Monday, January 23, 2012

တိုင်းလျဲန် အမျိုးသားများ နိုင်ငံရေး ပါတီ မှတ်ပုံတင်လျှောက်

သျှမ်းသံတော်ဆင့်


သျှမ်းဗမာဟု လူသိ များသော ကချင်ပြည် နယ်နှင့်စစ် ကိုင်းတိုင်း အတွင်းရှိ သျှမ်းမျိုး နွယ်ဝင်များ ထူထောင် သည့် တိုင်းလျဲန်(သျှမ်းနီ) အမျိုး သားများ ဖွံ့ဖြိုး တိုးတက် ရေးပါတီ TNDP ကို ယခုလ ၂၀ ရက်နေ့က ပါတီ ထောင်ခွင့် မှတ်ပုံတင် လျှောက်ထား လိုက်ကြောင်း သိရ သည်။

ကချင်ပြည်နယ် မိုးကောင်း ၊ မိုးညှင်း ၊ ဖားကန့် ၊ မြစ်ကြီးနား ၊ ဗန်းမော် စစ်ကိုင်းတိုင်း ဟုမ္မလင်း ၊ အင်းတော် ၊ ခန္တီး ၊ မုံရွာနှင့် မန္တလေး ၊ ရန်ကုန်မြို့များရှိ သျှမ်းမျိုးချစ်လူငယ် ၁၈ ဦးမှ ဦးဆောင်ကာ အဆိုပါ ပါတီကို စတင်တည်ထောင် ခဲ့ခြင်း ဖြစ်သည်။

ယခုလ ၁၉ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁ လမ်း ၆၇၊ ၆၈လမ်းကြား မဟာမြိုင် ၁ ရပ်ကွက်ရှိ ဦး စောဝင်းထွန်း၏ နေအိမ်တွင် ပါတီအမည် ရွေးချယ်ပွဲ ကျင်းပခဲ့ပြီး နောက်တစ်နေ့တွင် နေပြည်တော်ရှိ ရွေးကောက် ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားလိုက်ကြောင်း ပါတီထူထောင်သူ လူငယ်တစ်ဦးက သျှမ်းသံတော် ဆင့်သို့ ပြော သည်။

“ပထမအဆင့်ကတော့ မန္တလေးမှာ တိုင်းလျဲန် အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP (Tai Leng Nationalities Development Party) ဆိုပြီးမှ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်နေ့မှာ နေပြည်တော်မှာ မှတ်ပုံတင်လျှောက်တယ် ” ဟု အဆိုပါ သျှမ်းလူငယ်က ပြော သည်။

ပထမအဆင့် ပါတီထူထောင်ခွင့် မှတ်ပုံတင်ကျပါက ဒုတိယအဆင့်အနေဖြင့် ပါတီဖွဲ့စည်းပုံ၊ မူဝါဒ ၊ ရည်ရွယ်ချက် ၊ လိုဂို အမှတ်တံဆိပ် နှင့် အလံကိစ္စများ ဆက်လက်ညှိနှိုင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရသည်။

ပါတီအမည်အား ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းအတွင်းရှိ တိုင်းလိုင် (ခေါ်) သျှမ်းနီ အမျိုးသားရေး အမည် အခြေခံထား သော်လည်း အမျိုးသားများ ဆိုသည်မှာ ၄င်းဒေသအတွင်းရှိ တိုင်းလုံ၊ တိုင်းနေ၊ တိုင်းခမ္တီး ၊ တိုင်းလျဲန်၊ တိုင်းမောဝ် ၊ တိုင်းကဒူး - ဂဏန်း ၊ တိုင်းဆာ စသည့် မျိုးနွယ်စုဝင်အားလုံးကို ကိုယ်စားပြုကြောင်း သူကဆက်ပြောသည်။

၎င်းပါတီထူထောင်ခွင့် ရရှိလာပါက ဒေသတွင်း သျှမ်းမျိုးနွယ်ဝင်များ ဆုံးရှုံးနေသည့် အခွင့်အရေးများ ပြန်လည်ရရှိ စေရန် လူမှုစီးပွားရေး ဘဝများဖွံ့ဖြိုးတိုးတက်စေရန် အမျိုးသားရေးနိုးကြားစေရန်နှင့် အမည်အမျိုးမျိုးဖြင့် ပြန့်ကျဲနေ သော သျှမ်းမျိုးနွယ်များကို စုစည်းသွား နိုင်မည်ဟုလည်း ဆိုသည်။

“လူဦးရေသိန်းပေါင်းများစွာရှိတဲ့ သမိုင်းအရနှစ်ပေါင်းများစွာ နေထိုင်လာခဲ့တဲ့လူမျိုးတစ်မျိုးဟာ ပါတီထောင် ခွင့်ရှိ မယ်လို့ ယုံကြည် ပါ တယ်။ သျှမ်းမျိုးနွယ်စုတွေဟာ အမည်အမျိုးမျိုးနဲ့ အောက်ကျနောက်ကျဖြစ်ပြီး ပြန့်ကျဲနေတာ နှစ်ပေါင်းများစွာရှိပါပြီ။ အကယ်၍ ပါတီ ထောင်ခွင့်ရလို့ ပါတီအလံအောက်ကို ၀င်လာမယ်ဆိုရင်တော့ လူဦးရေ သိန်းပေါင်းများစွာကို ပြန်လည် စုစည်းနိုင်လိမ့်မယ်လို့ မျှော်လင့် ပါတယ် ” ဟု ဆိုသည်။

ကချင်ပြည်နယ်၌ သျှမ်းမျိုးနွယ်ဝင် လူဦးရေ ၄ သိန်းခန့်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် ၃ သိန်းကျော်ခန့် စာရင်း ကောက်ခံ ရရှိထား ပြီး သျှမ်းပြည်မှကောက်ခံသည့် စာရင်းအရ လူဦးရေသိန်း ၂၀ ခန့်ရှိကြောင်း သိရသည်။

ယခင်သျှမ်းစော်ဘွားများ နေထိုင်ခဲ့သည့် စစ်ကိုင်းတိုင်း ကောလင်း - ၀န်းသို(ဝိန်းဆေ)နယ် ရှိ သျှမ်းလူမျိုးများမှာ ယနေ့တွင် လုံးဝနီးပါး တိမ်ကောပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း သိရသည်။

No comments: