အေးနိုင်
ဒီမို ကရေစီနဲ့ နိုင်ငံသား တို့ရဲ့ မူလ အခွင့် အရေးတွေ ခံစားရဖို့ အတူတကွ သန္နိဋ္ဌာန် ချမှတ် လုပ်ဆောင် ပါလို့ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ်က ပြည်သူ တွေကို တိုက်တွန်းလိုက်ပါ တယ်။
ဒီမို ကရေစီနဲ့ နိုင်ငံသား တို့ရဲ့ မူလအခွင့် အရေးတွေ ခံစားစံစား နိုင်ဖို့ အမျိုးသား သွေးစည်း ညီညွတ်ရေးနဲ့ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် ပြည်သူ အားလုံး တက်ညီ လက်ညီ ပူးပေါင်း ဆောင်ရွက်ကြဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တိုက်တွန်း လိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ၆၄ နှစ်မြောက် လွတ်လပ်ရေး နေ့မှာ တိုက်တွန်း လိုက်တာ ဖြစ်ပြီး မြန်မာ နိုင်ငံ လွတ်လပ်ရေး အတွက် အသက်ပေး ကြိုးပမ်း ခဲ့တဲ့ အခွင့် အရေး နှစ်ရပ် စလုံး တိုင်းသူပြည် သားတွေ မခံစားရ သေးဘူးလို့ ဒီကနေ့ ထုတ်ပြန် ချက်မှာ ဖော်ပြပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို ပြန်ကြားရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက “အဓိက အားဖြင့် သန္နိဋ္ဌာန် အရေး ကြီးတယ်။ လွတ်လပ်ရေး ရရှိဖို့ ကြိုးပမ်း ကာလမှာ လွတ်လွတ် လပ်လပ် ရှိဖို့ ကြိုးစား ဆောင်ရွက်ကြ တယ်။ ဆောင်ရွက် ရာမှာ သန္နိဋ္ဌာန် ချပြီးတော့ ဆုံးဖြတ်ချက် ချပြီး တော့ အားလုံး ပူးပေါင်း ပါဝင် ဆောင်ရွက်ကြဖို့ ဒါဟာ ကျနော်တို့ လက်ရှိ အခြေ အနေမှာလည်း မပြီး သေးတဲ့ အခြေ အနေနော် ဒါလူတိုင်း သိတယ်။ ပြီးဆုံးအောင် သန္နိဋ္ဌာန်ချ ဆောင်ရွက် ကြဖို့ လိုပါတယ်” လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူတိုင်းလွတ်လပ်မှုနဲ့ ထိုက်တန်တဲ့အကြောင်း မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
“ကျမတို့ရဲ့ လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေက လွတ်လပ်ရေးရအောင် ယူခဲ့တယ်ဆိုတဲ့ နောက်မှာ ဘာရှိနေလဲဆိုတော့ အင်မတန်မှ ခိုင်မာတဲ့ယုံကြည်ချက်နဲ့ လေးနက်တဲ့ သန္နိဋ္ဌာန်ရှိပါတယ်။ ဒီယုံကြည်ချက်က ဘာလဲဆိုတော့ လူတိုင်း လူတိုင်းဟာ လွတ်လပ်မှုနဲ့ ထိုက်တန်ဆိုတဲ့ ယုံကြည်ချက်ပဲ။ သန္နိဋ္ဌာန်ဆိုတာ ဘာလဲဆိုတော့ ထိုက်တန်ဆိုတာကို ကမ္ဘာကသိအောင် ပြနိုင်တယ်ဆိုတဲ့ သန္နိဋ္ဌာန်ပဲဖြစ်ပါတယ်။ ဒီယုံကြည်ချက်တွေ သန္နိဋ္ဌာန်တွေဟာ ကျမတို့က ဆက်ပြီးတော့ ကိုင်စွဲသွားရမှာ ဖြစ်ပါတယ်။ လူတိုင်း လူတိုင်းဟာ လွတ်လပ်မှုနဲ့ ထိုက်တန်တယ်။ ထိုက်တန်သလိုလည်း နေတတ်တယ်။ ထိုက်တန်ဆိုတာ အများက သိအောင်လည်း ပြနိုင်တယ်ဆိုတဲ့ သန္နိဋ္ဌာန်နဲ့ ကျမတို့ ဆက်ပြီးတော့ သွားရမှာဖြစ်ပါတယ်။”
ပါတီဥက္ကဋ္ဌ ဦးတင်ဦးကလည်း သဘာပတိမိန့်ခွန်းမှာ စည်းလုံးညီညွတ်စွာ အလုပ်လုပ်ကြဖို့ တိုက်တွန်းပြောဆိုပါတယ်။“ပစ္စုပ္ပန်နဲ့ အနာ ဂတ် ကာလ တို့အတွက် တိုင်းရင်းသားပြည်သူ အားလုံးတို့အတွက် စည်းလုံးညီညွတ်စွာနဲ့ လွတ်လပ်ရေးစိတ်ဓာတ် နှစ်သစ်စိတ်ဓာတ်များ မွေးမြူကြပြီး ကြံစည် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်။”
ဒီကနေ့ ရန်ကုန်မြို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ အခမ်းအနားကို နိုင်ငံခြားသံတမန်တွေ၊ ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင် ဖက်တွေ၊ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားတွေနဲ့ ပြည်သူတွေအပါအဝင် ဧည့်ပရိသတ် ၁ ထောင်နီးပါး တက်ရောက်ပါတယ်၊။ ညနေပိုင်းမှာ လွတ်လပ်ရေးနေ့ ဖျော်ဖြေရေးအစီအစဉ် ထည့်သွင်းပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရုံးမှာလည်း လွတ်လပ်ရေးနေ့ အခမ်းအနား ကျင်းပပါတယ်။ အခမ်းအနားမစမီ သံဃာတော် အရှင်သူမြတ်တွေကို ဆွမ်းဆက်ကပ်ခဲ့ပြီး ၁၁ နာရီခန့်မှာ စတင်ပြီး ညနေပိုင်းမှာ ကဗျာရွတ်ဆိုပါတယ်။ အခမ်းအနားကို ပရိသတ် ၁၀၀ ကျော် တက်ရောက်ပါတယ်။ လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို မြို့နယ်အသီးသီးမှာလည်း ကျင်းပကြပါတယ်။
No comments:
Post a Comment