Monday, January 23, 2012

အပျော်တွေ လွှမ်းခဲ့တဲ့ ညနေ

ညီသစ်


မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ အားလုံး မျှော်နေခဲ့တဲ့ နေ့ကတော့ ဇန်န၀ါရီ ၁၃ ရက်နေ့မှာ အကောင်အထည် ပေါ်လာခဲ့ပါပြီ။ တရက်ကြိုပြီး ကြေညာခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် ၆၅၁ ယောက်မှာ နိုင်ငံရေး အကျဉ်းသားတွေ အများဆုံး ပါမယ် ဆိုတာကြောင့် ကျောင်းသား ခေါင်း ဆောင် မင်းကိုနိုင်နဲ့ အဖွဲ့ရဲ့ မိသားစုဝင်တွေ အပါအ၀င် ကျန် ယုံကြည်မှုကြောင့် အကျဉ်းကျနေသူတွေရဲ့ မိသားစုဝင်တွေဟာ မယုံတ၀က် အပျော်တ၀က်နဲ့ သတင်းကောင်းကို စောင့်မျှော်နေခဲ့ရတာပါ။

ဒီတခါတော့ တကယ် သေချာခဲ့ပါပြီဆိုပြီး သက်ပြင်း ချနိုင်ခဲ့တာကတော့ စောင့်မျှော်နေတဲ့ မိသားစုဝင်တွေပါပဲ။ သရက်ထောင်မှာ ရောက် နေတဲ့ ကိုမင်းကိုနိုင် အပါအ၀င် တောင်ကြီးထောင်၊ ပူတာအိုထောင်၊ ကျောက်ဖြူ၊ တောင်ငူ၊ ဘားအံ၊ သာယာဝတီ စတဲ့ ထောင်အ သီး သီးက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ၊ အထူးသဖြင့် နာမည်ကြီး နိုင်ငံရေး အကျဉ်းသားတွေနဲ့အတူ နေအိမ် အကျယ်ချုပ် ကျနေတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့် မိသားစုလည်း ပါဝင်လာခဲ့ပါတယ်။

နာမည်ကြီး နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ မနီလာသိန်း၊ ကိုဝင်း မော် အစရှိသူတွေအပြင် အီလက်ထရောနစ်ဥပဒေနဲ့ အကျဉ်းကျခဲ့တဲ့ ဘလောက်ဂါ နေဘုန်းလတ်ပါ ပြန်လည် လွတ်မြောက် လာခဲ့ ပါ တယ်။

သရက်ထောင်ကနေ လွတ်မြောက်လာတဲ့ ကိုမင်းကိုနိုင်က သရက်နဲ့ အောင်လံမှာ ဘုရားဖူးခဲ့ပြီး လွတ်မြောက်တဲ့နေ့မှာ ရန်ကုန် ပြန်မလာ နိုင်သေးဘဲ နောက်တနေ့မှ ပြန်လာနိုင်မယ်လို့ ဆိုပါတယ်။

သူ့ရဲ့ အဖွဲ့သား တွေထဲက ကိုမြအေး၊ ကိုဂျင်မီ၊ ကိုဝင်းမော် တို့နဲ့ ကိုဇော်သက်ထွေး တို့ ပါဝင်လာတဲ့ တောင်ကြီး ထောင်က လွတ်မြောက်လာ သူတွေ ကတော့ ရန်ကုန်ပြည်တွင်း လေဆိပ်မှာ အထူး တ လည် ကြိုဆိုခြင်း ခံခဲ့ရ ပါတယ်။

ကလေးငယ်လေးတွေကို လက်မှာဆွဲရင်း လေးနှစ်ကျော်လောက် ခွဲခွာခဲ့ရတဲ့ မိမိတို့ရဲ့ ခင်ပွန်းတွေကို စောင့်မျှော်နေခဲ့တဲ့ အိမ်ရှင်မတွေ ကတော့ လေဆိပ်ထဲမှာ မမောနိုင်မပန်းနိုင် အညောင်းခံပြီး စောင့်နေခဲ့ကြတာပါ။

ဒီအထဲမှာ ငါးနှစ်အရွယ် သမီးလေးတွေကို ဆွဲပြီး စောင့်နေကြတဲ့ ကိုဇော်သက်ထွေးဇနီး မခိုင်ချိုဇော်ဝင်းတင်၊ ဒီနေ့ပဲ သာယာဝတီ ထောင် က လွတ်မြောက်လာတဲ့ ကိုဂျင်မီဇနီး မနီလာသိန်းတို့လည်း ပါဝင်ပါတယ်။

သူတို့ရဲ့ လူမမည် သမီးငယ်လေးတွေဟာ သူတို့ အဖေတွေကို ကောင်းကောင်း မမြင်ဖူးရှာပါဘူး။

“သူ့အဖေကြီးကို တွေ့လို့ သမီးလေးက အရမ်းပျော်နေရှာတယ်”လို့ ကိုဇော်သက်ထွေးရဲ့ဇနီးက ပြောပါတယ်။ အဖေနဲ့ သမီးတွေ၊ မိဘနဲ့ ပြန်တွေ့ရတဲ့ ကလေးတွေက အရမ်းပျော်နေရှာတာ သူတို့ မျက်နှာလေးတွေ ကြည့်တာနဲ့တင် သိသာပါတယ်။

ကိုဂျင်မီနဲ့ မနီလာသိန်းတို့ရဲ့ သမီးလေးကတော့ မိဘနှစ်ဦးလုံး ထောင်ကျချိန်မှာ လသား အရွယ်လေးပဲ ရှိနေခဲ့တာပါ။ သာယာဝတီ ထောင်က မနီလာသိန်းက အရင် ရန်ကုန်ကို ရောက်ရှိလာတာ ဖြစ်တဲ့အတွက် ခင်ပွန်း ကိုဂျင်မီကို လေဆိပ်မှာ သမီးငယ်ချီပြီး လာ ရောက် ကြိုဆိုချိန်မှာ လာကြိုကြတဲ့ အပေါင်းအသင်း မိတ်ဆွေတွေက ကိုဂျင်မီနဲ့ မနီလာသိန်းတို့ကျန်းမာ ပျော်ရွှင် ပါစေကြောင်း အော် ဟစ်ကြိုဆို ဆုတောင်းပေးကြပါတယ်။ မျက်ရည်အရွှဲသားနဲ့ သူတို့တွေရဲ့ တွေ့ဆုံမှုက ပျော်ရွှင်ကြေကွဲစရာပါပဲ။

ကာလအချိန်ကြာ ခွဲခွါနေခဲ့ရပြီး ယခုလို ပြန်တွေ့ရချိန်မှာ သူတို့ရဲ့ ပျော်ရွှင်မှုကြောင့် မောပန်းလာသည်ကိုတောင် အမှတ်မရနိုင်ဘဲ စကား တွေ ပြောဆိုနေခဲ့ကြပါတယ်။

“ကျနော်တို့ မိဘနှစ်ပါးဆီရောက်လာတဲ့ ကျနော့်သမီးလေးဟာ ကျနော်တို့ဆီကို ဆုံးဖြတ်ပြီးမှ ရောက်လာတယ့် သမီးလေးလို့ နားလည် ပါတယ်” လို့ သူ့သမီးလေးကို ပွေ့ဖက်ရင်း ပြောဆိုခဲ့တဲ့ သူကတော့ ကိုဂျင်မီပါပဲ။

သူက ပုဂ္ဂိုလ်ရေးတွေ အများကြီး မပြောလိုသော်လည်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတယ် ဆိုတာ ကောင်းတဲ့ အချက်မို့လို့ ကျန်နေတဲ့ သူတွေကိုလည်း ဆက်လွှတ် ပေးစေချင်တယ်လို့ ထပ်ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် သွားနေတဲ့ လမ်းကြောင်းကိုလည်း ဆက်ထောက်ခံပြီး ၀ိုင်းအားပေးမှာ ဖြစ်ပါတယ်။ ၈၈ ကျောင်းသားတွေ အ နေနဲ့ ရွေးကောက်ပွဲ ၀င်သင့်မသင့် ဆိုတာ ကျနော်တို့ သူငယ်ချင်းတွေ စုပြီး ဆွေးနွေးဆုံးဖြတ်ချက် ချရမှာဖြစ်ပါတယ်”လို့ ကိုဂျင်မီက ပြောပါတယ်။

သူ့ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရသော်လည်း ယခင်ကထက် ကိုယ်ရည်များစွာ စစ်သွားခဲ့ပြီး သူ့ဇနီး မနီလာသိန်း မှာ လည်း ယခင်ကထက် များစွာ ပိန်သွယ်သွားခဲ့ပါတယ်။

ကိုဂျင်မီကတော့ တက်ကြွနေဆဲဖြစ်ပြီး ရှေ့ဆက်လုပ်မယ့် လုပ်ငန်းတွေကိုတောင် တွေးတောထားပုံပါပဲ။ သူတို့ ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်တွေ စုစည်းပြီးတော့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းတွေကို ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

ကိုမြအေးကတော့ သူရဲ့ လက်ရှိ ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပဲ ပြောပြသွားတာကတော့ အခုလို လွတ်မြောက်လာတဲ့အပေါ်မှာ အ ရမ်းဝမ်းမသာသလို အရမ်းလည်း ၀မ်းမနည်းဘူးလို့ပြောပြီး ဒီမိုကရေစီ လိုလားသူတွေကို လွှတ်ပေးရမယ် ဆိုတာက အစိုးရရဲ့ တာဝန် ပဲလို့ ဆိုခဲ့ပါတယ်။

“ဘယ်သူမဆို မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း နေချင်တာပေါ့ဗျာ။ ကျန်းမာရေးကတော့ ဆေးစစ်မှုတွေ ပြန်လုပ်ရမှာပေါ့” လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့လည်း သူက ပြည်သူက ထောက်ခံထားတဲ့သူတဦး ဖြစ်တဲ့အတွက် ဘာသံသယမှ မရှိကြောင်း၊ သူ မ ရွေးကောက်ပွဲဝင်ပါက ၀မ်းမြောက်ကြောင်း၊ သူတို့က ၀ိုင်းဝန်းပံ့ပိုးမှုတွေလည်း ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

လောလောဆယ်တော့ သူ့သမီးငယ်လေးကို အချိန်နည်းနည်းပေးပြီး ကစားကွင်းတွေကို ခေါ်သွားဖို့ စိတ်ကူးထားကြောင်း၊ အင်္ဂလန် နိုင် ငံကို ရောက်နေတဲ့ သမီးကြီး ဝေနှင်းပွင့်သုန်ကိုလည်း နိုင်ငံရေးမှာ ပါဝင် လှုပ်ရှားနေတာ တွေ့ရတဲ့အတွက် ၀မ်းသာကြောင်း၊ မလုပ်နဲ့လို့လည်း မပြောဘဲ သူတို့လမ်းကြောင်းနဲ့ သမီးဖြစ်သူ လျှောက်တဲ့လမ်းကြောင်း တူချင်မှလည်း တူမှာဖြစ်ကြောင်း သို့သော် တားမြစ်ခြင်း တွေ လုပ်မှာမဟုတ်ကြောင်း သတင်းစကား ပါးလိုက်ပါသေးတယ်။

သူတို့နဲ့ အတူတကွ ထွက်လာတဲ့ ကိုဇော်သက်ထွေးကတော့ သူ့အနေနဲ့ ၂၃ နှစ်ကျော် နိုင်ငံရေး လှုပ်ရှားမှုတွေမှာ ပါခဲ့ပြီး ဖြစ်တဲ့အတွက် နောင်မှာ ပရဟိတ လုပ်ငန်းတွေကို ပိုအားစိုက်လုပ်သွားဖြစ်မယ်လို့ ဆိုပါတယ်။ နိုင်ငံရေး အလုပ်ကိုတော့ လုံးဝ ကင်းကွာသွားတာမျိုး မဟုတ်ဘဲ ဒီလောကထဲက မိတ်ဆွေတွေနဲ့တော့ အဆက်အဆံ ရှိနေမယ်လို့ ဆိုပါတယ်။

ဘားအံထောင်က ဒီနေ့ လွတ်မြောက်လာတဲ့ အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ဒဏ် နှစ် ၂၀ ကျခံရာမှ လေးနှစ်နဲ့ လွတ်မြောက်ခွင့်ရခဲ့တဲ့ ဘလောက်ဂါ နေဘုန်းလတ်ကတော့ ပြတ်သားစွာနဲ့ နိုင်ငံရေးကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

အခု လွတ်မြောက်လာတဲ့ သူတွေ အားလုံးဟာ ခြွင်းချက်မရှိ လွတ်မြောက်လာခြင်းတော့ မဟုတ်ဘဲ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ ဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ဒီပုဒ်မအရဆိုရင် တစုံတရာ ပြစ်မှုရှိတာနဲ့ ဒီလွတ်မြောက်လာသူတွေကို ပြန်လည် ဖမ်းဆီးနိုင်ခွင့် ရှိနေပါတယ်။ ဒါကို လွတ် မြောက် လာသူတွေဘက်က စိတ်ကျေနပ်မှု မရှိကြတာတော့ အမှန်ပါပဲ။

ပြည်တွင်းက သတင်းဝဘ်ဆိုက် ၀ီးကလီးအလယ်ဗင်းကတော့ “ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁) တွင် ဆိုထား သည်မှာ 'ပြစ်မှု တစုံတရာအတွက် တဦးတယောက်အား ပြစ်ဒဏ် ချမှတ်ပြီးသည့်အခါ နိုင်ငံတော် သမ္မတသည် မည်သည့်အခါမဆို စည်းကမ်းချက် မ ထားဘဲဖြစ်စေ ပြစ်ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက်တခုခု ထား၍ဖြစ်စေ ၎င်းအပေါ် ချမှတ်သည့် ပြစ်ဒဏ် အတည် ပြု လုပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည် (သို့) ၎င်းကို စီရင်သည့် ပြစ်ဒဏ်အားလုံး (သို့) အစိတ်အပိုင်း တစုံတရာကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်သည်' ဟု ဖြစ်ပါသည်” လို့ ရေးသားထားပါတယ်။

“ကျနော်တို့ကို အခုလွှတ်လိုက်တာ အရှင်း လွှတ်လိုက်တာ မဟုတ်ဘူး။ ပြစ်မှုတခုခုကို ကျူးလွန်မယ်ဆိုရင် ကျန်ရှိနေသေးတဲ့ အပြစ်ဒဏ် ကို ပေါင်းပြီး ခံစားရမယ်လို့ ပါတယ်”လို့ ကိုမြအေးက ပြောပါတယ်။

အခုတော့ မျှော်နေသူတွေ အိမ်ပြန်ရောက်ကြပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ ဒီမိုကရေစီလမ်းစဉ် ဖွံဖြိုးဖို့အတွက် အစိုးရနဲ့ ဒီမိုကရေစီ လို လားသူတွေ ပူးပေါင်း လုပ်ဆောင်ကြမယ်လို့ မျှော်လင့်ရတယ်လို့လည်း နိုင်ငံရေး လေ့လာသူတွေက ဆိုပါတယ်။



No comments: