ပီတာအောင်
မြန် မာမီဒီယာ လောကနဲ့ အန်ဂျီအို လောကမှာ ထင်ရှား လူသိ များတဲ့ ဒေါက်တာ နေဝင်းမောင် (ခ) အောင်ထွဋ် အသက် (၅၀) နှစ်ဟာ ပြီးခဲ့တဲ့ နှစ်သစ်ကူး ည သန်းခေါင်ကျော် အချိန်က ရန်ကုန် ပြည်သူ့ ဆေးရုံကြီးမှာ နှလုံး ရောဂါနဲ့ ရုတ်တရက် ကွယ်လွန် သွားခဲ့ ပါတယ်။
ဒေါက်တာ နေဝင်းမောင်နဲ့ ရင်းနှီးတဲ့ မိတ်ဆွေ တဦးဖြစ်သူ ဆောင်းပါးရှင် ကျော်လင်းဦးက “ည ၁၁ နာရီ လောက်က ဆေးရုံ တင် လိုက်တာ။ သွေးကြော ပိတ်တော့ မမီ တော့ဘူး ဖြစ်သွား တာပါ။ heart attack ရသွားတဲ့ သဘောပါ။ သူ့ဘာ သာသူ ကားမောင်းပြီး အိမ်ပြန် လာရင်း အောင့်တယ် ဆိုပြီး ဆေးရုံကို သူ့ဘာ သာသူ သွားတာ။ ဆေးရုံမှာ တင်လိုက်ပြီးမှ နောက်မှ အိမ်က သိလို့ နောက်က လိုက်သွားတာ။ ဆုံးတာက ရန်ကုန် ဆေးရုံကြီး မှာပါ။ စတက် တာက ဝီတိုရီယမှာ နောက်တော့ ဆေးရုံကြီးကို refer (လွှဲပြောင်း) လုပ်တာပေါ့။”
ဒေါက်တာနေဝင်းမောင်ဟာ The Voice Weekly ဂျာနယ်နှင့် Living Color မဂ္ဂဇင်းတွေ ထုတ်ဝေတဲ့ Living Color Media ရဲ့ CEO အမှုဆောင်အရာရှိချုပ်နဲ့ Myanmar Egress အန်ဂျီအိုအဖွဲ့ကို တည်ထောင်ခဲ့ပြီး အထွေထွေ အတွင်းရေးမှူး အဖြစ် တာဝန်ယူထားသူ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၉၈၈ ခုနှစ်မှာ ဆေးတက္ကသိုလ် ၁ ရန်ကုန်ကနေ M.B.,B.S ဘွဲ့ရခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု YALE တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘာသာ အထူးပြုဖြင့် Fellowship ပညာသင်ဆု ရရှိခဲ့ပါတယ်။
ပြည်တွင်း စာနယ်ဇင်းတွေမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ ပတ်သက်ပြီး ဒီမိုကရေစီရေးရာနဲ့ ဖွဲ့စည်းပုံရေးရာကိစ္စတွေမှာ အောင်ထွဋ်၊ ကျော်စွာစတဲ့ ကလောင်အမည်တွေနဲ့ ဆောင်းပါးတွေ ရေးသားခဲ့သူဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ထောက်ခံ ရေးသားခဲ့သူ ဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ အပြောင်းအလဲအတွက် လူထုလိုသည် စာအုပ်ဟာ ထင်ရှားပါတယ်။ သူကွယ်လွန်သွားတဲ့ အပေါ်မှာ လုပ်ဖော်ကိုင်ဖက် တဦးဖြစ်တဲ့ The Voice weekly ဂျာနယ်တာဝန်ခံ အယ်ဒီတာ ဦးဇေယျသူက ခုလို မှတ်ချက်ပေးပါတယ်။
“ကြီးမားတဲ့ ဆုံးရှုံးမှု တရပ်ပါ။ ခုချိန်က ကျနော်တို့နိုင်ငံက လုပ်စရာတွေ အများကြီး ရှိနေသေးတဲ့ အချိန်ပေါ့။ သူလည်း ဒါတွေ လုပ်စရာကိုင်စရာတွေ အများကြီး ရှိနေသေးတဲ့အချိန်မှာ သူ နေမကောင်းဖြစ်တာ သူသိတယ်။ နှလုံးရောဂါအခြေအနေ သိရဲ့သားနဲ့ သူ့ဟာသူ ကုဖို့ကို အချိန်မပေးနိုင်ဘူး။ အခုကျမှ ဖြစ်တဲ့အခါကျတော့ ပထမဆုံး ဒီနှလုံးရောဂါနဲ့တင် ဆုံးသွားတာပေါ့။ ကျနော်တို့ အတွက်ကတော့ အစားထိုးမရတဲ့ ဆုံးရှုံးမှု တခုပါပဲ။ ဒါပေမယ့် သူ့ကို ကျနော်တို့ တကယ်လေးစားတယ်၊ တကယ်ချစ်ခင်ရင်၊ မြတ်နိုးတယ်ဆိုရင် သူဖြစ်စေချင်သလို ဆက်ပြီးတော့ ကြိုးစားသွားရမှာပေါ့။”
သူ မကွယ်လွန်ခင် နောက်ဆုံး အချိန်အထိ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရ အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ ကြားဝင် ဆက်သွယ် ညှိနှိုင်း ဆောင်ရွက်ပေးနေသူ တဦးလည်း ဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၅၀ ရှိပြီဖြစ်ပြီး ဇနီး ဒေါ်ဝင်းကလျာဆွေနဲ့ သမီး ၄ ဦး ကျန်ရစ် ပါတယ်။ သူ့ရဲ့ ဈာပနကို ဇန်နဝါရီလ ၁ ရက်နေ့ မွန်းလွဲပိုင်းမှာ ရေဝေး သုသာန်ကို ပို့ဆောင် မီးသင်္ဂြီုဟ် မယ်လို့ သိရပါတယ်။
No comments:
Post a Comment