Friday, January 13, 2012

စစ်တပ်က ကေအိုင်အေနဲ့ နီးစပ်သူဟု စွပ်စွဲ ခေါ်ဆောင်သွားသူကို ပြန်မလွှတ်သေး

ကို​ထွေး

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲများအတွင်းမှာ စစ်တပ်က ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေနဲ့ ပတ်သက် လို့ ဆိုပြီး စွပ်စွဲဖမ်းဆီးထားတဲ့ မြစ်ကြီးနားမြို့နယ် တာလောကြီး ရွာက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဂမ်ဆိုင်းကို ဖမ်းဆီးထားတာ ၈ ရက် ကြာပြီ ဖြစ်ပေမယ့် ပြန်မလွှတ်ပေးသေးတဲ့အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်လျက်ရှိနေတယ်လို့ သိရပါတယ်။

ဇန်န၀ါရီလ ၅ ရက်နေ့က မြစ်ကြီးနားမြို့နယ် တာလောကြီးရွာက အုပ်ချုပ်ရေးမှူး ဦးဂမ်ဆိုင်းနဲ့ အိမ်နီးနားချင်း တဦးကို ကေအိုင်အေနဲ့ ပတ်သက်တယ်ဆိုပြီး ခလရ (၃၇) က ဖမ်းဆီးသွားခဲ့ပေမယ့် အခုထိ အဆက်အသွယ် မရသေးတဲ့အတွက် စိတ်ပူနေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဦးဂမ်ဆိုင်းနဲ့ အတူ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အိမ်နီးနားချင်းက ထွက်ပြေးခဲ့လို့ အခြေအနေကို ပိုဆိုးသွား စေတယ်လို့ ဇနီးဖြစ်သူ ဒေါ်မာခေါန်က ပြောပါတယ်။

“အပြစ်မရှိလို့သာ နေနေတာ၊ တရွာလုံးလိုလို ကေအိုင်အေဘက်ကလည်း ခေါ်ရင် ကျမ ယောက်ျားကလည်း ရပ်ကွက်မှူးဆိုတော့ သွားရ တာပါ၊ မသွားရင် လက်နက်ကိုင်ဆိုတော့ ကြောက်တယ်လေ။ နှစ်ဖက်စလုံးကို ကြောက်ပြီးမှ နေ နေတာလေ၊ ခေါ်သွားတာ ဘာအ ကြောင်း အရင်းမှလဲ မသိရဘူး၊ ကျမတို့ကို တွေ့ခွင့်လဲမပေးဘူး၊ ထမင်းလည်း မပို့ခိုင်းဘူး၊ ကျမကို တွေ့ခွင့်မပေးရင်တောင်မှ ကျေးရွာ အုပ်ချုပ်ရေးမှူးကို တွေ့ခိုင်းရင်တော့ စိတ်ချမ်းသာတာပေါ့နော်။”

သူကိုယ်တိုင် စစ်တပ်မှာ သွားရောက် စုံစမ်းတဲ့အခါမှာလည်း ခင်ပွန်းသည်နဲ့ တွေ့ခွင့်မပေးတဲ့အပြင် တပ်ဖွဲ့က ခေါ်ဆောင်သွားတာ မဟုတ်ဘူးဆိုပြီး ငြင်းနေတယ်လို့ ပြောပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိ ဦးဂမ်ဆိုင်းကို ဖမ်းဆီးစဉ်က ဇနီးဖြစ်သူနဲ့ အသက် ၅ နှစ်နဲ့ ၇ လအရွယ်ရှိကလေး နှစ်ယောက်က မြစ်ကြီးနား မြို့ပေါ်က ဒုက္ခသည် စခန်းမှာ ဒီဇင်ဘာလကတည်းက ခိုလှုံနေတာပါ။

စစ်ပွဲကြောင့် တာလောကြီးရွာမှာ လက်နက်ကြီးများ ထိမှန် ပေါက်ကွဲမှုကြောင့် လူသေဆုံးမှုရှိခဲ့တာကြောင့် အခုလို သွားရောက် ခိုလှုံ နေတာ ဖြစ်တယ် လို့ ဒေါ်မာခေါန်က ပြောပါတယ်။

ရွာမှာ ကျန်ရစ်သူတွေရဲ့ ပြောပြချက်အရ ဦးဂမ်ဆိုင်းသတင်းကို သိရပြီး စုံစမ်းဖို့ အရဲကိုးပြီး ရွာပြန်လာပေမယ့် စုံစမ်းလို့မရ ဖြစ်နေပြီး တော့ အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

“ကျမတို့ ကချင်ရွာမှာ တယောက်မှ မရှိဘူး၊ ရပ်ကွက် အုပ်ချူပ်ရေးမှူးကို ဖမ်းသွားတယ်ဆိုတော့၊ အခုဆိုရင် အိမ်နီးနားချင်းလည်း တယောက်မှမရှိဘူး၊ အားလုံးထွက်ပြေးကုန်ပြီ၊ ကျမက တယောက်တည်း၊ ကလေးအငယ်နဲ့ ညဆို တိတ်ဆိတ်နေတာပဲ၊ ကလေးနဲ့ နှစ်ယောက်တည်း။ စစ်သားတွေလည်း ကင်းလှည့်နေတယ်၊ ပြီးတော့ သတ်များ သတ်လိုက်ပြီလား ဘယ်လောက် နှိပ်စက်နေလဲ တွေးမိတယ်။ ကျမကို ကူညီမယ့်သူလည်း ဘယ်သူမှ မရှိဘူး။”

အရင်ကလည်း စစ်တပ်က သားသည်အမေ ကချင်အမျိုးသမီး တဦးကို ကေအိုင်အေနဲ့ ပတ်သက်တယ်ဆိုပြီး ခေါ်ဆောင်သွား ခဲ့ဖူးပါ တယ်။ လူမှုရေး လှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမယ့်လည်း ဖမ်းဆီးထားတဲ့ အမျိုးသမီးဟာ ကချင် လွတ်မြောက်ရေး တပ်မတော်နဲ့ နီးစပ်လို့ ဖမ်းထားတာ ဖြစ်တယ်လို့ အစိုးရပိုင်သတင်းစာတွေက တုံ့ပြန် ရေးသားခဲ့ဖူးပါတယ်။

ဇွန်လမှစတင်ပြီး ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်နေတဲ့ အစိုးရစစ်တပ်က ဒေသခံအရပ်သားတွေကို အနိုင်ကျင့် နှိပ်စက် နေတယ် လို့ လည်း အောက်တိုဘာလတုန်းက လူ့အခွင့်အရေးအဖွဲ့တွေက ပြောဆိုခဲ့ဖူးပါတယ်။

No comments: