Friday, January 13, 2012

လိုင်ဇာဒေသ၌ ဒုက္ခသည် ထပ်မတိုးလာသော်လည်း အခက်အခဲ ပိုများလာ

သျှမ်းသံတော်ဆင့်


သီတင်းနှစ်ပတ်ခန့်အတွင်း တရုတ်နယ်စပ်အနီး KIA ဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ စစ်ပြေးဒုက္ခသည် အသစ်များ ထပ်မံ ရောက်ရှိလာခြင်း မရှိသော်လည်း ဒုက္ခသည်အရေးကိစ္စ အခက်အခဲ ပိုများလာကြောင်း လိုင်ဇာမြို့ခံ စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကွန်ယက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လတ်တလော KIA နှင့်အစိုးရတပ်တို့ တိုက်ပွဲများဖြစ်ပွားနေသည့် ဖားကန့် ၊ တနှိုင်းမြို့နယ် အပါအဝင် မိုးညှင်း ၊ ပူတာ အိုနှင့် KIO ထိန်းချုပ်ရာ တရုတ်နယ်စပ်ဒေသ အတွင်းရှိ စခန်းများတွင် ဒုက္ခသည်ဦးရေ ၄ သောင်း ၅ ထောင်ကျော် ခန့်ရှိနေပြီး ဖြေရှင်းရမည့် ပြဿနာပိုများလာကြောင်း အဆိုပါအဖွဲ့မှ တာဝန်ရှိသူက ဆိုသည်။


“ဒီ ၂ ပတ်လောက်အတွင်းမှာတော့ ဒုက္ခသည်ထပ်တိုးလာတာမရှိဘူး အခက်အခဲတွေတော့ ပိုများလာတယ် လိုင်ဇာမှာ က ဟောခန်းတွေမှာ လူတွေပြွတ်သိပ်ပြီးနေရတော့ လူမှုရေး အိမ်ထောင်ရေးပြဿနာတွေ ဖြစ်လာတယ် သူတို့ကိုရွေ့ ပြောင်းပေးဖို့ ငွေရေးကြေးရေး အခက်အခဲတွေ ရိက္ခာ ဖူဖူလုံလုံ မပံ့ပိုးနိုင်တာမျိုး အနွေးထည်မလုံလောက်တာမျိုး သန့်ရှင်းရေးအတွက်အိမ်သာတွေ မလုံလောက်တာမျိုးတွေဖြစ်တယ် ” ဟု ဆိုသည်။

လွန်ခဲ့သည့် နိုဝင်ဘာနှင့်ဒီဇင်ဘာလပိုင်းက သောင်းဂဏန်းချီသည့် ဒုက္ခသည်များ လိုင်ဇာသို့ ထပ်မံရောက်ရှိလာ သ ဖြင့် ပုံမှန်ထက် ပိုမိုခက်ခဲနေကြောင်း သိရသည်။

“လွန်ခဲ့တနိုဝင်ဘာနဲ့ ဒီဇင်ဘာလအတွင်းမှာ ဒုက္ခသည်တွေသောင်းချီ တိုးလာတဲ့အခါကျတော့ အခက်အခဲတွေ ပိုလာ တာပေါ့နော် ကြိုတင်ပြင်ဆင်မှုတွေမလုပ်ဘူး ဆိုရင် ဖြေရှင်းရမဲ့ ပြဿနာတွေများလာမယ်” ဟုဆိုသည်။

အဆိုပါ ဒုက္ခသည်များ၏ ကျန်းမာရေးစောင့်ရှောက်ရန် ဆေးဝါးမလုံလောက်မှုများ ကြုံတွေ့နေရပြီး လူသေဆုံးမှုများ လည်း ရှိကြောင်း သူက ဆက်ပြောသည်။

“ဒီဘက်မှာ ဆေးဝါးမလုံလောက်မှုတွေရှိတယ် ကျန်းမာရေးကတော့ ငှက်ဖျား နာစေး ချောင်းဆိုး နာတာရှည် ပုံမှန် ရောဂါတွေ အဖြစ် များတယ်၊ အသက်အရွယ် ကြီးတဲ့သူတွေဆို camp တွေမှာနေရတာ အဆင်မပြေဖြစ်တာပေါ့နော် တချို့တွေဆို camp တွေမှာပဲ အသက် ဆုံးရှုံးသွားတာတွေရှိတယ်၊ ခန့်မှန်းခြေကတော့ ၁၀ ဂဏန်းတော့ရှိပြီ များသော အားဖြင့် အသက်ကြီးတဲ့လူတွေ ကလေးသူငယ်တွေ သေဆုံးမှုရှိတယ်” ဟု ဆိုသည်။

တရုတ်နယ်စပ် မိုင်ဂျာယန်နှင့် နောင်တောင်းဒေသများရှိ ဒုက္ခသည်စခန်းများတွင်လည်း အလားတူပြဿနာများ ရင်ဆိုင် နေရပြီး လတ် တလော အဆိုပါ ဒုက္ခသည်များအရေးကို KDG (kachin Depeloment Group ) အဖွဲ့ ၊ ကချင်အမျိုးသမီးရေးရာအဖွဲ့ ၊ KRDC အဖွဲ့များပူးပေါင်း၍ ကူညီဆောင်ရွက်နေကြောင်း သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာအစိုးရတို့ လွန်ခဲ့သည့်နှစ် ဇွန်လပိုင်းမှစ၍ နှစ်ဘက် တိုက်ပွဲများ ဖြစ် ပွားခဲ့ရာ တလကျော် အတောအတွင်း ဒုက္ခသည်ဦးရေ ၅ သောင်းခန့်အထိ တိုးများလာခြင်း ဖြစ်သည်။

No comments: