Sunday, January 22, 2012

မွန်ပြည်သူများ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရန် ဆက်လက် တိုက်ပွဲ ဝင်သွား မည်ဟု ထောင်ထွက် မွန် သံဃာတော် ပြော

ကောင်းဝါ သတင်းဌာန

အနာ ဂတ်တွင် မွန်ပြည် သူများ ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရရှိအောင် မွန်လူထု နှင့်အတူ ဆက်လက် တိုက်ပွဲ ဝင်မည်ဟု ပုသိမ် ထောင်မှ လွတ်မြောက် လာသည့် မွန် သံဃာ တော် တပါး ဖြစ်သူ ဦးဇင်းဇော်လတ် ခေါ် အရှင်ဥက္ကံသက ပြောသည်။

ယခင် ရဟန်း ဘ၀က မွန်ပြည် နယ် မုဒုံမြို့ နယ် နိုင်လှုံ ရွာတွင် အော်ဇေယျ ပရိယတ္တိ စာသင် တိုက်တွင် သတင်း သုံးခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဇန်နဝါရီ လတွင် ပြင်ပ သတင်း မီဒီယာဖြင့် ဆက်သွယ်မှု၊ နိုင်ငံရေး လှုပ်ရှား မှုနှင့် နိုင်ငံ အတွင်း တရား မဝင် မွန် သတင်းစာ ခိုးသွင်း ဖြန့်ဝေ မှုဖြင့် အင်းစိန်ထောင် အထူး တရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ် ခဲ့သည်။

“ပုသိမ်ထောင်ကို ရောက်ပြီး တဲ့နောက် ညနေ ၆ နာရီ မှာ နေ့တိုင်း မွန် အလံတင် သီချင်းကို ဆိုတယ်၊ ဘာဖြစ်လဲ ဆိုတော့ ဦးဇင်းက မွန် ပြည်သူ တွေကို သိပ် လွတ်လပ် စေချင် လို့ပဲ” ဟု ထောင်မှ လွတ်လာသည့် ဦးဇင်းဇော်လတ်က မိန့်သည်။

ထောင် ၂ နှစ် ကျခံခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပုသိမ်ထောင်မှ လွတ်မြောက် လာခဲ့သည်။

အင်းစိန်တရားရုံးမှ ထောင်ဒဏ် ချမှတ်ခံပြီးသည့် နောက်တွင် မွန်ပြည်နယ်မှ ဝေးလံသည့် ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခံရသည်။

“ဦးဇင်းရဲ့ ရည်ရွယ်ချက်ကတော့ မွန် သတင်းထောက်ကောင်း တယောက် ဖြစ်ချင်တယ်၊ ဘာဖြစ်လဲဆိုတော့ ဦးဇင်းတို့ လူမှုဝန်းကျင်မှာ သတင်းလွတ်လပ်မှု သိပ်မရှိသေးဘူး၊ မွန်တွေမှာလည်း သတင်းဘက်ပိုင်းမှာ အားနည်းနေသေးတယ်” ဟု သူက ပြောသည်။

ထောင်တွင်း၌ လူဝတ်ဖြင့် နေထိုင်နေရသော်လည်း မိမိအနေဖြင့် ရဟန်းတပါးကဲ့သို့ ခံယူကာ နေထိုင်ခဲ့သည်ဟုလည်း သူက ပြောသည်။

No comments: