Thursday, January 5, 2012

လွတ်လပ်ရေးနေ့ ၆၄ နှစ်ပြည့်ချိန် မြန်မာ အစိုးရ KIO ကို တိုက်ခိုက်ဆဲ

KNG


စစ်အုပ်ချုပ် ရေးမှ အရပ်သား စနစ်သို့ စီစဉ် ထားသည့် အတိုင်း ဖြစ်လာသော မြန်မာ အစိုးရက ၆၄ နှစ်မြောက် လွတ်လပ်ရေး နေ့ကို ကျင်းပ နေချိန် အစိုးရ တပ်က လွတ်လပ်ရေး ရရန်ကြိုး ပမ်းခဲ့သည့် ကချင် အမျိုး သားများကို စစ်ရေးဖြင့် တိုက်ခိုက် နေဆဲဖြစ်သည်။

ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) အား မြန်မာ အစိုးရတပ်က စစ်အင်အား ထောင်ပေါင်း များစွာဖြင့် ထိုးစစ်ကြီး ဆက်တိုက် ဆင် နေခြင်းကြောင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည် နယ်ရှိ ပြည်သူများ လွတ်လပ်ရေး နေ့အခမ်း အနား ကျင်းပခွင့် မရခဲ့ကြောင်း ကချင် သတင်း ဌာနက စုံစမ်း သိရသည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ လွတ်လပ်ရေး နေ့ သ၀ဏ်လွှာတွင် “တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပေါ်” ဦးထိပ်ထား သော် လည်း ၎င်း၏ အစိုးရမှ ပင်လုံ စာချုပ်ပေါ် အခြေခံကာ နှစ်ဖက်ကြား စစ်မှန်သော နိုင်ငံရေး ဆွေးနွေးရန် တချိန်လုံး တောင်းဆို နေသည့် KIO အား ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင်၊ မြစ်ကြီး နားမြို့နယ်၊ ၀ိုင်းမော်မြို့ နယ်နှင့် ပူတာအို ခရိုင်များတွင် သာမက ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ္မတူနှင့် မူဆယ်မြို့နယ်များတွင် ထိုးစစ် ဆင်နေပါသည်။

ယခုချိန် မြန်မာ့ တပ်မတော်က တပ်ရင်း ၁၃၀ ကျော်ဖြင့် KIO အား တိုက်ခိုက်နေပြီး ယင်းသည် အနှစ် ၂၀ အတွင်း အစိုးရတပ်၏ အကြီး ဆုံး ထိုးစစ်ဖြစ် သည်ဟု KIO အရာရှိများက ဆိုထားသည်။

ပြီးခဲ့သည့် နှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် သမ္မတ ဦးသိန်းစိန် အစိုးရက ကချင်ပြည် နယ်တွင် ထိုးစစ် ရပ်တံ့ရန် ညွှန်ကြား ခဲ့သော်လည်း စစ်တပ် သည် KIO အား ဆက်လက် တိုက်ခိုက် နေဆဲဖြစ်သည်။

စစ်ပွဲ၏ ရလဒ်အဖြစ် ပြည်သူ ၅၀၀၀၀ ကျော် နေရပ်စွန့်ခွာကြရကာ အများစုသည် KIO ထိန်းချုပ်နယ်မြေ တရုတ်နယ်စပ်တစ်လျှောက် တိမ်းရှောင်နေထိုင်ကြသည်။ ယခုချိန်ထိ ဒုက္ခသည်အများစုမှာ နိုင်ငံတကာ၏ အကူအညီ မရရှိကြသေးပါ။

ဒီဇင်ဘာ ၁၂ ရက်တွင် ကုလသမဂ္ဂ က ၎င်း၏ မြန်မာနိုင်ငံသားဝန်ထမ်း ၅ ဦး ကို ရန်ကုန်မှ KIO ဗဟိုဇာဌာနချုပ် လိုင်ဇာသို့ ပထမဆုံး လေ့လာရေးခရီးစေလွှတ်ခဲ့သော်လည်း ၎င်းနောက် အရေးပေါ်လိုအပ်နေသည့် ဒုက္ခသည်ကယ်ဆယ်ရေး ပစ္စည်းများ ကူညီပေးခြင်း မရှိသေးကြောင်း KIO ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာဒွဲပီဆာ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ စစ်အစိုးရမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၏ အရပ်ဝတ်လဲစစ်အစိုးရသို့ အသွင်ပြောင်းပြီး ၃ လအကြာ မြန်မာအစိုးရတပ်နှင့် KIO ကြား စစ်ပွဲဖြစ်ပွားလာကာ ၁၇ နှစ်ကြာ အပစ်အခတ်ရပ်ဆိုင်းရေး ပျက်ပြားခဲ့သည်။

ပြည်ထောင်စု မြန်မာ နိုင်ငံ လွတ်လပ်ရေး မရခင် တနှစ်အလို ၁၉၄၇ ခုနှစ်တွင် ဗမာ တိုင်းရင်းသား ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်း နှင့် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသား ခေါင်းဆောင် များသည် တိုင်းရင်းသား များကြား နိုင်ငံရေး တန်းတူ အခွင့်အရေး ပါရှိသည့် ပင်လုံ စာချုပ်ကို လက်မှတ်ရေး ထိုးကာ လွတ်လပ်ရေး ရှိခဲ့ သော်လည်း ယနေ့ အထိ နိုင်ငံတော် အာဏာအား ဗမာလူမျိုး တမျိုးတည်းသာ ချုပ်ကိုင် ထား ဆဲဖြစ်သည်။

ယင်းကြောင့် ကချင်အမျိုးသားများ မိမိတို့၏ နိုင်ငံရေးတန်းတူအခွင့်အရေးအတွက် ၁၉၆၀ ခုနှစ်တွင် KIO အား ထူထောင်ကာ စစ်ရေး၊ နိုင်ငံရေး နည်းလမ်းနှစ်သွယ်ဖြင့် တော်လှန်ရေး စတင်ခဲ့သည်။

No comments: