Thursday, January 5, 2012

မွန်ပြည်နယ်တွင်လည်း ဓာတ်ဆီဈေးအဆမတန်တက်

မိလယီထော

၂၀၁၂ ခုနှစ် ဆန်းမှ စပြီး မွန်ပြည်နယ် မှာသာမက မြန်မာ တနိုင်ငံ လုံးတွင် ဓာတ်ဆီဈေး အဆမတန် မြင့်တက်လာ သည်ဟု ဓာတ်ဆီ ရောင်းဝယ် သူတို့က ပြောသည်။

စွမ်းအင်ဝန်ကြီးဌာမှ ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချလိုက်သော စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီတဂါလံ ၂၅၀၀ ကျပ်ဖြင့် သတ်မှတ်ရောင်းချနေမည့်အစား ဇန်နဝါရီလ ၁ ရက်နေ့မှစတင်ပြီး ပြင်ပပေါက်ဈေးနှုန်းအတိုင်း နှုန်းရှင်ဖြင့် ရောင်းချ ခွင့်ပြု လိုက်ပြီး နောက် ဓာတ်ဆီဈေး အဆမတန် တက်သွားခြင်းဖြစ်သည်။

“တပတ်လောက်ရှိပြီး ဓာတ်ဆီဈေးက တခါတည်းကိုတက်သွားတာ၊ အဖြူက အရင်က တဂါလံ ၂၅၀၀ ကျပ်က အခုဆို ၃၄၅၀ ကျပ်နဲ့ ကုမ္ပဏီကနေ ဝယ်ယူနေရတယ်” ဟု မော်လမြိုင်မြို့တွင် ဓာတ်ဆီရောင်းနေသူ ကိုမင်းမင်းက ပြောသည်။

ဓာတ်ဆီအဖြူတစ်ဂါလံ ၃၂၀၀ ကျပ်ရှိရာမှ ယခု ၄၄၅၀ ကျပ်ထိဈေးမြင့်တက်သွားပြီးတပြိုင်နက် ထိုင်းနိုင်ငံမှတင်သွင်းလာသည့် ဓာတ်ဆီအနီ၊ ဓာတ်ဆီအဝါတို့သည်လည်းတစ်ဂါလံ၂၇၀၀ ကျပ်မှ ၃၄၀၀ ကျပ်အထိ ဈေးတက်သွားခဲ့သည်။

-“မနေ့က ဓာတ်ဆီသွားဝယ်တာ တဂါလံ ၃၆၀၀ ကျပ် ဖြစ်သွားတယ်၊ ဆိုင်ရှင်တွေပြောတာက ရန်ကုန်လို မန္တလေးလို မြို့ကြီးတွေ ဈေးတက်လို့ နယ်တွေဘက်မှာလည်း ဈေးတက်သွားတာပဲ” မော်လမြိုင်မြို့ခံတဦးက ပြောသည်။

ယခုကဲ့သို့ ဓာတ်ဆီဈေးအဆမတန် မြင့်တက်သွားသည့်အတွက် ကုန်ပစ္စည်းတင်ဆောင်သည့်ကားခလည်း မြင့်တက်သွားကြောင်း သိရသည်။ ယခင်က ဆန်တအိတ် ကားခ ၈၀၀ ကျပ် ပေးဆောင်ခဲ့ရာမှ ယခု ၉၀၀ ကျပ်ဖြစ်သွားကြောင်း ကုန်သည်တွေက ပြောသည်။

လွန်ခဲ့သည့် ၂၀၁၀ ခုနှစ် ဇွန်လကစပြီး အစိုးရပိုင်ဓာတ်ဆီအရောင်းဆိုင်များကို ပုဂ္ဂလိကပိုင်အဖြစ် ရောင်းချလိုက်ပြီးနောက်ပိုင်း ဓာတ်ဆီ ဈေးတဂါလံလျှင် ၂၅၀၀ ကျပ်ဖြင့် ဈေးနှုန်းသတ်မှတ်ခဲ့သည်။

နေပြည်တော်စွမ်းအင်ဝန်ကြီးဌာနတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့က စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံပွဲတွင် ဝန်ကြီးက ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များကို သတ်မှတ်ဈေးနှုန်းဖြင့် ဓာတ်ဆီ ရောင်းချ သည့်စနစ်အစား နှုန်းရှင်ဖြင့် ရောင်းချခွင့်ပြုမည်ဟု တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။

လက်ရှိနှုန်းဖြင့် ဓာတ်ဆီရောင်းချပေးနေချိန်တွင် ပြင်ပဈေးကွက်၌ ဓာတ်ဆီအရောင်းအဝယ်များ ပျောက်မပျောက် စွမ်းအင်ဝန်ကြီးဌာနက ဆက်လက်စီစစ်သွားမည်ဟု ပြည်တွင်းထုတ် (The Voice Weekly) ဂျာနယ်တွင် ဖော်ပြထားသည်။

No comments: