
ဒေါ်အောင်ဆန်း စုကြည် အား CEC ဥက္ကဋ္ဌ အဖြစ် လည်းကောင်း၊ ဦးတင်ဦး အား သဘာပတိ အဖွဲ့၏ နာယက အဖြစ် လည်းကောင်း ပြောင်းလဲ တာဝန်ပေး လိုက်ကြောင်း အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် NLD ဗဟို အလုပ် အမှု ဆောင်အဖွဲ့ CEC ပုံမှန် အစည်း အဝေးမှ ဆုံးဖြတ် လိုက်သည်။
တနင်္လာ နေ့က ၂ နာရီ ခန့်ကြာ ပြုလုပ်သည့် CEC အစည်း အဝေးမှ ဆုံးဖြတ်ချက် အရ CEC အဖွဲ့ဝင် များအဖြစ် ဦးဉာဏ်ဝင်း၊ ဦးအုန်းကြိုင်၊ ဦးဟန်သာမြင့်၊ ဦးထွန်းထွန်းဟိန်း၊ ဦးဝင်းမြင့်နှင့် ဒေါ်မေဝင်းမြင့်တို့ ပါဝင်ပြီး သဘာပတိ အဖွဲ့တွင် အဖွဲ့ ဝင်များ အဖြစ် ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးညွန့်ဝေနှင့် ဦးလှဖေတို့ ပါဝင်သည်။
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီကို မှတ်ပုံတင်တဲ့အခါမှာ ပါတီရဲ့ ဖွဲ့စည်းပုံကို ကျနော်တို့ တင်ရတယ်။ သဘာပတိ ရှိမယ်။ CEC ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ပြန်လည် ဖွဲ့စည်းပါတယ်။ လက်ရှိ အခြေအနေအရ ပါတီရဲ့ အုပ်ချုပ်မှုအတွက် ပထပမ ဆုံး ပြန်လည် အတည်ပြု ဖွဲ့စည်းတဲ့ သဘောပါ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ယခင် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေမှာ ကျန်းမာရေးအရ အနားယူထားသည်မှာ ကြာပြီဖြစ်ကြောင်း ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
“ကျနော်တို့ အသက် ၈၀ ကျော်အရွယ်တွေက ကျန်တဲ့လူတွေကို နေရာဖယ်ပေးလို့ ရအောင်၊ တခြားအခန်းကဏ္ဍတွေ လုပ်နိုင်အောင် ပါတီရဲ့ သဘာ ပတိအဖွဲ့ လုပ်မယ်။ လူသစ် တွေတော့ မရွေးရ သေးဘူး”ဟု ပြောသည်။
NLD ပါတီမှာ ၁၉၈၈ စက်တင်္ဘာလအတွင်း စတင်ဖွဲ့စည်းခဲ့ပြီး ယခုကာလအထိ ပါတီညီလာခံ ကျင်းပနိုင်ခဲ့ခြင်း မရှိသေးပေ။ ယခု ခေါင်း ဆောင်မှု ပုံစံသစ်အားလည်း CEC အဖွဲ့ဝင်များကသာ ပြောင်းလဲ ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
CEC အဖွဲ့ဝင်များကို ထပ်မံ ရွေးချယ်သွားမည် ဖြစ်ပြီး ပါတီဝင် လျှောက်လွှာများကို တိုင်းနှင့် ပြည်နယ်အလိုက်ဖြန့်ဝေလိုက်ပြီ ဖြစ်သည်။
ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်သည့်နေရာ ၄၈ နေရာလုံးတွင် NLD က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ရာ နေပြည်တော် လေးနေရာတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး တနင်္လာနေ့တွင်ပင် ရန်ကုန်မြို့ ဗဟိုအောင်နိုင်ရေးအဖွဲ့များနှင့် လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်ဟု မန္တလေးတိုင်းအောင်နိုင်ရေး အဖွဲ့ဝင် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် ဒီမိုကရေစီရေးအပေါ် သစ္စာစောင့်သိသူ၊ ပညာအရည်အချင်းနှင့် အလုပ်အကိုင် အတွေ့အကြုံ ရှိသူ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် လူငယ်များကို ဦးစားပေးမည်ဟု ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ် သုံးနေရာတွင် NLD ကိုယ်စားလှယ်လောင်းအဖြစ် ဖားကန့်မြို့နယ်တွင် ဦးဒါ့ရှီလဆိုင်း၊ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်တွင် ၁၉၉၀ အနိုင်ရအမတ် ဦးထွန်းကြည်နှင့် ဗန်းမော်မြို့နယ်တွင်ပြည်နယ် စည်းရုံးရေး တာဝန်ခံ ဦးဘမြင့်ကို ရွေးချယ် ထားသည်ဟု သိရသည်။
မကွေးတိုင်း ပခုက္ကူမြို့နယ်တွင် ကိုယ်စားလှယ်လောင်းအဖြစ် စည်းကော်မတီ ဥက္ကဋ္ဌ ဦလှိုင်အေး၊ စစ်ကိုင်းတိုင်း ပုလဲမြိုကနယ်တွင် ဦးအောင်ရှင်၊ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ကိုယ်စားလှယ်လောင်း အဖြစ် ဗဟိုတရားရုံးရှေ့နေ ဦးခင်မောင်လတ်၏ အမည်စာရင်းကို တင်သွင်းထားသည်ဟု သိရသည်။
နာယက အဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင် ဦးစီး၍ “ဒီလှိုင်း” “D-Wave”စာစောင်ကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ပထမဆုံး စာစောင် အဖြစ် ဖြန်ဝေ သွားရန် ပြင်ဆင် နေကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်း စုကြည် အပါအဝင် ပြည်တွင်း ပြည်ပ ဆောင်းပါးရှင် များ၏ ဆောင်းပါးများ၊ ပါတီမူဝါဒနှင့် လှုပ်ရှားမှု သတင်းများ ထည့်သွင်း ဖော်ပြ သွားရန် စီစဉ် နေသည်ဟု ဦးဝင်းတင်က ပြောသည်။
No comments:
Post a Comment