အေးနိုင်
ရခိုင်ကမ်းလွန်က သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်သားတွေကို ပမာဏအနည်းငယ်ပေးဖို့ ပြည်ထောင်စုအစိုးရက သဘောတူစာချုပ် ချုပ်ဆိုလိုက်တာကြောင့် လျှပ်စစ်မီးမရရှိဘဲ ဈေးကြီးမြင့်နေတဲ့ ရခိုင်ဒေသမှာ မီးလင်းလာဖွယ်ရှိပြီး ဖွံ့ဖြိုးမှုလမ်းကြောင်း စတင်တော့မှာဖြစ်ပါတယ်၊
ရှေ့လာမယ့်နှစ်ကုန်ပိုင်းကျရင် ရခိုင်ကမ်းလွန်ထွက် သဘာဝဓာတ်ငွေ့တွေ တရုတ်ပြည်ကို ပိုက်လိုင်းနဲ့ တင်ပို့တဲ့အခါကျရင် သဘာဝဓာတ်ငွေ့ ပမာဏ အနည်းငယ်ကို ရခိုင်ဒေသသုံးဖို့ ရရှိတော့မှာပါ။
ပြည်ထောင်စုအစိုးရ စွမ်းအင်ဝန်ကြီးဌာနနဲ့ ကိုရီးယား ဒေဝူးကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုစဉ် အဲဒီ အချက်ကို ထည့်သွင်းချုပ်ဆိုခဲ့တယ် ဆိုတဲ့အချက်ကို အခုလ ၂ ရက်နေ့က စွမ်းအင်ဝန်ကြီးဌာနကို မေးမြန်းရာမှာ သိခဲ့ရတယ်လို့ ပြည်တွင်းထုတ် ပေါ်ပြူလာနယူးစ်ဂျာနယ်ရဲ့ သတင်းထောက်ချုပ် ကိုမိုးမြင့်မြတ်က ပြောပါတယ်။
“စွမ်းအင်က တယောက်ကို ကျနော့်တို့ ဆက်သွယ်ပြီးတော့ရတာပါ။ ဘယ်လောက်ပေးမယ်ဆိုတာတော့ မပါဘူး။ စာချူပ် ချုပ်တဲ့ရက်ကို ကျနော်တို့ အသေးစိတ်မရဘူးဗျ။ ကျနော်တို့ဆီကတော့ နှစ်ရက်နေ့လောက်က သိရတယ်။”
ပေါ်ပြူလာနယူးစ်ဂျာနယ်ကို စွမ်းအင်ဝန်ကြီးဌာနက ဒီသတင်းမပြောခင်မှာ ဒီလ ၁ ရက်နေ့ညက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ရခိုင်ကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ကို ရခိုင်ပြည်နယ်သားတွေလည်း ခံစားခွင့်ရှိတယ်ဆိုတာကို ကျောက်ဖြူမြို့နယ်မှာ လူထုတွေ့ဆုံရှင်းလင်းပွဲတခု လုပ်ခဲ့ပါသေးတယ်။
ဒါကြောင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်လည်း ဒီတွေ့ဆုံပွဲမှာ ရောက်ရှိ ပြောကြားခဲ့တာကြောင့် ဒေါက်တာအေးမောင်ကို သဘာဝဓာတ်ငွေ့ ပမာဏအနည်းငယ် ပေးမယ်ဆိုတဲ့ သတင်းအပေါ် မေးမြန်းရာမှာ သူက ကြိုဆိုလိုက်ပါတယ်။
“၂၀၁၃ မေမှာ တရုတ်ရေနံဂက်စ်ပိုက်လိုင်းက စတင် ဆောင်ရွက်တော့မှာလေ။ တပြိုင်တည်း လုပ်ပေးမယ့် သဘောထင်ပါတယ်။ အဲဒါမျိုးဆိုရင်တော့ လူထုကလည်း လက်ခံနိုင်တဲ့ အတိုင်းအတာ ရှိသွားနိုင်တာပေါ့လေ။ လာမယ့် ၂၀၁၂-၁၃ ဘတ်ဂျက်က လာမယ့်ဧပြီလမှာ စဖြစ်တော့မှာကိုး။ ဆိုတော့ အဲဒီကစပြီးတော့ အခြေခံအအောက်အအုံပိုင်း လုပ်ပေးရတော့မှာပေါ့။ အစီအစဉ်ရှိတယ်ဆိုရင်လေ။ ဥပမာဆိုပါစို့ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တာဝါတိုင်ကြီးတွေဆောက်တာတို့ ပေါ့ဗျာ။ အဲဒီကစပြီး လုပ်ပေးနိုင်မယ်။ နှစ်စဉ်နှစ်တိုင်း လူထုက တောင်းတာပြောတာထက် လုပ်ပေးတယ်ဆိုတဲ့ အသိလေး ဝင်သွားတဲ့အခါကျတော့ ပြည်ထောင်စု ပိုခိုင်မြဲတာပေါ့။”
ရခိုင်ဒေသကို ပြည်နယ်ထွက်သယံဇာတ ပမာဏအနည်းငယ်ပေးရေး သဘောတူချက်ဖြစ်မလာခင်ကတည်းက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီအမတ်တွေဟာ လွှတ်တော်တွေမှာ အကြိမ်ကြိမ် တင်ပြ တောင်းဆိုခဲ့ကြပြီး သက်ဆိုင်ရာက ငြင်းပယ်ခဲ့ပါတယ်။
အခုလ ၁ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဦးဆောင်ပြီး လူထုတွေ့ဆုံပွဲကို ရည်ညွန်းခဲ့တာပါ။
အဲဒီ လူထုတွေ့ဆုံပွဲမှာ ရခိုင်ဒေသထွက် သဘာဝဓာတ်ငွေ့ကို ပြည်နယ်သားတွေ အကျိုးမခံစားရတာတွေ၊ ရန်ကုန်မြို့မှာ မီတာ ၁ ယူနစ် ၂၅ ကျပ်ပေးရချိန် ရခိုင်ပြည်နယ်မှာ ကျပ်ငွေ ၅၀၀ ထိ အဆ ၂ဝလောက် ဈေးကြီးတာတွေ၊ လျှပ်စစ်မီး မရလို့ ဖွံ့ဖြိုးရေးမှာ နောက်ကျ ကျန်ရစ်တာတွေကို ပြောဆိုခဲ့ပြီး ရခိုင်ပြည်နယ်ထွက်သယံဇာတကို ရခိုင်ပြည်သားတွေ ခံစားချင်တယ်လို့ ပြည်ထောင်စုအစိုးရကို အသိပေးခဲ့ပါတယ်။
ဒေါက်တာအေးမောင် အဆိုအရ သမ္မတရဲ့ မြစ်ဆုံရေကာတာ ဆိုင်းငံ့တဲ့ သဝဏ်လွှာအပြီးမှာ သမ္မတ ဦးသိန်းစိန်ရဲ့ အားကိုးရတဲ့ ဝန်ကြီးတချို့နဲ့ အကြိမ်ကြိမ် ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဝန်ကြီးတွေက ရခိုင်ပြည်သူတွေကို ကိုယ်ချင်းစာသလို တရုတ်နဲ့လုပ်နေရတဲ့ လုပ်ငန်းတွေရဲ့ အကျိုးအာနိသင်၊ စာချုပ်တွေပေါ်မှာ လိုက်နာ စောင့်စည်းရမယ့် နိုင်ငံတော်တရပ်ရဲ့ တာဝန်ဝတ္တရားတွေကို ဆွေးနွေးဖြစ်ခဲ့ပြီးနောက် ဒီဒေသက ထွက်တဲ့ သယံဇာတထဲက ရာခိုင်နှုန်း တချို့ခံစားခွင့်ပေးသင့်တယ်၊ ပေးရမယ်ဆိုတာကို သဘောတူကြတယ်လို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။
No comments:
Post a Comment