Monday, January 2, 2012

အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

မင်းလွင်

အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေတဲ့ သေဒဏ်ကျ အကျဉ်းသားတွေ၊ နှစ် ၃၀ အထက် အကျဉ်းသားတွေ၊ နှစ် ၂၀ ကျ အကျဉ်း သားတွေနဲ့ နှစ် ၂၀ အောက် အကျဉ်းသားတွေကို လျှော့ပေါ့ပြစ်ဒဏ်တွေအဖြစ် ပြောင်းလဲပြီး အမိန့်ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာအစိုးရ ဒီကနေ့ ထုတ်ပြန်တဲ့ အမိန့်ကြေငြာချက်ဟာ ရှင်းလင်းမှု မရှိပါဘူး။ သေဒဏ်ကျပြစ်ဒဏ်တွေကို ထောင်ဒဏ် တသက်တကျွန်းနဲ့ နှစ် ၃၀ အထက် ထောင်ဒဏ်တွေကို နှစ် ၃၀ ကို လျှော့ချမှာဖြစ်ပြီး နှစ်၂၀ နဲ့ ၃၀ကြားကို နှစ် ၂၀ လျှော့လိုက်ပါမယ်။ ဒါ့အပြင် နှစ် ၂၀ အောက် ထောင်ဒဏ်တွေကို ၄ ပုံ ၁ ပုံဖြစ်တဲ့ ၅ နှစ်အထိပဲ လျှော့ပေါ့ကာ ပြန်လွှတ်ပေးမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ အေအေပီပီက ကိုအောင်မျိုးသိန်းက အခုလို သမ္မတ ဦးသိန်းစိန်ရဲ့ လျှော့ပေါ့ တဲ့အတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ လောက် ပြန်လွတ်လာပြီး ၁၀၀၀ ကျော် ရှိနေဦးမယ်လို့ ပြောပါတယ်။

“ကျနော်တို့ အေအေပီပီစာရင်းအရဆိုရင် နှစ် ၂၀ အောက်က ၂၀၀ ကျော်လောက် လွတ်လာနိုင်ပါတယ်။ အကျဉ်းထောင်ထဲမှာတော့ အကျဉ်းသား ၁၀၀၀ ကျော် ဆက်လက် ကျန်ရှိနေဦးမှာပါ။ အဲဒီထဲမှာ အဓိက ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်တို့လို ၈၈ မျိုးဆက်တွေ၊ ဦးခွန်ထွန်းဦး တို့လို တိုင်းရင်းသား ခေါင်းဆောင်တွေ ဆက်ပြီး ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။”

နိုင်ငံရေးအမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဥပဒေအကျိုးတော်ဆောင် ဦးကျော်ဟိုးက “ပြောချင်တာတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတာတွေကို လွှတ်ပေးဖို့ပဲ ပြောချင်တာပေါ့။ ဒီရာဇ၀တ်သားတွေ လွတ်တာမလွတ်တာက တပိုင်းပေါ့။ နောက် ဒါတွေက လွတ်ငြိမ်းချမ်းသာခွင့် အစစ်မှ မဟုတ်တာ။ ကန့်သတ်ထားတာဆိုတော့။ လျှော့ပေးတာတော့ ကောင်းတာပေါ့။ ဒါပေမယ့် ကျနော်တို့ လိုချင်တာက ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို အားလုံး လွှတ်ပေးဖို့ ဒါကတော့ လိုချင်တာပေါ့။ လျှော့တယ်ဆိုတာလည်း ကောင်းတဲ့ကိစ္စပဲ။”

No comments: