Monday, January 16, 2012

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းအချို့အမည်စာရင်းများ NLD ထုတ်ပြန်

ရိုးမ ၃

လာမည့် ဧပြီ (၁) ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုယ်စား လှယ်လောင်းများ အမည် စာရင်း ထုတ်ပြန် လိုက်သည်။

ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ် (၂၂) ဦးအား အဖွဲ့ချုပ်ဗဟိုက ရွေးချယ်တာဝန်ပေးအပ်ကြောင်း ယမန့်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဒေါ်အောင်ဆန်းစုကြည်၊ သုံးခွမြို့နယ်မှ ဒေါ်စုစုလွင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်)မှ ဒေါက်တာမျိုးအောင်၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ မဖြူဖြူသင်း၊ လှည်းကူးမြို့နယ်မှ ဦးဖြိုးမင်းသိန်း၊ မရမ်းကုန်းမြို့နယ်မှ ဒေါက်တာမေဝင်းမြင့်တို့ ဖြစ်သည်။

ပဲခူးတိုင်း ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များအတွက် ဦးအောင်စိုးမြင့် တောင်ငူမြို့နယ်၊ ဦးစိန်ထွန်း ထန်းတပင်မြို့နယ်၊ ဦးမြင့်ဦး သနပ်ပင်မြို့နယ်၊ ဦးကျော်မင်း လက်ပံတန်းမြို့နယ်၊ အုတ်တွင်း- ထန်းတပင်မြို့နယ် အမျိုးသားလွှတ်တော် (မဲဆန္ဒနယ် အမှတ် ၇) အတွက် ဦးမင်းဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) အတွက် ကဝမြို့နယ်မှ ဦးမျိုးခိုင် တို့ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များအတွက် မဟာအောင်မြေမြို့နယ်မှ ဦးအုန်းကြိုင်၊ မိထ္တီလာမြို့နယ်မှ ဦးဝင်းထိန်တို့ဖြစ်သည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ပြည့်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဒေါ်ခင်ဌေးကြွယ်၊ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကလောမြို့မှ ဒေါက်တာဒေါ်သန်းငွေနှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၃) အတွက် လားရှိုး၊ တန့်ယန်၊ မိုင်းယယ်၊ သိန္နီ၊ ကွမ်းလုံမြို့နယ်များတွင် ဦးစိုင်းမြင့်မောင်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ပုသိမ်မြို့နယ်မှ ဦးဝင်းမြင့်၊ မအူပင်မြို့နယ်မှ ဦးဝင်းဟန်(ခ) ဦးစိန်ဝင်း၊ မြောင်းမြ မြို့နယ်မှ မန်းဂျော်နီ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၀) အတွက် ဖျာပုံ၊ ဒေးဒရဲမြို့နယ်များတွင် ဦးသိမ်းဆွေနှင့် တိုင်းဒေသ ကြီးလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) အတွက် ရေကြည်မြို့နယ်မှ ဒေါက်တာ လှမြတ်သွေးက ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အခြားလစ်လပ်လျှက်ရှိသည့် မဲဆန္ဒနယ်များအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြမည့် လွှတ် တော်ကိုယ်စားလှယ်များကိုလည်း ဆက်လက်ရွေးချယ် အသီးသီးတာဝန်ပေးအပ်သွားမည်ဖြစ်သည်။

No comments: