Thursday, January 12, 2012

KNU နှင့် အစိုးရ ကိုယ်စားလှယ်များ အပစ်ရပ် လက်မှတ်ထိုးတော့မည်

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၂

ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ကိုယ်စားလှယ်များ လေးကြိမ်မြောက်တွေ့ဆုံ ဆွေးနွေးမှုမှ အပစ်အခတ် ရပ်ဆိုင်းရေး လက်မှတ်ရေးထိုးရန် ကြာသပတေးနေ့ မွန်းလွဲပိုင်းတွင် စီစဉ်နေပြီဖစ်သည်။

“မနက်က ၉ နာရီကနေ ၁၀ နာရီခွဲထိ တကြိမ်တွေ့ပြီးတော့ ခဏနားတယ်။ သူတို့ဖာသာ ပြန်အကြံယူကြတယ်။ ၁၁ နာရီကျော်မှာ အစည်း အဝေး ပြန်ဝင်တယ်။ အပစ်အခတ် ရပ်ဆိုင်းရေး စာချုပ်ချုပ်ဖို့ စာရိုက်နေတယ်” ဟု လည်းကောင်း အစည်းအဝေးသို့ သွားရောက် သတင်း ယူနေသော သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။

KNU စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တွင် ၁၉ ဦး ပါဝင်ပြီး အစိုးရ ရထားဝန်ကြီး ဦး အောင်မင်း ဦးဆောင်သော အဖွဲ့များတွင် လူဝင်မှုဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်းတို့လည်း ပါဝင်သည်။

ဆက်စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်များအဖြစ် ဦးတင်မောင်သန်း၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ ကျော်ရင်လှိုင်တို့ ပါဝင်သည်။

“KNU ဘက်က တောင်းဆိုချက်အားလုံးကို မူအားဖြင့် သဘောတူတယ်လို့ အစိုးရဘက်မှ ပါလာတဲ့ ဝန်ကြီး အကုန်လုံးက ပြောတယ်။ နှစ်ဘက်သဘောတူညီချက်က အပစ်အခတ် ရပ်ဆဲမယ်။ ဆက်ဆံရေးရုံးတွေ ဖွင့်ခွင့်ပေးမယ်။ လက်နက်မပါဘဲ ဟိုဘက်ဒီဘက် သွား လာခွင့်ပေးမယ်။ ကျန်တာကို ဗဟိုအဆင့် ဆက်လက် ဆွေးနွေး မယ်ဆိုတဲ့ အချက် ၄ ချက်ကို ချုပ်မယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယနေ့တွေ့ဆုံမှုထဲတွင် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းများနှင့် ကရင်ပြည်နယ်များမှ သက်ဆိုင်ရာ တိုင်းမှူးများနှင့် နယ်စပ် လုံခြုံ ရေးရာ ဝန်ကြီးများလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

“လုံခြုံရေးဝန်ကြီးတွေ ပါတယ်။ ဘာကြောင့်လဲ မေးတော့ နှစ်ဦးနှစ်ဘက် ယုံကြည်မှုရှိအောင်၊ ပြီးတော့ အောက်တွေ ကိုလည်း အသိပေး ထားတဲ့သဘော၊ တိုင်းစစ်ဌာနချုပ်က G1 တွေ အကုန်လုံးပါတယ်” ဟု ယနေ့ ညနေပိုင်းတွင် KNU ကိုယ်စားလှယ်များကို မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ခေါ်ဆောင်သွားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ ညစာစာပွဲ ပြုလုပ်ပေးမည်ဟု သိရသည်။

မနက်ဖြန်တွင်လည်း ပဲခူးတိုင်း ပဲခူးဝန်ကြီးချုပ်နှင့် တွေ့ဆုံပြီးနောက် ထိုမှ မန္တလေးတိုင်း နေပြည်တော်သို့ အလည် အပတ်ခရီးစဉ်အဖြစ် ခေါ်ဆောင်သွားရန် စီစဉ်ထားသည်ဟု ဝန်ကြီးဦးအောင်မင်းက ပြောဆိုသည်ဟု ပြည်တွင်း သတင်းထောက်တဦးက ပြောသည်။

KNU ခေါင်းဆောင် မန်းငြိမ်းမောင်ကို ပြန်လွှတ်ပေးရေးကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တင်ပြမည့် အစီအစဉ် ရှိသည်ဟု ဦးလှမောင် ရွှေက ပြောသည်ဟု သိရသည်။

ယနေ့ ဆွေးနွေးပွဲအပြီး နှစ်ဘက် ကိုယ်စားလှယ် ၄ ဦးဆီက သတင်းစာရှင်းလင်းပွဲ လုပ်မည်ဟု သိရသည်။

No comments: