Tuesday, January 17, 2012

KIA မှ ဖားကန့် ကျောက်စိမ်းမှော်လမ်း ပြန်ဖွင့်

KNG


ကချင်ပြည် နယ်အနောက်ပိုင်း ဖားကန့် ကျောက်စိမ်း မှော်သွား လမ်းကို လုံခြုံ ရေးကြောင့် ယခုလ အစော ပိုင်းမှ စတင်၍ ၉ ရက်ကြာ ပိတ်ထား ခဲ့ရာမှ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIA) က ပြန်ဖွင့် ပေးလိုက်သည်။

ဖားကန့်မြို့ခံများ၊ ကုန်သည် ပွဲစားများနှင့် ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီများ၏တောင်းဆိုချက်ကြောင့် ဇန်နဝါရီလ ၁၃ ရက်တွင် လမ်းပြန်ဖွင့်ပေးလိုက်ခြင်းဖြစ်သည် ဟု KIA ကပြောသည်။

ပြင်ပမှတင်သွင်းသည့် ဆန်ကိုအဓိကမှိီခိုနေရ၍ ဖားကန့်လမ်းပိတ်ထားသည့်ကာလတွင် ဆန်တအိတ်ဈေးမှာ ကျပ် ၂၀၀၀၀ မှ ကျပ် ၅၀၀၀၀ ဈေးအထိ ခုန်တတ်သွားသည်။

ဇန်နဝါရီ ၄ ရက်မှ နမ္မတီး (မိုးကောင်း)-ဖားကန့်လမ်း၊ ဟိုပင်-ဂွေခါလမ်းနှင့် ခန္တီး-တာမခန်လမ်းအားလုံးကို KIA က ပိတ်ထား ခဲ့ခြင်း ဖြစ်သည်။

အကြောင်းရင်းမှာ မြန်မာအစိုးရတပ်နှင့် KIA တိုက်ပွဲပြင်းထန်လာလျှင် ပြည်သူလူထုကို ထိခိုက်လာမည်ကို စိုးရိမ် သောကြောင့်ဖြစ် သည် ဟု KIA က ဆိုသည်။

လမ်းဖွင့်ပေးသည်ဆိုသော်လည်း နိစ္စဓူဝ နှစ်တပ်ဖွဲ့ကြားတိုက်ပွဲများ ရှိနေသေးသဖြင့်ထိုလမ်းများသည် ဖြတ်သန်းသွားလာသူ ပြည်သူ များတွက် အန္တရာယ်ရှိနေဆဲဖြစ်သည်ဟု ၎င်းဒေသရှိ KIO တပ်ဖွဲ့ဝင်များပြောသည်။

KIO နှင့် မြန်မာအစိုးရတပ်ကြား ၁၇ နှစ်ကြာအပစ်ခတ်ရပ်ဆိုင်းရေးကာလတွင် ဖားကန့်ကျောက်စိမ်းလုပ်ငန်းကို မြန်မာအစိုးရက လက်ဝါး ကြီးအုပ်ထိန်းချုပ်ထားသည်။

သို့သော် ထိုသို့လက်ဝါးကြီးအုပ်မှုသည် ယခင်နှစ်ဇွန်လတိုက်ပွဲပြန်ဖြစ်လာချိန် ပျက်ပြယ်သွားသည်။ယခု အခါ ၁၉၉၄ အပစ် အခတ် ရပ် ဆိုင်းမှု မတိုင်ခင်ကာလ ကဲ့သို့ KIO မှကျောက်စိမ်းလုပ်ငန်းအပေါ် အခွန်ကောက်ခံနေသည်။

ကျောက်စိမ်းလုပ်ငန်း လက်ဝါးကြီးအုပ်မှုမှ မြန်မာအစိုးရက ဘဏ္ဍာဝင်ငွေတတိယအများဆုံးရရှိသည်ဟု ခန့်မှန်းရသည်။

No comments: