Monday, January 9, 2012

ကုလားတန်မြစ်ကြောင်း ထိန်းသိမ်းရေး ပညာပေးဟောပြောပွဲ စစ်တွေတွင် ပြုလုပ်

နိရဉ္စရာ


သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကုလားတန်မြစ် ဘက်စုံ စီမံကိန်း ပညာပေး ဟောပြောပွဲ တရပ်ကို ဇန္န၀ါရီ ၆ ရက်နေ့တွင် စစ်တွေမြို့ ဦးဥတ္တမ ခန်းမဆောင်၌ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

ဟောပြောပွဲအား ရန်ကုန်အခြေစိုက် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးကော်မီတီ ဥက္ကဌလည်းဖြစ် ရခိုင် စာပေ ယဉ် ကျေး မှု အသင်း ဥက္ကဌလည်းဖြစ်သည့် ဦးမောင်မောင်သိန်းဖေက ဦးဆောင်ကာ ဟောပြောခဲ့သည် ဟုသိရသည်။

ဟောပြောပွဲသို့ တက်ရောက်ခဲ့သူ လူငယ်တဦးက " ဇန္န၀ါရီ ၆ ရက်နေ့ နံနက် ၉ နာရီကနေ မွန်းတည့် ၁၂နာ ရီအထိ ဒီအခမ်းအနားကို ဆရာတော်ဦးဥတ္တမခန်းမမှာ လုပ်တာဖြစ်ပါတယ်။ အဓိက ဆွေးနွေးခဲ့တဲ့ အကြောင်း အရာကတော့ ကုလားတန် မြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး ကိစ္စကို အဓိက ဟောပြော ဆွေးနွေးတာ ဖြစ်ပါတယ်။ အိန္ဒိယ စီမံကိန်းနဲ့ပတ်သက်လို့ တက် ရောက်လာတဲ့သူတွေက မေးခွန်းတွေ မေးကြတယ်။ တချို့ နားမလည်တဲ့အစိတ်အပိုင်းကို တင်ပြကြပါတယ်" ဟု ပြောသည်။

၎င်းပြင် " ဆွေးနွေးပွဲက ရလာတဲ့ ရလဒ်တွေကို အိန္ဒိယသံရုံးကို တင်ပြမယ်။ ပြီးရင် သံရုံးက အဖြေတွေကို တောင်းခံမယ်။ ပြီးရင် တခါ ပြည်သူတွေနဲ့ ဆက်သွယ်ပြီး ဘယ်လို လုပ်သွားမှာဆို ဆက်ဆွေးနွေးမှာ ဖြစ်ပါတယ်" ဟုသူက ပြောသည်။

အဆိုပါအဟောပြောပွဲအခမ်းအနားသို့ လူပေါင်း ၁၀၀ ကျော်တက်ရောက်သည်။

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကုလားတန်မြစ်ဘက်စုံ စီမံကိန်း ပညာပေး ဟောပြောပွဲများကို ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် ပလက်ဝမြို့တို့တွင် ဇန္န၀ါရီလ ၆ ရက်နေ့မှ ၉ရက်နေ့ထိ ဆက်လက် ပြုလုပ်သွားမည်ဟု သိရသည်။

၂၀၀၈-ခုနှစ်အတွင်းက နှစ်နိုင်ငံ အစိုးရသဘောတူညီချက်အရ ကုလားတန် မြစ်ကြောင်း ဘက်စုံ စီမံကိန်းကို ၂၀၁၃-ခုနှစ်တွင် အပြီး သတ်လုပ် ဆောင်မည်ဟု သိရသည်။

မြန်မာနိုင်ငံသို့ ၂၀၁၁-ခု ဇွန်လအတွင်းက သုံးရက်ကြာလာရောက်ခဲ့သည့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S.M. Krishna သည် ၎င်း၏ ခရီး စဉ်အတွင်း စီမံကိန်း အကောင် အထည်ဖော်ရေး အတွက် မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင် နှင့်နေပြည်တော်တွင် ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံသည် ကုလားတန်စီမံကိန်းတွင်ပါဝင်သော စစ်တွေရေနက်ဆိပ်ကမ်းတည် ဆောက်ရေး စီမံကိန်း၊ ကျောက်ဖြူမြို့မှ တရုတ် နိုင်ငံသို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက် ရေးလုပ်ငန်းများ၊ ရေးအားလျှပ်စစ်စီမံကိန်း တချို့နှင့် ရွှေသဘာဝ ဓါတ်ငွေ့ စီမံကိန်း တို့တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး မြန်မာမှ သဘာဝ ဓါတ်ငွေ့ကို ၀ယ်ယူနိုင်ရေး အတွက် ကြိုးပမ်းနေသည်။

အိန္ဒိယနိုင်ငံသည် တရုတ်၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့ ပြီးလျှင် မြန်မာနိုင်ငံ၌ စတုတ္ထမြောက် ရင်းနှီးမြုပ်နှံမူ အများဆုံး ပြုလုပ်ထားသည့် နိုင်ငံဖြစ်သည်။

No comments: