Thursday, January 12, 2012

ကချင်စစ်ဘေး ဒုက္ခသည်များအား ပရဟိတအသင်းများက ဒုတိယအကြိမ်လှူဒါန်း

ရန်ပိုင် on January 12, 2012


တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့် ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဒုက္ခသည်များကို ရန်ကုန်နှင့် မန္တလေး အခြေစိုက် လူမှုရေး ပရဟိတ အသင်းများက ဒုတိယအကြိမ်အဖြစ် ယနေ့တွင် သွားရောက်လှူဒါန်းကြောင်း သတင်းရသည်။

ယခုလှူဒါန်းမှုတွင် ဦးကျော်သူဦးဆောင်သည့် ရန်ကုန် နာမှုကူညီရေးအသင်း၊ မန္တလေးမြို့ရှိ ဘ၀အလင်း ပရဟိတ အသင်းနှင့် ၈၈ မျိုး ဆက် ကျောင်းသားများ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြပြီး ငွေကျပ်သိန်း ၃၀၀ ကျော် နှင့် ဆန်အိတ် ၆၄ အိတ်၊ ကျပ် သိန်း ၁၀၀ နီးပါး တန်ဘိုးရှိသည့် အနွေးထည်၊ စောင်နှင့် အ၀တ်အထည်များအပြင် အစားအသောက်များ ပါဝင်ကြောင်းသိရသည်။

ဗန်းမော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်း ၆ ကျောင်းတွင် ဒုက္ခသည် စခန်းများ ဖွင့်လှစ်ထားပြီး ဦးတူးဂျာဦး စီးသည့် ရောဘတ် ဘုရား ကျောင်းတွင် ဒုက္ခသည် ဦးရေ ၁၇၂၀ ရှိကြောင်း သွားရောက်ကူညီနေသည့် ဘ၀အလင်း ပရဟိတအသင်းမှ မယုက ပြော သည်။

“အဆုတ်၊ တီဘီ၊ ငှက်ဖျားရောဂါဖြစ်နေတဲ့ လူနာ ၈၀ လောက်ရှိတယ် ဆရာဝန်လုံးဝမရှိဘူး။ အစားအသောက်အတွက် အလှူရှင် နည်း နည်းပဲ လာတယ်။ စခန်းတာဝန်ခံကိုယ်တိုင်က အခြေအနေကို မထိန်းနိုင်တော့ဘူး” ဟု သူကဆိုသည်။

ဒုက္ခသည်များအတွက် နေ့စဉ် ဆန်နှင့်ဆီကိုသာ ပေးအပ်နိုင်ပြီး တနေ့လျှင် ဆန် ၁၄ အိတ် ကုန်ကျကြောင်း၊ လက်ရှိအခြေအနေ တွင် ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရကြောင်း၊ ဒုက္ခသည် မိသားစုတချို့မှာ ဗန်းမော်မြို့ပေါ် ရပ်ကွက်များအတွင်း အ၀တ် လျှော်ခြင်း၊ ကာယ လုပ်သားအဖြစ် ၀င်ရောက်လုပ်ကိုင်ခြင်းများ ပြုလုပ်နေရကြောင်း မယုကဆက်ပြောသည်။

ဒုက္ခသည်အများစုမှာ နမ့်ဆန်ယန်တောင်ပေါ် ဒေသမှ ဖြစ်ပြီး ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင် ပိုမိုများပြားကြောင်း၊ ယခုအခါ ကျန်း မာရေး စောင့်ရှောက်မှုအတွက် ဗန်းမော်မြို့ရှိ ဒေသခံဆရာဝန်ကို အကူအညီတောင်းထားကြောင်း သိရသည်။

အဆိုပါ ဒုက္ခသည်စခန်းများသည် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့ စတင်တိုက်ပွဲ ဖြစ်ပွားခဲ့သည့် ဇွန်လ နောက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ရခြင်း ဖြစ်သော်လည်း ကချင်ပြည်နယ် အစိုးရနှင့် ဒေသဆိုင်ရာ အာဏာပိုင်များထံမှ ကူညီမှု အနည်းငယ်သာ ရရှိကြောင်းသိရသည်။

ဘ၀အလင်း ပရဟိတအသင်းမှ ဆရာတော် ဦးဥတ္တမသာရ ကလည်း “ဘာသာခြားတွေကို စည်းရုံးတဲ့အနေနဲ့ သာသနာပြုတဲ့ပုံစံမျိုး လှူဒါန်းတာ မဟုတ်ပါဘူး။ လူသားချင်း စာနာတဲ့အနေနဲ့ ကိုယ့်နိုင်ငံထဲမှာ ဒုက္ခရောက်နေသူကို အကူအညီပေးတဲ့ သဘောပါ” ဟု မိန့်သည်။

ယခုကဲ့သို့ လှူဒါန်းနိုင်ရန်အတွက် ဘ၀အလင်း ပရဟိတအသင်းသားများ အနေဖြင့် သန့်ရှင်းရေးနှင့် လုပ်အားပေးလုပ်ငန်းတချို့ကို ပြုလုပ်ပြီး ရန်ပုံငွေရှာဖွေ ခဲ့ရကြောင်း၊ လူမှုရေးလုပ်ကိုင်နေသည့် ပရဟိတ အသင်းများ အနေဖြင့် သဘာဝ ဘေးအန္တရာယ် ကျ ရောက်ခြင်း နှင့် ပတ်သက်သည့် ဒုက္ခသည်များကို ကူညီရသည်မှာ ပိုမိုသဘာဝကျသည်ဟု ထင်ကြောင်း၊ မိမိ အတ္တကို ရှေ့တန်းတင်၍ တိုက်ခိုက်နေသည့် တိုက်ပွဲများကို ရပ်ဆိုင်းစေလိုကြောင်း ဆရာတော်က ဆက်လက် ပြောဆိုသည်။

ဗန်းမော်မြို့နှင့် ၁၅ မိုင်ခန့်ကွာသည့် မန်စီဒေသတွင် လွန်ခဲ့သည့်နှစ်ရက်ခန့်က တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ကူညီရေး ပစ္စည်းများ တင် ဆောင်လာသည့် ကားတန်းမှာ လမ်းတလျှောက်တွင် မီးဖွင့်မောင်းရခြင်း၊ ကားတံခါးမှန်များကို ချ၍ မောင်းနှင်ရခြင်း စသည့် စည်းကမ်း ချက်များအား လိုက်နာခဲ့ရကြောင်း သိရသည်။

No comments: