Sunday, January 1, 2012

ထိုင်းနိုင်ငံ ဖူးကတ်မြို့ တွင် ကျင်းပသော ရခိုင် အချုပ်အချာ အာဏာ ကျဆုံးနေ့ လူထောင်နီးပါး တက်ရောက်

နိရဉ္စရာ


(၂၂၇)နှစ်ပြည့် ရခိုင် ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကို ဒီဇင်္ဘာလ (၃၁) ရက်နေ့က ထိုင်းနိုင်ငံ ဖူးကတ်မြို့တွင် ကျင်းပရာ လူတစ်ထောင်နီးပါးခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

လွတ်လပ်သော ရခိုင်ဘုရင်နိုင်ငံတော်အား ဗမာ ဘုရင် ဘိုးတော် မောင်ဝိုင်းက ၀င်ရောက် ကျူးကျော် သိမ်းပိုက်ခဲ့သဖြင့် ၁၇၈၄ ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက်နေ့တွင် ရခိုင် ဘုရင့် နိုင်ငံတော် ကျဆုံးခဲ့ရသည့် အကြောင်းအရင်းများကို ဟောပြောရာ ရခိုင် အမျိုး သားများ သာမက မြန်မာ ပြည်က တခြား တိုင်းရင်းသား များကလည်း စိတ်ဝင် တစားဖြင့် တက်ရောက် နားထောင် ခဲ့ကြသည်။

" တက်ရောက်လာတဲ့ လူက ၆၅၀ ကျော် ရှိပါတယ်။ အထူးကို စိတ်ဝင် တစားနဲ့ တက်ရောက်ပြီး နားထောင်ခဲ့ကြပါတယ်။ ရခိုင် အမျိုး သား တွေ သာမက တခြား တိုင်းရင်းသားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။ အားရစရာ ကောင်းပါတယ်" ဟု အခမ်း အနားကို ဦးဆောင်ကျင်းသည့် လေးဝတီမျိုးချစ် ရခိုင်လူမှုရေးအသင်းမှ ဥက္ကဌ ဦးစိုးမြင့်က ပြောသည်။

အခမ်းအနားအား နေ့လည် (၁၂) နာရီမှ ညနေ (၅) နာရီအထိ ကျင်းပခဲ့ပြီး တက်ရောက်လာသူ ရဟန်းတော်များနှင့် ဖိတ်ကြား ထားသူ များက ရခိုင် ဘုရင်နိုင်ငံတော် ကျဆုံး ခဲ့ရပုံများကို အကျယ်တ၀င့် ဟောပြောခဲ့ကြသည်ဟု သိရသည်။

" အခမ်းအနား ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်မှာ ရခိုင်ပြည်သူများအား မိမိတို့၏ သမိုင်းမှန်ကို သိနိုင်ရှိစေရန်နဲ့ အတိတ်မှာ ဖြစ်ပျက် ခဲ့ တာတွေကို သင်ခန်းစာယူပြီး အနာဂတ် ရခိုင်မျိုးဆက်သစ်တွေ အနေနဲ့ မိမိတို့ရဲ့ အမျိုးသားရေးတာဝန်များကို စည်းလုံးညီညွတ်စွာနဲ့ ပိုမိုထမ်းဆောင်နိုင်ရန်အတွက် ရည်ရွယ် ကျင်းပရခြင်းဖြစ်ပါတယ်" ဟု သူက ပြောသည်။

တက်ရောက်ခဲ့သူ ရခိုင် လူငယ် တစ်ဦးကလည်း သူ့အမြင်ကို ယခုလို ပြောသည်။

" ကျွန်တော်တို့ကို လာရောက် ဟောပြောကြတဲ့ သူတွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပြည်တွင်းမှာနေတုန်းက ဒီိလို မိမိနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေကို သိရှိခွင့် မရခဲ့ပါဘူး။ ထိုင်းကို ရောက်တဲ့ အခါမှာလည်း အခုလို အကျယ်တ၀င့် မသိရှိခဲ့ရပါဘူး။ ဒီနှစ်မှာမှ မိမိသမိုင်းမှန် ဖြစ်ရပ်တွေကို ကွက်ကွက်ကွင်းကွင်း သိရှိခွင့်ရတဲ့ အတွက် အခမ်းအနား စီစဉ်သူတွေကို ကျေးဇူးတင်ပါတယ်" ဟု ပြောသည်။

အခမ်းအနားတွင် တက်ရောက်လာသူများအား ရခိုင်ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ကြပါသည်။ အခမ်း အနား ပြီးဆုံးချိန်တွင် တက်ရောက်သူများအား အမှတ်တရ အဖြစ် Laptop ကွန်ပျူတာနှစ်လုံးအပါအဝင် အခြားဆုမဲပေါင်း (၅၀)အား ကံစမ်း မဲအဖြစ် ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားအား ထိုင်းနိုင်ငံဒေသအာဏာပိုင်များနှင့် ညှိနှိုင်းတိုင်ပင်၍ လုံခြုံရေးမှ အစ တစ်စုံတစ်ရာ အခက် အခဲမရှိဘဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။

“ ဒီ ၀မ်းနည်း အောက်မေ့ဖွယ် အခမ်းအနားကို ဖူးကတ်မြို့မှာ ကျင်းပခဲ့တာမှာ ခါတိုင်းနှစ်တွေနဲ့ မတူဘဲ ယခုနှစ်မှာ ပိုမို စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့တာဟာ ကျနော်တို့ အသင်းသူ/သားများ နဲ့ ရွေ့ပြောင်း အလုပ်သမားတွေရဲ့ ၀ိုင်းဝန်ကူညီမှုများကြောင့် ဖြစ်ပါတယ်။ အခမ်းအနားကို လူတွေက ခုလို တက်ရောက် အားပေးခဲ့ကြတာဟာ အားရကြေနပ်ဖွယ်ပင်ဖြစ်ပါတယ်" ဟု ဥက္ကဋ္ဌ ဦး စိုးမြင့်မှ ပြောသည်။

ယခုနှစ်တွင် ကျရောက်သော ၂၂၇ နှစ်မြောက် ရခိုင် အချုပ်အချာအာဏာ ကျဆုံးနေ့ ၀မ်းနည်း အောက်မေ့ဖွယ် အခမ်းအနားများအား ဂျပန်၊ ထိုင်းနိုင်ငံ၊ အိန္ဒိယ၊ ဒိန်းမတ်၊ မလေးရှား၊ အမေရိကန်၊ ဘင်္ဂင်္လာဒေခ်ျ့ နိုင်ငံများနှင့် တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက် ဓမ္မ၀ိဟာရ ကျောင်းတွင်လည်း ကျင်းပ ပြုလုပ်ခဲ့သည်။

No comments: