Tuesday, January 10, 2012

ထားဝယ် ကျောက်မီးသွေးစက်ရုံ စီမံကိန်း ရပ်မည်

ခင်ဦးသာ on January 10, 2012


တနင်္သာရီတိုင်း ထားဝယ်ဒေသ၌ တည်ဆောက်ရန် စီစဉ်နေသော မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် ကျောက်မီးသွေးစက်ရုံ စီမံကိန်အား ရပ်ဆိုင်းတော့မည်ဟု အမှတ် ၂ လျှပ်စစ်စွမ်းအား ၀န်ကြီး ဦးခင်မောင်စိုးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆို လိုက်သည်။

ထိုစီမံကိန်းသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်ပြီး ဒေသခံ ပြည်သူများအတွက် အကျိုးမရှိဟုဆိုကာ ဒေသခံပြည်သူ များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားနေသူများက ဆန့်ကျင် ကန့်ကွက်ခဲ့ပြီးနောက် ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

မဂ္ဂါဝပ် ၄၀၀၀ ထွက်မည့် စီမံကိန်းနှင့် မဂ္ဂါဝပ် ၄၀၀ ထွက်မည့်စီမံကိန်းတို့ကို ထိုင်းကုမ္ပဏီများနှင့် မြန်မာအစိုးရတို့က တည်ဆောက်ရန် စီစဉ်နေခြင်းဖြစ်ရာ မဂ္ဂါဝပ် ၄၀၀၀ ထွက်မည့် စီမံကိန်းကို ရပ်မည်ဖြစ်ပြီး မဂ္ဂါဝပ် ၄၀၀ ထွက်မည့် စီမံကိန်းအား လုပ်ကိုင်ရန် သင့် မသင့် စဉ်းစားမည်ဟု ဦးခင်မောင်စိုးက သတင်းထောက်များကို ပြောဆိုခဲ့ကြောင်း သိရသည်။

စီမံကိန်း ရပ်ဆိုင်းလိုက်ခြင်းနှင့် ပတ်သက်၍ ထားဝယ်ဒေသခံ Green Development အဖွဲ့မှ ကိုလေးလွင်က “ရပ်ဆိုင်းတာကို ကျနော်တို့က ကြိုဆိုပါတယ်။ ကျောက်မီးသွေးဆိုရင် ၄၀၀၀ တို့၊ ၄၀၀ တို့မပြောပါနဲ့ ၄ မဂ္ဂါဝပ်တောင် မလိုချင်ပါဘူး။ ကျနော်တို့ ဒေသအတွက် ဘာမှမလိုပါဘူး” ဟု ဆိုသည်။

ရှမ်းပြည်နယ်အတွင်း တည်ဆောက်ထားသည့် ၁၂၀ မဂ္ဂါဝပ်ရရှိသည့် တီဂျစ် ကျောက်မီးသွေး စက်ရုံမှ ထွက်သော ကျောက်မီးသွေး အမှုံများကြောင့် ဒေသခံများမှာ ကြီးမားသော ဆိုးကျိုးကို ခံစားနေကြရသည်ဟု ၎င်းက ရှင်းပြသည်။

“တီဂျစ်စက်ရုံက တရက်ကို ကျောက်မီးသွေးပြာ တန် ၁၀၀၊ ၁၅၀ လောက်နေ့တိုင်းထွက်နေတယ်။ ဒေသခံတွေ သောက်သုံးရေ သုံးလို့မရဘူး၊ အရေပြားရောဂါတွေ ဖြစ်ပြီး ကျန်းမာရေးတွေ ထိခိုက်နေကြတယ်။ ဒါတွေကို ကျနော်တို့ ဒေသခံတွေ သိအောင် အသိပညာပေးတာမျိုး ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမှာပါ” ဟု ကိုလေးလွင်က ဆိုသည်။

ကျောက်မီးသွေးစက်ရုံ စီမံကိန်းများအား ထိုင်းနိုင်ငံတောင်ပိုင်းဒေသ၌ တည်ဆောက်ရန် ထိုင်းအစိုးရက စီစဉ်ခဲ့သော်လည်း ထိုင်းဒေသခံများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည့် အတွက် မြန်မာနိုင်ငံ၌ တည်ဆောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ထိုစီမံကိန်းများအား ထိုင်းနိုင်ငံတွင် တည်ဆောက်ရန် မသင့်တော်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း အဖီဆစ် ဝေ့ ချာချီဝက ၎င်းဝန်ကြီးချုပ် တာဝန်ယူခဲ့စဉ် ၂၀၁၀ ပြည့်နှစ်က ရေဒီယို အစီအစဉ်မှတဆင့် နိုင်ငံသို့ ပြောဆိုခဲ့သည်။

၎င်းက “တချို့စက်မှုလုပ်ငန်းတွေဟာ ထိုင်းနိုင်ငံအတွင်းမှာ မလုပ်သင့်တော့ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံဘက်ကို ပြောင်း ပြီးတော့ လုပ်ဆောင်ဖို့ ဆုံးဖြတ်ရတာပါ” ဟု ဆိုခဲ့ဖူးသည်။

မဂ္ဂါဝပ် ၄၀၀၀ ထွက်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံ စီမံကိန်းသည် ထိုင်းတနိုင်ငံလုံး ကာဗွန် ထုတ်လုပ်မှု၏ ထက်ဝက်ခန့် ရှိသည်ဟု မြန်မာမီဒီယာများက ရေးသားဖော်ပြခဲ့ကြသည်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် တခြားသော စက်ရုံ အလုပ်ရုံ စီမံကိန်းများအား ထိုင်းနိုင်ငံ Italian-Thai ကုမ္ပဏီမှ ဦးဆောင်ပြီး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၄ ရက်နေ့ကလည်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုလှုပ်ရှားမှု တခုကို ထားဝယ်ခရိုင် မောင်းမကန်
ကမ်းခြေ၌ ဒေသခံများက လုပ်ဆောင်ခဲ့ကြသည်။

မြန်မာအစိုးရ အနေဖြင့် ထားဝယ်ဒေသအား ဖွံ့ဖြိုးတိုးတက်စေလိုပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိသည့် တခြားသော နည်းလမ်းများ အသုံးပြု၍ ဆောင်ရွက်သင့်ကြောင်း ကိုလေးလွင်က ပြောသည်။

No comments: