ဒီဗွီဘီ
နောက်ထပ် အကျဉ်းကျခံနေရသူ ၆၅၁ ဦးကို ဇန်န၀ါရီလ ၁၃ ရက်နေ့ သောကြာနေ့ကစလို့ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း အစိုးရက ထပ်မံ ကြေညာ လိုက်ပါတယ်၊ နိုင်ငံရေး အကျဉ်းသား ဘယ်လောက် ပါဝင်မယ် ဆိုတာတော့ မသိရ သေးပါဘူး။ အစိုးရ ပိုင် MRTV ရဲ့ ကြာသာပတေး နေ့ ညနေ ၆ နာရီ သတင်းမှာ အခုလို ကြေညာ သွားပါတယ်။
“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အတွက် လည်းကောင်း အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေ ရေးအတွက်လည်းကောင်း လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း နိုင်ငံတော်၏ စေတနာ မေတ္တာ ကို နားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဖက်တလမ်းမှ အထောက်အပံ့ ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင် ပြောင်းလဲနိုင်စေရေး အတွက် လည်းကောင်း ရည်ရွယ်ပြီး အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်း သူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် ပြာသိုလဆုတ် ၅ရက် ခရစ်နှစ် ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရှိရပါတယ် ခင်မျာ။”
ယခု လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဟာ အစိုးရသစ်လက်ထက် စတုထ္ထအကြိမ်ဖြစ်ပါတယ်၊ အရင်အကြိမ်က အကျဉ်းသား ထောင်ပေါင်း များစွာကို လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသား အနည်းအကျဉ်းပဲ ပါဝင်ခဲ့ပါတယ်။ အခု နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်အထိ ပါဝင်မယ် ဆိုတာ မသေချာသေးပေမယ့်၊ တချို့တလေ ပါဝင်လာနိုင်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တယောက်ဖြစ်တဲ့ ကိုတိုးကျော်လှိုင်က မျှော်လင့်နေပါတယ်။
“၆၅၁ယောက်ဟာ နိုင်ငံရေးအကျဉ်းသားရယ်လို့ သူတို့ကတော့ သတ်မှတ်ပြီး လွှတ်တာမဟုတ်တာတော့ သေချာတယ်လေ။ လွတ်လာစေချင်တယ် ကျနော်တို့ကတော့လေ ဘာပဲပြောပြော အလုပ်လုပ်နိုင်တဲ့ ခေါင်းဆောင်ကောင်းတွေလေ။ ရှေ့တိုင်းပြည်အတွက် အရေးကြီးနေတဲ့ အချိန်မှာ အားလုံးဝိုင်းပြီး လုပ်ကြရမယ်။ ဒီမိုကရေစီကူးပြောင်းရေးကို အင်နဲ့အားနဲ့ ၀ိုင်းလုပ်ကြရမယ့် အချိန်မှာ အလုပ် လုပ်နိုင်မယ့် ခေါင်းဆောင်ကောင်းတွေ များများလွှတ်တာ ကောင်းတယ်။ သို့သော်လည်း ကျနော် စိတ်ထင်တာကတော့ ၈၈နဲ့ တကယ် ထက်မြတ်တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကိုတော့ အစိုးရက တော်တော်လေး သတိထားတယ်။ တော်တော်လေး စိုးရိမ် ပူပန်မှုတွေ ရှိတယ်ဆိုတာက ထင်ရှားနေတယ်။ ပြီးခဲ့တဲ့ အခေါက်တွေကလည်း ၈၈နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဗိုလ်ချူပ် ဆေထင် လောက်က လွဲလို့ပေါ့နော်။ ချန်ထားခဲ့တယ်ပေါ့။ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂ရက်အခေါက်ကလည်း ၈၈နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကို ချန်ထားခဲ့ တယ် ပေါ့။ အစိုးရက တကယ်အပြုသဘောဆောင်တဲ့ လုပ်ရပ်မျိုး ပြသချင်တယ်ဆိုရင်တော့ ၈၈ထဲက တချို့တ၀က်များ ပါလာမလားလို့ မျှော်လင့်မိပါတယ်။”
အစိုးရဟာ ယခုလ ၂ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၃၄ ယောက် လွှတ်ပေးခဲ့ပြီး၊ ၂၀၁၁ ခုနှစ် မေလနှင့် အောက်တိုဘာလကလည်း နိုင်ငံရေးအကျဉ်းသား ၃၀၀ ကျော် ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း အေအေပီပီက ဆိုပါတယ်။
လောလောဆယ် မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ၀န်းကျင်ရှိတယ်လို့ အစိုးရဖွဲ့ထားပေးတဲ့ လူ့အခွင့်အရေးကော်မရှင်က ဆိုပြီး၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကတော့ ၆၀၀ နဲ့ ၁၀၀၀ ၀န်းကျင်ရှိတယ်လို့ ယုံကြည်နေပါတယ်။
No comments:
Post a Comment