Thursday, January 19, 2012

၈၈ မျိုးဆက်များက ရွှေညဝါ ဆရာတော်ဘက်တွင် ရပ်တည်သွားမည်ဟု ဆို

မြတ်မိုး on January 19, 2012


အကျဉ်းထောင် အသီးသီးမှ မကြာမီက လွတ်မြောက်လာသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အနေဖြင့် ရွှေညဝါ ဆရာ တော် အရှင် ပညာသီဟဘက်တွင်ငြိမ်းချမ်းသော နည်းလမ်းများဖြင့် ထာဝရ ရပ်တည်ပေးသွားမည်ဟု ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင် တဦးဖြစ်သည့် ကိုမင်းကိုနိုင်က ပြောလိုက်သည်။

နိုင်ငံတော် သံဃမဟာနာယက (မဟန) အဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေး ဆုံးဖြတ်ချက် အကြောင်းကြားစာနှင့် ပတ်သက်၍ ရွှေညဝါ ဆရာတော်က အသနားခံစာ တင်ပြသော်လည်း မဟန က ပယ်ချလိုက်ခြင်းကြောင့် ၈၈ မျိုးဆက် ကျောင်းသားများ အနေဖြင့် ဆရာတော်ဘက်မှ ငြိမ်းချမ်းသော နည်းလမ်းများသုံးကာ ရပ်တည်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ကျောင်းထိုင် နာယက ရွှေညဝါ ဆရာတော် အရှင် ပညာသီဟထံ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ မနီလာသိန်း၊ မမီးမီးတို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်း တချို့တို့မှာ ယမန်နေ့ ညနေက သွားရောက်ခဲ့စဉ် ကိုမင်းကိုနိုင်က အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဆရာတော်လို သာသနာအတွက်၊ အမိမြန်မာပြည်အတွက်၊ အနာဂတ်အတွက် ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မျိုးအတွက် ဘယ်ဘ၀ပဲရောက်ရောက် ထာဝရရပ်တည်သွားမှာပါ။ နောက်ဆုံး ဆရာတော်ရဲ့ ကျောင်းမှာ မနေရ တော့ရင်တောင် တပည့်တော်တို့ လမ်းဘေးမှာ အလှူခံပေးပြီး ဆရာတော်အတွက် လုပ်ဆောင်ပေးသွားမှာပါ” ဟု ကိုမင်းကိုနိုင်က ရွှေည၀ါ ဆရာတော်ထံ ယမန်နေ့ ညနေက သွားရောက်စဉ် လျှောက်ထားခဲ့သည်။

မင်းကိုနိုင်၏ လျှောက်တင်မှုအပေါ် ရွှေည၀ါဆရာတော် အရှင် ပညသီဟကလည်း အတိုင်းမသိဝမ်းသာမိကြောင်း ပြန်လည် မိန့်ကြားသည်။

“ဆရာတော် အသနားခံစာ ပယ်ချ ခံရပေမယ့် ကျမတို့ရှိတယ် ဆိုတာ ဆရာတော်ကို လာပြီး အားပေးတာပါ။ ဆရာတော်မှာ ဒီလို အင်အားရှိတယ် ဆိုတာကို ပြချင်တာပါ” ဟု မမီးမီးက ပြောသည်။

ယနေ့နေ့လယ်တွင် မဟန က ရွှေညဝါ ဆရာတော်နှင့် ပတ်သက်၍ ကြားနားသွားမည်ဖြစ်ကြောင်း၊ သာဓု ကျောင်းတိုက် ဝန်းအတွင်း လူ ၁၀၀ ကျော်တို့ ရောက်ရှိစောင့်စား နေကြကြောင်း ကြားသိရသည်။

မဟန အဖွဲ့ ၄၇ ပါး စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်ပါ အကြောင်းကြားစာတွင် ရွှေည၀ါ ဆရာတော်ကို သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်၊ သံဃာ အဆင့်ဆင့်၏ ဆုံးမညွှန်ကြားမှုကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ် (သံဃာအဖွဲ့အစည်း၏ ဆုံးမမှုကို မနာခံသူ) အဖြစ် သတ်မှတ်ရန်နှင့် နိုင်ငံတော် မဟန ၏ ခွင့်ပြုချက် မရဘဲ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမှ ဖွင့်လှစ် ဆောင်ရွက်ခြင်း မပြုရန်တို့ ပါဝင်ပြီး အဆိုပါ အကြောင်းကြားစာအတွက် ရွှေည၀ါ ဆရာတော်သည် အသနားခံစာ နှစ်ကြိမ် တင်ခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

၂၀၁၁ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် ဆရာတော် အရှင် ပညာသီဟသည် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံး၌ သြဝါဒ ပေးခဲ့ခြင်းကြောင့် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ဆရာတော်အား ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်စွဲဖြင့် အကြောင်း ကြား စာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ရွှေည၀ါအဖွဲ့ကို ၂၀၀၂ ခုနှစ်တွင် ဗန်းမော်ဆရာတော်ကြီးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်၍ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၄ ခုနှစ်တွင် ရွှေည၀ါ သံဃာ့တက္ကသိုလ်များ စတင်ဖွင့်လှစ် ခဲ့သည်။

No comments: