Tuesday, January 17, 2012

အမှိုက်ကောက် ရုန်းကန်သည့် မြန်မာ့ကလေးဘဝ ဓာတ်ပုံပြပွဲ ချင်းမိုင်တွင်ပြုလုပ်

အဇံ၊ ကောင်းဝါ သတင်းဌာန


ထိုင်းနိုင်ငံ မဲဆောက်မြို့ပြင် အမှိုက်ပုံတွင် မိသားစုနှင့်အတူ အမှိုက်ကောက်ရောင်းစားနေ သည့် မြန်မာကလေးများ ဘ၀ အကြောင်း မွန်ဓာတ်ပုံဆရာ၏ ဓာတ်ပုံပြပွဲကို ဇန်န၀ါရီလ ၇ ရက်က စတင်၍ ချင်းမိုင်တွင် ကျင်းပသည်။

အသက် ၂၈ နှစ်အရွယ် ဓာတ်ပုံဆရာ ကိုဟန်သာက ကလေးများအပေါ် လူများအာရုံစိုက် လာပြီး ၀ိုင်းဝန်းကူညီ စောင့်ရှောက်ရန် ရည် ရွယ်၍ ကျင်းပခြင်းဖြစ်သည်ဟု ပြောသည်။

“ပြရတဲ့ အဓိက ရည်ရွယ်ချက်က ကလေးတွေ မိဘဆုံးပါးသွားတဲ့ကလေးတွေ၊ မိဘ နဲ့ကွဲနေတဲ့ကလေးတွေ၊ စားဝတ်နေရေးကြောင့် အရွယ်နဲ့မလိုက်အောင် ရုန်းကန်နေ ရတဲ့ကလေးးတွေကို လူတွေ ဥပေက္ခာပြုထားကြတယ်၊ အဲလိုတော့ ကလေးတွေက လွယ်လွယ်နဲ့ အရောင်းစားခံရတယ် ၊ ဒုက္ခရောက်ကြတယ်” ဟု သူက ပြောသည်။

ဓာတ်ပုံပြပွဲကို ဇန်နဝါရီလ အကုန်ထိပြသသွားမည်ဖြစ်ပြီး ဓာတ်ပုံပြပွဲ ပထမရက်တွင် လူ ၅၀ ခန့် လာရောက်ခဲ့ပြီး ဓာတ်ပုံတစ်ပုံကို ထိုင်းဘတ်ငွေ ၆၀၀ ဖြင့်ရောင်းချလျက်ရှိသည်။

ပြသသည့် ၃ ရက်အတွင်း ဓာတ်ပုံ ၂၃ ပုံ ရောင်ချရပြီး ပထမရက်တွင် ဓာတ်ပုံတစ်ပုံကို ဘတ် ၁၂၀၀ လေလင်တင်ရောင်းချခဲ့သည်။

ချင်းမိုင်ရှိ 2nd floor gallery café ၌ ပြသနေပြီး ပြသထားသည့်ဓာတ်ပုံများသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာ မှ နိုဝင်ဘာလအတွင်း ရိုက်ထားသည့် ဓာတ်ပုံများ ဖြစ်သည်။



“ဈေးက ဘတ်ငွေ ၆၀၀ ပဲ သတ်မှတ်ပါတယ်၊ ဒါပေမဲ့ တချို့ဝယ်သွားတဲ့လူတွေက သတ်မှတ်ထားတဲ့ဈေးထက် ပိုပေးတယ်၊ ဘာဖြစ်လဲဆိုတော့ ကျနော်က ဒီက ရတဲ့ငွေကို ကလေးတွေအတွက် လှုဒါန်းတဲ့အတွက် သူတို့လဲ အလှုပြုတဲ့ အနေနဲ့ဈေးနှုန်းထက် ပိုပေးသွားရတာ ဖြစ်ပါတယ်” ဟု ကိုဟန်သာက ပြောသည်။

သူငယ်ချင်း ၂ ဦး၏ ထောက်ပံမှုဖြင့် ယခု ဓာတ်ပုံပြပွဲ လုပ်ဆောင်နိုင်ခဲ့သည်ဟုလည်း သူက ဆိုသည်။

ကိုဟန်သာ ဓာတ်ပုံပြပွဲသည် ချင်းမိုင်မြို့တွင် ပထမဆုံး ပြုလုပ်သည့် မွန် ဓာတ်ပုံဆရာ တဦး၏ ပြပွဲလည်းဖြစ်သည်။ ကိုဟန်သာကို က ရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြီု့နယ်တွင် မွေးဖွားခဲ့သည်။ ဖခင်သည် ကြာအင်းဆိပ်ကြီးတွင် နာမည်ကြီးဓာတ်ပုံ ဆရာတစ်ဦး ဖြစ်သည်။

၁၉၉၈ ခုနှစ်တွင် မိဘများနှင့် အတူ ထိုင်း-မြန်မာနယ်စပ် ခလံက်ခနီရှိ မွန်ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ခဲ့သည်။

“ကင်မရာ ကြားခံအရာဝတ္ထုတစ်ခုပေါ့၊ ဓါတ်ပုံဆရာတစ်ယောက်ရဲ့ နှလုံးသားဦးနှာက် ကနေ ကိုယ်ဖော်ပြချင်တဲ့ အရာဝတ္ထုရဲ့ ခံစားချက် ကို ပုံဖော်ပေးတယ်” ဟု ကိုဟန်သာက ပြောသည်။

No comments: