Monday, January 2, 2012

အကျဉ်းသားများအား ‘လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း’ ထပ်မံကြေညာ

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇန်နဝါရီလ ၀၂ ရက် ၂၀၁၂

၆၄ နှစ်မြောက် လွတ်လပ်ရေး နေ့အား ဂုဏ်ပြုသော အားဖြင့် အကျဉ်းသား များအား ‘လွတ်ငြိမ်းချမ်း သာခွင့်’ ပြုကြောင်း သမ္မတ ဦးသိန်းစိန်က အမိန့် အမှတ် ၁/၂၀၁၂ ဖြင့် တနင်္လာနေ့ ညနေက ထုတ်ပြန် လိုက်သည်။

အဆိုပါအမိန့်ကို ၂.၁.၂၀၁၂ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်က နိုင်ငံပိုင် ရုပ်မြင်သံကြားဌာနဖြစ်သော MRTV-4 မှ ထုတ်လွှင့် သွားခြင်း ဖြစ်သည်။

ဤ လွတ်ငြိမ်းချမ်း သာခွင့်တွင် သေဒဏ် ကျခံနေရသော အကျဉ်းသား များအား တသက် တကျွန်း အဖြစ် လည်းကောင်း၊ အနှစ် ၃၀ နှင့်အထက် အကျဉ်းကျခံနေရသူများကို နှစ် ၃၀ သို့ လည်းကောင်း၊ နှစ် ၂၀ နှင့်အထက် နှစ် ၃၀ အထိ အကျဉ်းကျခံနေရသူများကို နှစ် ၂၀ သို့ လည်းကောင်း၊ နှစ် ၂၀ အောက် အကျဉ်းကျခံနေသူများကို ပြစ်ဒဏ်၏ လေးပုံတပုံသို့ လည်းကောင်း ပြစ်ဒဏ် လျှော့ချ လိုက် ကြောင်း ပါရှိသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂ ရက် မတိုင်မီ ပြစ်မှုကျူးလွန်ခဲ့သူအားလုံး အကျုံးဝင်သည်ဟုလည်း ပါရှိသည်။

ယင်းလျှော့ပေါ့ပေးမှုကြောင့် လွတ်မြောက်ခွင့်ရလာသူများကို အင်္ဂါနေ့တွင် စတင်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဤအစိုးရသစ်လက်ထက်တွင် မေလ ၁၆ ရက်နေ့နှင့် အောက်တိုဘာ ၁၂ ရက်နေ့ တို့တွင်လည်း အလားတူ ပြစ်ဒဏ် လျှော့ ပေါ့ ‘လွတ်ငြိမ်း ချမ်းသာခွင့်’ ပေးခဲ့ဖူးသည်။

No comments: