်ကိုရီးယားမှာ သိကြတဲ့ သူ့ကိုယ်ရေးရာဇ၀င်အရ ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြောက်ကိုရီးယား တောင်တန်းဒေသမှာ ထူးခြားတဲ့နက္ခတ်တွေနဲ့ ယှဉ်ပြီး ဘုန်းတန်ခိုးကြီးသူအဖြစ် မွေးတယ်ဆိုပါတယ်။ ဒါပေမယ့် ဘီဘီစီ သတင်းတပုဒ်မှာတော့ သူ့ဖခင် ကင်အီဆွန်း ပြည်ပြေးစဉ် ဆိုက်ဘေးရီးယားမှာ သူ့ကိုမွေးခဲ့တယ်လို့ ဆိုထားပါတယ်။

ငယ်စဉ်ကတည်းက တကိုယ်ကောင်းဆန်တဲ့ ကင်ဂျုံအီးလ်ဟာ တရုတ်ပြည်မှာ အနေများခဲ့ပြီး ပညာလည်း တရုတ်နိုင်ငံမှာ သင်ခဲ့ပါတယ်။ တိုင်းပြည်မှာ အာဏာအရှိဆုံး ဖြစ်လာတဲ့အချိန်မှာ တရုတ်နိုင်ငံ ခေါင်းဆောင်တချို့ရဲ့ အကြံဉာဏ်ကလွဲရင် ဘယ်သူ့ဆီကမှ မယူဘူး။

သူခရီးသွားတဲ့ အခါမှာ အချိန်မီ သွားလာနိုင်ဖို့ လေယာဉ်နဲ့ခရီးသွားခြင်းဟာ အလွန်သင့်တော်တယ်လို့ အကြံပြုတာကို လုံးဝ ပယ်ချခဲ့တယ်။ ကင်ဂျုံအီးလ်ဟာ လေယာဉ်စီးရမှာကို အလွန်ကြောက်လန့်သူဖြစ်ပြီး အမြင့်တက်ရမှာလဲ အလွန်ကြောက်တတ်တဲ့သူပါ။ ပိုဆိုးတာက လေယာဉ်စီးသွားချိန်မှာ အချိန်မရွေး ပျက်ကျတာဖြစ်ဖြစ်၊ ဖျက်ချတာဖြစ်ဖြစ် အသက်ဆုံးရှုံးသွားရမှာကို သူက အကြောက်ဆုံးလို့ ဆိုပါတယ်။

တဖက်ကလည်း မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနဲ့ တခြားလေယာဉ်တွေကို ဖောက်ခွဲဖျက်ဆီးရေးတွေ လုပ်ခဲ့ရာမှာ ပတ်သက်နေတာကြောင့် သူ့အလှည့် ပြန်ခံရမှာကို ကြောက်နေပုံလည်း ရပါတယ်လို့ ဝေဖန်ကြတယ်။

၁၉၈၃ ခုနှစ်က မြန်မာနိုင်ငံ အာဇာနည်ကုန်း ဗုံးခွဲလုပ်ကြံဖို့လည်း သူက အမိန့်ပေးခဲ့တာလို့ ကျွမ်းကျင်သူတွေက ဆိုထားတယ်။ သမ္မတ ချန်ဒူးဝမ် အသက်ဘေးလွတ်ပေမယ့် တောင်ကိုရီးယား အစိုးရအရာရှိ ၁၇ ဦး သေဆုံးခဲ့တယ်။

လက်နက်မှောင်ခိုနဲ့ မူးယစ်ဆေးဝါးကိစ္စတွေလည်း ပတ်သက်သလို ဂျပန်တွေကိုလည်း ပြန်ပေးဆွဲတာတွေ သူစီမံလုပ်ခဲ့ပါတယ်။

ဒါတွေကြောင့် ကင်ဂျုံအီးလ်ဟာ သူ့ကို ပြန်လည်လုပ်ကြံခံရမှာကို သတိထားလေ့ရှိတယ်။ လေယာဉ်စီးပြီး ခရီးမထွက်တာလည်း ဒါကြောင့်ဖြစ်တယ်။ သူ့နောက်ဆုံးအချိန်အထိ ကျေကျေနပ်နပ်လက်ခံပြီး ခရီးသွားဖို့ ခင်တွယ်တာ တခုပဲရှိတယ်။ ဒါကတော့ ရထားနဲ့ ခရီးသွားခြင်းပါ။

သူစီးလေ့ရှိတဲ့ ရထားဟာ နန်းတော်တခုလို ပြင်ဆင်ထားပြီး ရထားထဲမှာ အလွန်နှစ်လိုဖွယ် ကတ္တီပါတွေ၊ ကော်ဇောတွေ၊ လက်မှုပစ္စည်းတွေ၊ တံဆိပ်အမျိုးမျိုးနဲ့ ထောင်ချီတဲ့ ၀ိုင်အရက်ပုလင်းတွေ၊ အီတလီ၊ ဂျပန်နဲ့ ဥရောပ စားဖိုမှူးတော်တော်များများလည်း သူ့ရဲ့ရထားကြီးမှာ ပါလေ့ရှိပါတယ်။ အမွှေးအကြိုင်လည်း ရထားတွဲတိုင်း သင်းပျံ့နေလေ့ရှိတယ်။

သူသေတော့လည်း ရထားပေါ်မှာပဲ သေပါတယ်။

သူ့အကြောင်း မြန်မာပြည်မှာ စာအုပ် ရေးသားထုတ်ဝေခဲ့တဲ့ စာရေးဆရာ ဟိန်းလတ်က “ဟင်းကောင်းကြိုက်တယ်၊ ဆူရှီကြိုက်တယ်။ ဒါပေမယ့် ဧည့်ခံပွဲကျရင်တော့ ဆန်ပြုတ်လောက် စားတယ်ဆိုတာလောက်ပါတာပါ။ ဒီထက်ဆက်ရေးရင် အများကြီးပဲ။ သူ့ဆီမှာ အီတာလျှံ စားဖိုမှူးတွေ၊ ဂျပန်ထမင်းချက်တွေ၊ အင်္ဂလိပ်ထမင်းချက်တွေထားပြီး ကောင်းကောင်းစားတယ်။ လူရှေ့သူရှေ့မှသာ ဆန်ပြုတ်စားပြတယ်လို့ အဲဒီစာအုပ်တွေမှာ ရေးထားတယ်” လို့ ပြောပါတယ်။

မြောက်ကိုရီးယား ပြည်သူတွေကတော့ ငတ်နေပါတယ်။ ကလေးငယ်တွေဆိုရင် အဟာရချို့တဲ့တဲ့ဒဏ် အပြင်းအထန်ခံစားကြရပါတယ်။

အလွန်ခမ်းနားတဲ့ ကင်ဂျုံအီးလ်ရဲ့ ရထားတွဲ ဖြတ်သွားလိုက်တိုင်း မြောက်ကိုရီးယား ပြည်သူတွေရဲ့ ဘ၀အမော ငိုချင်းချ ညည်းတွားသံတွေကို သူနဲ့အတူပါနေကျ တတိယသားတော်၊ အခုငယ်ငယ်ရွယ်ရွယ်နဲ့ အာဏာရှင်ဖြစ်လာသူ ကင်ဂျုံအန်းလည်း မကြားခဲ့ကြဘူး။ မြောက်ကိုရီးယား ကွန်မြူနစ်နန်းတော်မှာ သြဇာညောင်းတဲ့ ညီမနဲ့ ယောက်ဖဖြစ်သူတို့ စုံတွဲကလည်း မမြင်ခဲ့ကြဘူး။

မြောက်ကိုရီးယားနိုင်ငံမှာ အာဏာရှင် နန်းဆက်ရှည်နိုင်ရေးအတွက် ကင်ဂျုံအီးလ်ဟာ သူ မကွယ်လွန်ခင်ကတည်းက သားဖြစ်သူ ကင်ဂျုံအန်း ဆက်ခံနိုင်စေဖို့ စီစဉ်ထားခဲ့ပါတယ်။

ဒါကြောင့်လည်း မနှစ်က စက်တင်ဘာလထဲမှာ ကင်ဂျုံအီးလ်ဟာ ကျန်းမာရေး မကောင်းတဲ့ကြားက ကင်ဂျုံအန်းကို ဗိုလ်ချုပ်ကြီး ရာထူးပေးခဲ့တာပါ။ ညီမနဲ့ ယောက်ဖတော်တွေကိုလည်း အရေးပါတဲ့ နေရာတွေကို ပေးထားခဲ့တယ်။

ကင်ဂျုံအန်းဟာ ဆွစ်ဇာလန်နိုင်ငံ ဘန်းမြို့မှာ ပညာသင်ခဲ့တယ်။ ကင်အီဆွန်းတက္ကသိုလ်က ဘွဲ့ရခဲ့တယ်။ ဘတ်စကက်ဘော ၀ါသနာထုံသလို နှင်းလျှောစီးလည်း ကျွမ်းကျင်တယ်။ ဖခင်နဲ့ တူတာကတော့ ၀ိုင်အရက်နဲ့ ရုပ်ရှင်ကို အလွန်ကြိုက်တာပါပဲ။

ကင်ဂျုံအန်းက သွားလေရာ ဗီဒီယို ကင်မရာယူသွားလေ့ရှိပြီး မိန်းမလည်း ကြိုက်ပါသေးတယ်။ ဘီယာချစ်သူလည်း ဖြစ်တယ်။

ဒီသားတော်မောင်နဲ့ ချစ်ညီမ စုံတွဲအတွက် ကင်ဂျုံအီးလ်က အစစအရာရာ အနာဂတ်ရေး စိတ်အေးချင်လို့ ပြင်ခဲ့ဆင်ခဲ့တယ်။

ကင်ဂျုံအီးလ်ဟာ သူကြိုက်တဲ့ ၀ိုင်ခွက်ကို မြှောက်မြှောက်ပြီး ၀ိုင်ရနံ့ကို ခေါင်းဝှေ့ ခံစားလိုက်တိုင်း မြောက်ကိုရီးယား ပြည်သူတယောက် အသက်ရှုရပ်သွားတာကိုတော့ ကြိုတင်မခံစားခဲ့ပါဘူး။ သူကြိုက်တဲ့ စီးကရက် မီးခိုးငွေ့များထဲ အနာဂတ်မဲ့ မြောက်ကိုရီးယား ကလေးငယ်များရဲ့ ၀ိဉာဉ်တွေလူးလွန့်နေတာ သူ ဂရုမစိုက်ပါဘူး။

ဝင်ရိုးတခုတည်း ကမ္ဘာမှသည် ဝင်ရိုးစုံကမ္ဘာကြီးအဖြစ် ပုံဖော်နေတဲ့ အချိန်မှာ မိစ္ဆာနိုင်ငံတွေကို မွေးဖွားပေးလေ့ရှိတဲ့ ပေါက်ဖော်ကြီး ရှေ့ကျားအဖြစ် မြောက်ကိုရီးယားဟာ ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားလာခဲ့တာ ကြာပါပြီ။

ကမ္ဘာကြီးကို ခါးစောင်းတင်ဖို့ ရည်ရွယ်ချက်နဲ့ မြောက်ကိုရီးယားကို ကမ္ဘာ့နိုင်ငံတွေက လေးစားကြောက်ရွံ့ခြင်း ခံရအောင် နျူကလီးယား လက်နက်ပိုင်ဆိုင်ဖို့ ကြိုးစားရင်း ကမ္ဘာ့ အဆင်းရဲဆုံးနိုင်ငံလည်း ဖြစ်လာသလို လူဦးရေ ၆ သန်းကျော်ဟာ ငတ်မွတ် ခေါင်းပါးမှုဒဏ်ကို အလူးအလှိမ့် ခံစားနေရတာပါ။

တောင်ကိုရီးယားနဲ့ နိုင်ငံတကာက ငတ်မွတ်မှုခံစားနေရတဲ့ မြောက်ကိုရီးယား ပြည်သူတွေအတွက် အစားအစာနဲ့ ဆေးဝါး၊ အ၀တ်အထည်တွေကို လူသားချင်းစာနာပြီး ကူညီပေးခဲ့ကြတာတောင် အာဏာရှင်ကြီးက ကန့်သတ်ခဲ့ပါ တယ်။

နျူကလီးယား လက်နက်စမ်းဖို့ မြေကျင်းကြီးတွေတူး၊ ပြင်းထန်တဲ့ဖောက်ခွဲမှုတွေစမ်းသပ်နေချိန်မှာ ထောင်နဲ့ချီတဲ့ အသက် ၅ နှစ်အောက် မြောက်ကိုရီးယား ကလေးငယ်တွေဟာ အာဟာရဓာတ်ချို့တဲ့လို့ သေဆုံးကြရတယ်။ ငိုသံတွေဟာ ဗုံးခွဲသံတွေကြား ပျောက်ကွယ်သွားတယ်။

စစ်တပ်အင်အားကြီးမားရေးနဲ့ နျူကလီးယားကို စစ်ရေးအတွက်သာ အမြဲစဉ်းစားခဲ့တဲ့ ကင်ဂျုံအီးလ်ဟာ လျှပ်စစ်ဓာတ်အား အလုံအလောက် ထုတ်ပေးနိုင်စွမ်းရှိလျက်နဲ့ ကွန်မြူနစ်နန်းတော်ကလွဲလို့ တိုင်းပြည်ကတော့ ညတိုင်း မှောင်မည်းနေတတ်ပါတယ်။

ဒီလို နျူကလီးယားလက်နက် စမ်းသပ်တဲ့ပေါက်ကွဲသံနဲ့ တာဝေးပစ် ဒုံကျည်စမ်းသပ်လို့ ပေါ်ထွက်လာတဲ့ အသံတွေ၊ မြောက်ကိုရီးယား အများပြည်သူတွေရဲ့ အငတ်ဘေးကြောင့် ငိုကြွေးသံတွေကို ကင်ဂျုံအီးလ်ကတော့ ၀ိုင်အရက်နဲ့ မြည်းနေခဲ့တယ်။

နျူကလီးယားရပ်တန့်ရေး ၆ နိုင်ငံဆွေးနွေးပွဲကို ကင်မ်ဂျုံအီလ်ဟာ မြောက်ကိုရီးယား နိုင်ငံသားတွေရဲ့ သွေးသားတွေ၊ ဘ၀တွေနဲ့ အပေးအယူလုပ် ဈေးဆစ်နေလေ့ရှိတယ်။

မြောက်ကိုရီးယား ပြည်သူတွေအတွက် စနစ်ရဲ့ကျိန်စာကြောင့်လား၊ သူတို့ အာဏာရှင်မျိုးဆက်များရဲ့ မိုက်မဲမှုကြောင့်လား ဝေခွဲ သိခွင့်မရဘဲ အဓိပ္ပာယ်မဲ့ အသက်ဆက်ရှင်သန်နေရတယ်။

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားကျွန်းဆွယ် စစ်ပွဲကြီး ရပ်နားပြီးတော့ မြောက်ကိုရီးယားနိုင်ငံရယ်လို့ ပေါ်ထွန်းလာခဲ့တဲ့ အချိန်မှာ ခေါင်းဆောင်ကြီး ကင်အီဆွန်ရဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်တဲ့ ကွန်မြူနစ်စနစ်ကို ကျင့်သုံးခဲ့တာဟာ မြောက်ကိုရီးယား နိုင်ငံသားတွေအတွက် ကျိန်စာသင့်မှု စခဲ့တာလားလို့ ပြောရမလိုပါပဲ။

No comments: