ပီတာအောင်
မြန်မာပြည် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ရေးနဲ့ စစ် အာဏာရှင် စနစ်အောက်က လုံးဝလွတ်မြောက်ရေး ပူးပေါင်း ဆောင်ရွက်ကြဖို့ ၆၄ နှစ်မြောက် လွတ်လပ်ရေး နေ့မှာ ဝါရင့် နိုင်ငံရေး သမားကြီး တွေက တိုက်တွန်း လိုက်ပါတယ်။
ကိုလိုနီလက်အောက်က မြန်မာနိုင်ငံ လွတ်မြောက်အောင် ကြိုးပမ်းရာမှာပါဝင်ခဲ့ကြတဲ့ ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေက ရန်ကုန်မြို့ မရမ်းကုန်း သခင်သိန်းဖေနေအိမ်မှာ ဒီကနေ့မနက်က မိတ်ဆုံစားပွဲ ကျင်းပပြီးနောက် ခုလို ပြောကြားခဲ့တာပါ။
ဝါရင့်နိုင်ငံရေးသမားကြီး ရွှေတောင် ဦးအုန်းမောင်က “စစ်အာဏာရှင် စနစ်ကနေ လွတ်မြောက်ဖို့ ကျနော်တို့ အမျိုးသားလွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတွေ အပြည့်အဝ ရရှိရေးအတွက် ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက် ကြဖို့လိုပါတယ်” လို့ ပြောပါတယ်။
ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်က “ကျနော်တို့ တဖြည်းဖြည်းတွေ့လာရတာက ကိုလိုနီနယ်ချဲ့သမားထက်တောင် ဆိုးတဲ့အခြေအနေ တချို့တွေ့ရပါတယ်။ ဥပမာ ဗိုလ်အောင်ကျော်ကျဆုံးတာဟာ နယ်ချဲ့ကိုလိုနီ ဝါဒသမား အင်္ဂလိပ် ပုလိပ်တပ် ကနေပြီးတော့ သေနတ်နဲ့ပစ်လို့ ကျဆုံးတာ မဟုတ်ဘဲ တုတ်နဲ့ ရိုက်လို့ ချက်ကောင်းထိပြီး ကျဆုံးခဲ့ရတယ်။ သေနတ်နဲ့ ပစ်လို့ သေတာမဟုတ်ဘဲ တုတ်နဲ့ရိုက်လို့ မြင်းနဲ့တိုက်လို့ ကျဆုံးခဲ့တာပါ။ ကျနော်ပြောချင်တာက ဒီခေတ်မှာတော့ တုတ်နဲ့တော့ မရိုက်ပါဘူး။ သေနတ်နဲ့ ပစ်ပြီးတော့ စက်သေနတ်နဲ့တောင် ဆွဲတဲ့ အခြေအနေမျိုး ရောက်လာတာဟာ ကိုလိုနီနယ်ချဲ့ သမားထက်တောင် ဆိုးတဲ့ အနေအထားမျိုး တွေ့ရတဲ့ အခါကျတော့ အင်မတန် စိတ်မချမ်းသာစရာတွေ ရှိပါတယ်” လို့ ပြောပါတယ်။
အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဖို့၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့နဲ့၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်စရာအကြောင်း ဘာမှာမရှိတဲ့ အကြောင်းနဲ့၊ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆက်လက် ကြိုးပမ်းသွားမှာဖြစ်တဲ့အကြောင်း ပြောပါတယ်။
ဒါ့အပြင် ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ပြဿနာတွေလို့မမြင်ဘဲ စိန်ခေါ်မှုတွေအဖြစ် မြင်တဲ့အကြာင်း၊ စိန်ခေါ်မှုတွေကို အရှံးမပေးဘဲ ရင်ဆိုင်ပြီး လိုလားတဲ့ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။
အခမ်းအနားကို ဝါရင့်နိုင်ငံရေးသမားကြီးတွေအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ၊ ဦးအေးသာအောင်၊ ပူကျင့်ရှင်းထန်၊ ဦးသာဘန်း၊ နိုင်ငွေသိန်း စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ၁၉၈၈ နဲ့ ၉၆ မျိုးဆက်ကျောင်းသားတွေ တက်ရောက်ခဲ့ကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီကတော့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို နံနက် ၁၁ နာရီလောက်မှာ သီးခြား ကျင်းပပါတယ်။
လွတ်လပ်ရေးနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာတော့ သမ္မတဦးသိန်းစိန်က သူ့ရဲ့ အမည်ရှေ့မှာ အဂ္ဂမဟာ သရေစည်သူ နဲ့ အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့အမည်တွေနဲ့ ဖော်ပြထားပြီး ပြည်ထောင်စုမပြိုကွဲရေး။ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနဲ့ ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိန်း ကာကွယ်ကြပါလို့ လွတ်လပ်ရေး သဝဏ်လွှာမှာ တိုက်တွန်းထားပါတယ်။
No comments:
Post a Comment