Thursday, January 19, 2012

မွန်ပြည်သူများ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ထောင်ထွက် မွန်သံဃာတော် ပြော

ကောင်းဝါ သတင်းဌာန

အနာဂတ်တွင် မွန်ပြည်သူများ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိအောင် မွန်လူထုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်မည်ဟု ပုသိမ်ထောင်မှ လွတ်မြောက်လာသည့် မွန်သံဃာတော်တပါး ဖြစ်သူ ဦးဇင်းဇော်လတ် ခေါ် အရှင်ဥက္ကံသက ပြောသည်။

ယခင် ရဟန်းဘ၀က မွန်ပြည်နယ် မုဒုံမြို့နယ် နိုင်လှုံရွာတွင် အော်ဇေယျ ပရိယတ္တိ စာသင်တိုက်တွင် သတင်းသုံးခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် ပြင်ပသတင်းမီဒီယာဖြင့် ဆက်သွယ်မှု၊ နိုင်ငံရေး လှုပ်ရှားမှုနှင့် နိုင်ငံအတွင်း တရားမဝင် မွန်သတင်းစာ ခိုးသွင်းဖြန့်ဝေမှုဖြင့် အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်။

“ပုသိမ်ထောင်ကို ရောက်ပြီးတဲ့နောက် ညနေ ၆ နာရီမှာ နေ့တိုင်း မွန်အလံတင် သီချင်းကို ဆိုတယ်၊ ဘာဖြစ်လဲဆိုတော့ ဦးဇင်းက မွန် ပြည် သူတွေကို သိပ်လွတ်လပ်စေချင်လို့ပဲ” ဟု ထောင်မှ လွတ်လာသည့် ဦးဇင်းဇော်လတ်က မိန့်သည်။

ထောင် ၂ နှစ် ကျခံခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပုသိမ်ထောင်မှ လွတ်မြောက်လာခဲ့သည်။

အင်းစိန်တရားရုံးမှ ထောင်ဒဏ် ချမှတ်ခံပြီးသည့် နောက်တွင် မွန်ပြည်နယ်မှ ဝေးလံသည့် ပုသိမ်ထောင်သို့ ပြောင်းရွှေ့ခံရသည်။

“ဦးဇင်းရဲ့ ရည်ရွယ်ချက်ကတော့ မွန် သတင်းထောက်ကောင်း တယောက် ဖြစ်ချင်တယ်၊ ဘာဖြစ်လဲဆိုတော့ ဦးဇင်းတို့ လူမှုဝန်းကျင်မှာ သတင်းလွတ်လပ်မှု သိပ်မရှိသေးဘူး၊ မွန်တွေမှာလည်း သတင်းဘက်ပိုင်းမှာ အားနည်းနေသေးတယ်” ဟု သူက ပြောသည်။

ထောင်တွင်း၌ လူဝတ်ဖြင့် နေထိုင်နေရသော်လည်း မိမိအနေဖြင့် ရဟန်းတပါးကဲ့သို့ ခံယူကာ နေထိုင်ခဲ့သည်ဟုလည်း သူက ပြောသည်။

No comments: