နေသွင်
ပဲခူးတိုင်း အတွင်းမှာ ဖွဲ့စည်း ထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့တွေ မဲဆွယ် လှုပ်ရှားမှု စတင် နေပြီ ဖြစ်ပါတယ်။
ပဲခူးတိုင်း ၄ ခရိုင် မှာ ကျေးရွာ အဆင့်ထိ အောင်နိုင်ရေး အဖွဲ့ တွေကို ဖွဲ့စည်း ထားပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံး တာတွေ စတင် လှုပ်ရှား နေပြီလို့ ဦးမြတ်လှက ပြောပါတယ်။
“နယ်တိုင်းမှာ ဆိုတာက အထူး သဖြင့်ကတော့ ခရိုင် တွေမှာ ဖွဲ့တာ များတယ်။ တောင်ငူခရိုင် ဆိုလို့ ရှိရင် တောင်ငူ နားက မြို့နယ် တွေကနေ အဲဒီမှာ တောင်ငူမှာ သွားပြီးတော့ လုံးပြီးတော့ စည်းရုံး ရမှာပေါ့။ ပဲခူး ဆိုလို့ ရှိရင်လည်း ပဲခူး ခရိုင်က ပဲခူး၊ သနပ်ပင်၊ ဝေါ သွားပြီးတော့ ကျနော်တို့ လုပ်ကြရ မှာပေါ့။ နီးစပ်ရာ နီးစပ် ရာတွေ အကုန်လုံး လုပ်ထားပြီ။ စည်းရုံး ရေးကို စတင် နေပြီ။”
လာမယ့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပဲခူးတိုင်းအတွင်းက လစ်လပ် မဲဆန္ဒနယ် ၆ ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ အဓိက ယှဉ်ပြိုင်ရဖွယ် ရှိတယ်လို့ ဦးမြတ်လှက ပြောပါတယ်။
ပဲခူးတိုင်း၊ သနပ်ပင် မြို့နယ် အတွင်းက ကျေးရွာကို အခမဲ့ ဆေးကု သဖို့ သွားရောက် နေတဲ့ ဦးမြင့်ဦးက အောက်ခြေက အခြေ အနေကို အခုလို ရှင်းပြပါတယ်။
“ကျနော်တို့က ဖွံ့ဖြိုးမှုက တအားနောက်ကျ ကျန်နေခဲ့တာ။ နည်းနည်းပါးပါး နောက်ကျနေတာမှ မဟုတ်ဘူး။ ကျနော် သွားတဲ့အခါ အခက် အခဲတွေ သူတို့ ပြောပြကြတယ်၊ ဆွေးနွေးကြတယ်။ လမ်းပန်း ဆက်သွယ်ရေးတွေ အခုထက်ထိ မကောင်းသေးဘူးဗျာ။ သူတို့ ကျေးရွာတွေမှာ မီးမရဘူးဗျာ။ ဒါတွေက မဖြစ်သင့် မဖြစ်ထိုက်တဲ့ ဟာမျိုးတွေ။ ကျန်းမာရေး စောင့်ရှောက်မှုကလည်း မရှိသလောက်ပဲ။ ပညာရေးကလည်း ကလေးငယ်တွေ မူလတန်းမအောင်ဘဲနဲ့ ကျောင်းထွက်ရတဲ့ နှုန်းထားက တနှစ်ထက် တနှစ်ပိုများလာတယ်။ အဲဒါတွေက ကျနော်တို့ခေါင်းထဲမှာ ထည့်ဖြေရှင်းရမယ့် ဟာတွေ။ ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ ကုပေးတယ်လို့ ပြောတယ်။ ဒီလောက်နဲ့ မလုံလောက် ဘူးဗျ။ အစိုးရ တရပ်ကိုက ကျန်းမာရေးအသုံးစရိတ် တိုးပြီးတော့ သတ်မှတ်ပေးရမယ်။ ဒါတွေ ကျနော်တို့က ပြောသွားရမယ်။ အခု သတ်မှတ်ပေးထားတဲ့ ပညာရေး အသုံးစရိတ်လောက်နဲ့ မလုံလောက်ဘူး။”
ဦးမြင့်ဦးဟာ ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်က ပြည်သူ့လွှတ်တော်အတွက် အဖွဲ့ချုပ်ကိုယ်စား ယှဉ်ပြိုင်မှာ ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ကိုယ်စားလှယ်တွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
No comments:
Post a Comment